အားနာခြင်း (Hard To Say "No" To People _ Arr Nar Chin)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-1.png

Image from google


ကျွန်တော်တို့သည် နေ့စဉ်နှင့်အမျှ လူမျိုးစုံနှင့်ဆက်ဆံနေကြရပါသည်။ ထိုသို့လူမျိုးစုံ၊ စရိုက်မျိုးစုံတို့နှင့် တွေ့ဆုံကြရသည့်အခါ မိမိတို့နှင့် စိတ်သဘောထားမတိုက်ဆိုင်ခြင်း များလည်း ရှိလာကြရ ပါသည်။ ထိုအခါတွင် စိတ်ညစ်ရတတ်ပါသည်။ မိမိတို့၏ကိုယ်တိုင်က ပြင်ဆင်ထားမှသာ စိတ်ညစ်သက်သာနိုင်မည်ထင်ပါသည်။ ငါတော့ ဒီလူနဲ့တွေ့ရင် ဒါတွေကြုံလာနိုင်တယ်။ ဒီလိုကြုံလာရင် ငါ့ဘက်က ဘယ်လိုတုံ့ပြန်မယ်ဆိုသည်များ ကိုလည်း ကြိုတင်စဉ်းစားထားလျှင် စိတ်ညစ်ရသက်သာမည်ထင်ပါသည်။ တစ်ခါတစ်ရံတွင်လည်း မိမိတစ်ယောက်တည်းအတွက်ကိုသာ ကြည့်ပြီး အခြားသူများကို ထည့်မတွက်တတ်သောလူမျိုးများနှင့်လည်း ကြုံဆုံနိုင်ပါသည်။ ထိုသို့ လူတစ်ဖက်သားအား ကိုယ်ချင်းမစာနာတတ်သောသူများအားလည်း တုံ့ပြန်ရန်အတွက် မိမိတို့စိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်းထင်မြင်မိပါသည်။ ထိုသို့သော ကိုယ်ချင်းစာနာတတ်သောလူများနှင့် ကြုံတွေ့ရလျှင် အားမနာတတ်စေရန်အတွက် ရေးသားလိုခြင်းဖြစ်ပါသည်။ အားနာလျှင် ခါးပါသည်ဟူသော စကားလည်း ရှိပါသည်။ အဘယ်သို့သော အဓိပ္ပါယ်ဖြင့် ပြောဆိုသည်ကိုတော့ ကောင်းမွန်စွာနားမလည်ပါ။ အရာရာတိုင်းတွင် အားနာလွန်းလျှင် မိမိတို့၏အကျိုးစီးပွား၊ လူအများ၏ အကျိုးစီးပွားကို ပျက်စီးစေနိုင်ကြောင်းကိုလည်း သိထားနိုင်မှသာ ကောင်းမွန်နိုင်ပေမည်။ နှစ်ဦး နှစ်ဖက်လည်း စိတ်ချမ်းသာနိုင်မည်ဟုလည်း ထင်မြင်မိပါသည်။ အားနာလွန်းသောသူများသည် ဒုက္ခနှင့်တွေ့ကြုံရတတ်သည်ကိုလည်း ကိုယ်တွေ့များဖြင့်ရေးသားပါမည်။ လူအများနှင့် စရိုက်မျိုးစုံနှင့်တွေ့ကြုံဆက် ဆံနေရသောအခါ အဆင်ပြေအောင်ဆက်ဆံရမည်မှာ မှန်သော်လည်း အားနာရန်မဟုတ်သည်ကို အားမနာကြရန်လိုပါသည်။ အချို့သောသူများ၏ စရိုက်သည် လူတစ်ဖက်သားကို အားမနာတတ်သောအကျင့်ရှိကြသောကြောင့်ဖြစ်ပါသည်။ ဒါကြောင့် အခုတစ်ခါမှာတော့ အားနာခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ရေးလိုက်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုခေါင်းစဉ်တော့ ဘယ်လိုတပ်ရမှန်းမသိလို့ မတတ်တော့ပါဘူး။ အင်္ဂလိပ်လို အားနာခြင်းကို ဘယ်လိုရေးရမယ်ဆိုတာလေးများသိရင် Comment လေးထဲမှာ ရေးပေး သွားကြပါဗျာ။ အင်္ဂလိပ်စကားလုံးမှာ အားနာခြင်းဆိုတာ တိုက်ရိုက်စကားလုံးမတွေ့မိပါဘူး။ အားနာတယ်ဆိုတဲ့စကားကို သူတို့ဆီမှာ လုံးဝမရှိတဲ့သဘောပါပဲဗျာ။ သူတို့ဆီမှာ အားနားတာနဲ့ပတ်သက်ပြီး မရှိလောက်ဘူးဗျ။ ကျွန်တ်ာတော်မြန်မာနိုင်ငံမှာသာ အားနာတယ်ဆိုတဲ့စကားလုံးကို တွင်တွင်သုံးနေကြတာတွေ့ရပါတယ်ဗျ။ သူတို့ကတော့ ပွင့်ပွင့်လင်းလင်းပဲပြောဆိုဆက်ဆံကြတယ်ထင်ပါတယ်ဗျာ။ ရှိရင် ရှိတယ်။ ချေးရင် ချေးမယ်။ ငှားရင် ငှားမယ်ပေါ့။


