အတိုအထွာ ရယ်စရာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
#အခမဲ့လိုင်းကားစီးနည်း
ရွာမှာက မောင်သက် ဆိုသူ လူလည်တစ်ယောက်ရှိတယ်ဗျ... မောင်သက် နဲ့ မောင်ထွေးက သေဖော် သေဖက် သောက်ဖော် သောက်ဖက်တွေဗျို့... မောင်သက်က မန္တလေး-ရန်ကုန်-မုံရွာ-ရွှေဘို-စစ်ကိုင်း-မိုးကုတ်-တောင်ကြီး နယ်စုံလှည့်ပတ် သွားနေတတ်တယ်ဗျို့... အလုပ်ကိစ္စတွေလည်းပါသလို လူမှုရေးကိစ္စတွေလည်း ပါတယ်... မောင်သက်ကလည်း မောင်ထွေးနဲ့ ဘော်ဒါတွေဆိုတော့ ရွာမှာမအဘူးလေ... နယ်စုံ ဒေသအစုံရောက်နေတော့ ဒေသတွေအကြောင်းလည်း တော်တော် သိနေပြီလေ... ရွာမှာ မောင်သက်က မူးရင် ဟိုရမ်း ဒီရမ်းလုပ်တတ်ပေမယ့် အခြားသူတွေကို ကူညီတတ်တော့ လူခင်တော့ပေါတယ်… လူချစ်သလား မချစ်သလားတော့ မသိပါဘူး...ဟိုလူကခေါ် ဒီလူကခေါ်နဲ့ ရွာမှာ တော့ ရန်ကုန်သွားမယ်ဆို မောင်သက်ကို ခေါ်သွားနေကျလေ… ဒီတော့ ဘယ်ကို သွားချင်ရင် ဘယ်ကားစီးသွားရမယ်ဆိုတာတွေကို မောင်သက်ကတော်တော်နောကြေနေပြီလေ… တစ်ခါတော့ ရန်ကုန်မြို့ထဲ သွားရင်းလာရင်း မောင်သက် တစ်ယောက် ပိုက်ဆံပြတ်ပါလေရော… ဖုန်းတွေပေါနေတဲ့အချိန်လဲ မဟုတ်သေးတော့ ဖုန်းဆက် ပြီး အကူအညီလည်းတောင်းမရ… ခြေလျင်ပြန်ရမှာကလည်း အဝေးကြီး… မဖြစ်သေး မောင်သက် က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး အကြံဥာဏ်ထုတ်နေတယ်… ဘယ်လိုလုပ်ရ မလဲပေါ့… သူ့နဲ့ မလှမ်းမကမ်းက ဆိုင်းဘုတ်ကြီးကိုဖတ်ပြီး အကြံတစ်ခုရသွားတယ်… ဒါနဲ့ အဲဒီအကြံအတိုင်း လုပ်ဖို့အတွက် သူက ခေါင်းပေါ်ကဆံပင်တွေကို လက်နဲ့နဲနဲလောက် ဖွလိုက်တယ်… နောက်တော့ လာတဲ့လိုင်းကားကို တက်စီးလိုက်တယ်… လိုင်းကားဆိုပေမယ့် ခုခေတ်လို YBS ကြီးတွေမပေါ်သေးဘူးဗျ… Hilux ကားလေးတွေ toyoace လေးတွေနဲ့ လိုင်းကားပြေးနေတဲ့ အချိန်ပဲရှိသေးတယ်… ကားထွက်ပြီး မှတ်တိုင် တစ်ခုလောက်ရောက်တော့ ကားစပယ်ယာက
“ နောက်တက်တဲ့သူများ ကားခလေးတွေ ထုတ်ထားပေးကြပါ… နီးစပ်ရာလူက လက်ဆင့် ကမ်းပေးကြပါခင်ဗျ”
လို့အော်တယ်… ကျန်တဲ့သူတွေ အသီးသီး ကားခလေးတွေ ပေးလိုက်ကြတယ်… မောင်သက်မပါ… ကားစပယ်ယာက သူ့ကိုလှမ်းကြည့်နေတာသိတယ်… မသိချင်ယောင်ဆောင်ပြီး တွေတွေကြီးငုတ်တုတ်ထိုင်နေဆဲ… ပါးစပ်ကလည်း လှုပ်စိ လှုပ်စိနဲ့… ဘာတွေ ရွတ်နေမှန်းမသိ...