No Profit.png

Image from google


"အားနာခြင်းဆိုသည်မှာ ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်" ဟု ဆရာကြီး ပီမိုးနင်းကဆိုခဲ့ပါသည်။ အဘယ်သည်ကိုကြောက်ရွံ့ခြင်းဖြစ်သနည်းဆိုသော် လူတို့၏ အထင်အမြင်ကို ကြောက်ရွံ့ခြင်းဖြစ်ပါသည်။ မည်သူက ငါ့အား မည်ကဲ့သို့ထင်မည်နည်းဟူသော အထင်အမြင်ကို ကြောက်ခြင်းဖြစ်သည်ဟုဆိုပါသည်။ အားနာခြင်းသည် မပြတ်သားခြင်းတစ်မျိုးပင်ဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။ မချေးချင်ပဲ ချေးလိုက်ရသည်။ မငှားချင်ပဲငှားလိုက်ရသည်။ စသည်တို့သည် မပြတ်သားမှုများကြောင့်ဖြစ်ပေါ်လာသည်ဟုလည်းထင်မြင်မိပါသည်။ အားနာခြင်းသည် တကယ့်လုပ်ငန်းခွင်တွင် မည်သို့မျှအသုံးမကျသည့်အပြင် အားနာသည့်အတွက် အားနာသူတွင် ဒုက္ခရောက်နိုင်ပေသည်။ သတိပြုဆင်ခြင်သင့်ပါသည်။ အားနာပါတယ်ဆိုသော စကားကို အလွယ်တကူအသုံးမပြုမိစေရန်လည်း သတိထားသင့်ပါသည်။ မိမိတို့သည် နည်းမှန် လမ်းမှန်အတိုင်းဖြစ်သည်ဆိုပါက မည်သူတစ်ဦးတစ်ယောက်ကိုမျှ အားနာနေရန်မလိုပါချေ။ အားမနာပါနှင့်ဟူပြောဆိုခြင်းသည် နည်းလမ်းမှန်ကန်စွာဖြင့် လုပ်ငန်းများကို လုပ်ကိုင်ရန်ကိုပြောဆိုခြင်းသာဖြစ်ပါသည်။ သူတစ်ပါးအိမ်သို့သွားရောက်အာ အဆင်ပြေမှန်းမသိ အဆင်မပြေမှန်းမသိ အားမနာဘူး ဆိုကာ နေ့စဉ် ထမင်းစားကြွနေရန်မဟုတ်ပါ။ လူမှုရေးကိစ္စအရပ်ရပ်တို့ကို ဆောင်ရွက်ရာတွင်ဖြစ်စေ၊ မိမိတို့၏ လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင်ဖြစ်စေ နည်းလမ်းကျကျ စည်းကမ်းတကျ လုပ်ဆောင်ရန်ဖြစ်ပြီး မိမိတာဝန်မယူနိုင်သောကိစ္စများကို အားမနာပါနှင့်ဟုသာဆိုခြင်းဖြစ်ပါသည်။ ထိုသို့မိမိတာဝန်မယူနိုင်သည့် ကိစ္စတစ်ချို့တွင် အားနာသဖြင့် တာဝန်ယူမိပါက စိတ်ညစ်စရာကိစ္စများ ထပ်မံပေါ်ပေါက်လာတတ်ကြသည်ကို သတိပြုသင့်ပါသည်။ အကြောင်းတစ်ခုခုကြောင့် တာဝန်မယူနိုင်သည့်ကိစ္စကို အားနာခြင်းမရှိ ငြင်းဆိုလိုက်ခြင်း သည် နှစ်ဦးနှစ်ဖက်အကျိုးရှိမည်ပါသည်။


Arr Nar Chin.png

Word Credit google


ကျွန်တော်သည် အလွန်အားနာတတ်သောကြောင့် ဒုက္ခရောက်ခဲ့ရဘူးပါသည်။ ခဏ ခဏ စကားလည်းများခဲ့ပေါင်းမနည်းတော့ပါ။ အကြောင်းကြုံကြိုက်သဖြင့် ကျွန်တော့်ကိုယ်တွေ့လေးအကြောင်းကို ထည့်သွင်းရေးသားလိုက်ပါသည်။ ကျွန်တော်သည် ကြက်မွေးမြူရေးလုပ်ကိုင်နေစဉ်အခါကာလက ကျွန်တော်၏ အိမ်ပတ်လည်တွင် စိုက်ထားသော မန်ကျီးပင်များစိုက်ထားခဲ့ပါသည်။ တစ်နေ့သောအခါတွင် မန်ကျီးပင်၏ ကိုင်းများအား ဖုန်းလိုင်းကြိုးများနှင့်မလွတ်သဖြင့် ခုတ်ခွင့်ပြုပါရန် ရပ်ကွက်အတွင်းမှ အရံမီးသတ်တစ်ယောက်က လာရောက်ခွင့်တောင်းပါသည်။ ထိုအချိန်က ကြိုးဖုန်းလိုင်းများသာ ခေတ်စားနေသောအချိန်ဖြစ်ပါသည်။ သစ်ပင်ခုတ်ရန်အတွက် ခွင့်ပေးရန်ပြောဆိုသူများမှာ ဆက်သွယ်ရေးဌာနမှ ကျွန်တော့်၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပါသည်။ ထိုအချိန်က ၀န်ထမ်းအလုပ်ကို မလုပ်လိုတော့ပါသဖြင့် အလုပ်ထွက်လိုက်ပြီးသောအချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် အိမ်တွင် ဖုန်းလိုင်းမရှိသော်လည်း မလွတ်သမျှသစ်ကိုင်းများကိုခုတ်ပါဟု ခွင့်ပေးလိုက်ပါသည်။ သစ်ပင်ခုတ်မည့်သူမှာ ကြက်ခြံအတွက် လိုအပ်သောကြက်စာများကို ဆိုက်ကားဖြင့်သယ်ယူ ပေးနေသော ဆိုက္ကားဆရာတစ်ယောက်ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့သဖြင့်လည်းကောင်း၊ မိမိ၏ကြက်ခြံအတွက် ကြက်စာသယ်ယူပေးနေသောသူဖြစ်သောကြောင့်လည်းကောင်း အားနာသဖြင့်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုနောက်တွင် ခုတ်ချလိုက်သော သစ်ကိုင်းများသည် လမ်းနှင့်မလွတ်မကင်းဖြစ်နေသောကြောင့် လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီတောင်းခြင်းကြောင့် သစ်ကိုင်းများအား လမ်းနှင့်လွတ်အောင်ဖယ်ရှင်းကာ ကိုင်းများအား ဓားဖြင့်ခုတ်ပြီး သစ်ကိုင်းရှင်းနေလိုက်ပါသည်။ ထိုအချိန်တွင် ရပ်ကွပ် ဥက္ကဌဆိုသူရောက်ရှိလာကာ ခုတ်ချထားသော သစ်ကိုင်းများအား ယူမလို့လားဟု မေးလာပါသည်။ မိမိသစ်ပင်ကသစ်ကိုင်းခုတ်ချခံရသည်ကိုပင် မယူရသည့်သဘောသက်ရောက်နေသည်မဟုတ်ပါလား။ အမှန်တကယ်ကမူ မိမိနှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ၀န်ထမ်းများအား