“ဟိုရှေ့က အစ်ကိုလေး ကားခလေးလှမ်းပေးပါခင်ဗျာ”
မောင်သက် လှည့်မကြည့်…
“ဟိုရှေ့က အစ်ကိုလေး ကားခလေးလှမ်းပေးပါခင်ဗျာ”
ဒုတိယအကြိမ် ကားစပယ်ယာထပ် အော်လိုက်ပြန်တယ်…. မောင်သက်မလှုပ် ငိုင်နေဆဲ…ပါးစပ်က ပွစိ ပွစိလုပ်နေဆဲ...
“ဟိုရှေ့က အစ်ကိုလေး ကားခလေးလှမ်းပေးပါခင်ဗျာ”
ကားစပယ်ယာအသံအတော်လေးကျယ်သွားတယ်… ဒေါသလည်း ထွက်လာပုံရပါတယ်…
မောင်သက်ဘေးနားအထိ တိုးဝင်လာပြီး
“ကိုယ့်လူ ကားခမပေးရသေးဘူး”
မောင်သက် က ကားစပယ်ယာကို လှမ်းကြည့်ပြီး
“ကျုပ်က ဒံပေါက်မကြိုက်ဘူး”
ကားစပယ်ယာ ကြောင်တောင်တောင်ဖြစ်သွားတယ်… ဘေးနားကလူတွေလည်း မောင်သက်ကို ပြူးတူးပြဲတဲ လှမ်းကြည့်လာကြတယ်… မောင်သက် ကတော့ ဂရုမစိုက်ပါ…
“ဟေ့လူ ခင်ဗျားကို ကားခတောင်းတာ ဒံပေါက်စားမလားမေးနေတာမဟုတ်ဘူး… ဘယ်လိုလူလဲ မသိပါဘူး… အူကြောင်ကြောင်နဲ့”
“ကျုပ်က ဒံပေါက်မကြိုက်ပါဘူး”
ဒီစကားပဲ ထပ်ပြောပြီး ခေါင်းကဆံပင်တွေကို ထိုးဖွနေတယ်… ဘေးကလူတွေကလည်း
“ဒီလူ နားလေးနေတာလားမသိဘူး”တဲ့… ဒီတော့ ကားစပယ်ယာက volume မြင့်ပြီး
Image from google
“ဟေ့လူ ကားခ ကားခ ကားခတောင်းနေတာ ခင်ဗျားကားခမပေးရသေးဘူး… ခင်ဗျား နားလေးနေလား… အူကြောင်ကြောင်မလုပ်နဲ့နော်”
ဆိုပြီးအကျယ်ကြီးအော်ပါလေရော… ကားစပယ်ယာရဲ့ နောက်ခန်းက အော်သံကြောင့် ကားဒရိုင်ဘာ က ဘာဖြစ်တာလဲဆိုပြီး ကားကို လမ်းဘေး ထိုးရပ် ကားတံခါးဖွင့် ဆင်းလာတယ်… ပြီးတော့ လှမ်းမေးတယ်…
“ဘာဖြစ်တာလဲ ဟေ့”
“ဒီလူ ကားခမပေးသေးဘဲနဲ့ အူကြောင်ကြောင်လုပ်နေလို့ ဆရာ”
ကားဒရိုင်ဘာက မောင်သက်ကိုလှမ်းကြည့်လိုက်ပြီး နဲနဲတွေသွားပြီး
“စိတ်မမှန်ဘူးထင်တယ် ဟ ဘယ်နေရာက တက်လာတာလဲ”
“--------------------------------- နားကဆရာ”
“ဒါဆို ထွက်များပြေးလာတာလားမသိဘူး”
ဒါလဲ
“ကျုပ်က ဒံပေါက်မစားချင်ပါဘူးလို့ဆိုပြောနေတာ ဆရာ့တပည့်က အတင်းကျွေးနေတယ်”
ဆံပင်တွေ ပိုပွလာအောင် လက်နဲ့ တဗြင်းဗြင်းကုတ်နေပါရော… သူ့ကြည့်ပြီးတော့ ဘေးကလူတွေက