ကူညီသောအားဖြင့် တနည်းအားဖြင့် အားနာသဖြင့် သစ်ကိုင်းများကို ကူရှင်းပေးနေခြင်းဖြစ်ပါ သည်။ သစ်ကိုင်းများသည်လည်း ကျွန်တော့်အပင်မှ သစ်ကိုင်းများသာဖြစ်ပါသည်။ ဖုန်းလိုင်းကြိုးများမလွတ်ဟု ပြောခြင်းမှာ ရပ်ကွက်ဥက္ကဌအိမ်၏ ဖုန်းလိုင်းသုံးမရခြင်းကြောင့်ဖြစ်ကြောင့်နောက်မှသိရပါသည်။ ထိုသို့ ယူမလို့လားဟု မေးလာသောအခါ ဘာရယ်မဟုတ် အလွယ်တကူပင် ဟုတ်ကဲ့ ယူမလို့ပါဟု ပြောဆိုသောအခါ "အဲဒီသစ်ကိုင်းတွေကို ယူမယ်ဆိုရင် ငွေ နှစ်ရာကျပ် ပေးရမယ်" ဟု ပြောဆိုလာပါသည်။ အားနာခြင်း၏ နောက်ဆက်တွဲပြသနာစပါပြီ။ ဒေါသထွက်သွားက ကျွန်တော်ပြန်မေးမိပါသည်။ "ကျွန်တော့်သစ်ကိုင်းတွေလည်း အခုတ်ခံရသေးတယ်... ငွေနှစ်ရာကျပ်လည်း ပေးရအုံးမယ်ဆိုတာ ဘာအတွက်လဲဗျ" လို့မေးလိုက်သောအခါ "သစ်ကိုင်းတွေကို ခုတ်တဲ့သူက အလကား ခုတ်ပေးရမှာလား" ကဲကောင်းပါလေရောဗျာ။ ဒေါသကပိုထွက်လာပါပြီ။ လက်ထဲမှာကလည်း ထင်းခုတ်တဲ့ ဓားမက ကိုင်ထားတာမြင်တော့ ဥက္ကဌကလည်း ရှေ့မတိုးရဲဘူးပေါ့။ "သစ်ပင်ကို ကျွန်တော်ခုတ်ခိုင်းတာမဟုတ်ဘူးလေ... ခုတ်ခိုင်းတဲ့သူဆီမှာ သွားတောင်းပါ... ကျွန်တော်သစ်ပင်က အကိုင်းတွေကို ပြန်ဆက်ပေးပါ" လို့လည်း ပြောရာကအစ အချေအတင်စကားများကြရပါ လေတော့သည်။ အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေလည်း ဘာမှဝင်မပြောနိုင်။ တစ်လမ်းလုံးလည်းထွက်ကြည့်၊ လမ်းသွားလမ်းလာများကလည်း ရပ်ကြည့်၊ ပွဲတစ်ပွဲအလားစည်ကားသွားပေသည်။ နောက်ဆက်တွဲအနေနဲ့ ကတော့ ဥက္ကဌက သူ့အားပြန်ပြောသည်ဆိုကာ ၀တ္တရားနှောက်ယှက်မှု၊ ဓားကြိမ်းကြိမ်းမှု တို့ဖြင့် တရားရုံးအထိဦးတိုက်လျောက်ထားလေတော့သည်။ ဘာမှမဖြစ်သော်လည်း အချိန်ကုန်၊ အလုပ်ရှုပ်၊ လူပင်ပန်း၊ စိတ်ပင်ပန်းတို့ဖြစ်ကုန်ပါသည်။ သစ်ပင်ခုတ်ခြင်းအား လက်မခံခဲ့လျှင် ထိုသို့သော အဖြစ်များ ဖြစ်မည်မဟုတ်။ အားနာခဲ့သဖြင့် တရားရုံးသို့တိုင်ရောက်သွားခဲ့လေသည်။ ငြင်းသင့်သောအချိန်တွင် မိမိဘက်မှ ငြင်းနိုင်ခွင့်ရှိသော်လည်းအားနာသဖြင့် မငြင်းမိသောကြောင့် အမှုပွေသွားရခြင်းပင်ဖြစ်ပေသည်။ အားနာခြင်းရဲ့နောက်ဆက်တွဲများ ဖော်ပြစရာများ ကျန်ရှိနေသေးသော်လည်း နောက်ထပ်ရေးလျှင် စာရှည်တော့မည်ဖြစ်သဖြင့်နောက်နောင်ကြုံကြိုက်မှသာ အခြားသောအကြောင်းအရာများကို ရေးသားပါတော့မည်။


chi.png

Image from google


ငယ်စဉ်က ရယ်စရာအဖြစ် လူကြီးများပြောတတ်သော မိအေး ကဲ့သို့ပင်ဖြစ်နေတတ်သည်။ အားနာတတ်ခြင်းသည် နောက်ကွယ်တွင်လည်း ကျေးဇူးအတင်မခံရသလို နောက်ဆက်တွဲများကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ၀င်ရောက်ဖြေရှင်းခြင်းမပြုကြပဲ မိမိကိုယ်တိုင်သာဖြေရှင်းရတတ်ပါသည်။ လူကြီးများ ပြောတတ်သော၊ လူရွှင်တော်များ ပြောတတ်သော မိအေး အားနာတတ်ပုံက ကလေး (၁၀)ယောက် အဖေခေါ်စရာမရှိဘူးဖြစ်နေ တယ် ဆိုသလိုမျိုးပင် ဖြစ်တော့သည်။ ထို့ကြောင့် နေရာတကာတွင် အားနာတတ်လွန်းခြင်းသည်လည်းမကောင်း၊ အားမနာတတ် လွန်းခြင်းသည်လည်းမကောင်းကြောင်းကို ပြောလိုခြင်းသာဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် နေရာတကာတွင်လည်းကောင်း၊ နည်းလမ်းမကျသော ကိစ္စများတွင်လည်းကောင်း၊ မိမိသေချာမသိသော ကိစ္စများတွင်လည်းကောင်း၊ တာဝန်ယူရန်အခက်အခဲရှိသော ကိစ္စများတွင်လည်းကောင်း အားနာရန်အကြောင်းမရှိပါ။ အားမနာပါနှင့်။ အားနာသဖြင့်မည်သူကမျှ ကျေးဇူးတင်ကြမည်မဟုတ်ပါ။ နောက်ဆက်တွဲပြသနာများထပ်မံရောက်ရှိလာပါကလည်း မိမိကိုယ်တိုင်သာလျှင် ဖြေရှင်းရမည်ဖြစ်ပေသည်။ မည်သူမျှ လာရောက်ဖြေရှင်းပေးမည်မဟုတ်ပါသောကြောင့် သတိပြု အားနာကြပါရန်ရေးသားလိုက်ပါသည်။ အားနာလို့လိုက်လျောတာ အတယ်လို့မထင်နဲ့ ဆိုသောစကားကိုတော့ မထောက်ခံချင်ပါ။ အားနာတိုင်းသာ လိုက်လျောနေလျှင် မိအေးထက် ၁၀ ဆမက ဖြစ်သွားနိုင်သည်ကို သတိပေးရေးသားရင်း နိဂုံးချုပ်လိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-11-2017 ကြာသပတေးနေ့(Thursday)