“အရူးလားမသိပါဘူးကွာ… စိတ်သိပ်နှံ့ပုံမပေါ်ဘူး… သနားပါတယ်…ကားခမတောင်းပါနဲ့တော့ကွာ”
ပြောကုန်တယ်… စပယ်ယာပါ ခေါင်းကုတ်လေပြီ…
ကားဒရိုင်ဘာကလည်း
“မတောင်းနဲ့တော့ကွာ တော်ကြာ ထွက်ပြေးလာတာဆို ငါတို့ အမှုပတ်နေအုံးမယ်… သူဆင်းမယ့်နေရာရအောင်မေးပြီး ချပေးလိုက်ကြရအောင်”
ပြောပြီး ကားပြန်မောင်းထွက်လိုက်တယ်…
Image from google
အရူးတင်ခေါ်လာခဲ့မိပြီ… ကားပေါ်ကဆင်းပါ့မလား… ဘယ်သွားမှာမှန်းမသိ… မဆင်းရင် ဒုက္ခ… အတွေးတွေ တန်းစီပေါ်လာပြီ… မောင်သက်ကတော့ ငူတူတူ အူတူတူ ထိုင်နေဆဲ… ပါးစပ်က ပွစိ ပွစိ လုပ်နေဆဲ....
“အစ်ကိုလေး” “ဒံပေါက်မစားချင်ဘူးနော်”
“ဘယ်မှာဆင်းမှာလဲ ဟင်” စပယ်ယာခင်မျာ လေသံလျော့သွားရတယ်…
ဒါကိုတော့ မောင်သက် သွက်သွက်လက်လက် ပြန်ဖြေတယ်…
“ဗဟန်းက ဗိုလ်စိန်မှန်ကွင်းဆိုလား"
စပယ်ယာ ထခုန်ချင်အောင်ပျော်တာပေါ့… တော်သေး… ဆင်းမယ့်နေရာသိနေလို့ပေါ့…နိုမို့ကားပေါ် အရူးသောင်တင်နေဒုက္ခ...
“အဲ ရှေ့နားဆိုရောက်ပါပြီ ဆင်းလို့ရပါတော့မယ်”
“ဆရာရေ… ဗိုလ်စိန်မှန်ကွင်းနဲ့ အနီးဆုံးနေရာမှာ ဆင်းမယ်”
ဒီလိုနဲ့ မောင်သက် တစ်ယောက် သူတည်းခိုနေတဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်… သနားလို့ ဆိုပြီး ခရီးသည်တွေထဲက သနားလို့ဆိုပီး မုန့်ဖိုး ပိုက်ဆံတွေပေးလိုက်တာ ၁၇၀၀ တောင်ရလာသေးဗျ…
သူဘယ်ဆိုင်းဘုတ်ကိုမြင်လို့ ဒီလိုလုပ်ခဲ့သလဲဆိုတော့ သူမြင်ခဲ့တဲ့ ဆိုင်းဘုတ်ကြီးက စိတ်ကျန်းမာရေးဆေးရုံကြီး တဲ့…
မနေ့ကတည်းက ဆက်ရေးရန်ဖြစ်ပေမယ့် ရှည်သွားမည်ကတကြောင်း နောက်ရက်အတွက် မရေးနိုင်မည်စိုးသောကြောင့် တစ်ကြောင်း ခွဲတင်လိုက်ခြင်းဖြစ်ပါတယ်ဗျာ.... တကယ်တော့ ရွာသာကြီး နဲ့ ဗဟန်းက အတော်ဝေးပါတယ်ဗျာ...ရယ်စရာတစ်ခုအဖြစ်သာ ဖတ်ရှုပေးကြပါရန်...
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
21-Mar-2018 ဗုဒ္ဓဟူးနေ့(Wednesday)