အားတင်းကြိုးစား လျှောက်ကာသွား
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကဲ ကဲ ပြောင်းလဲချိန်တန်ပြီဆိုတော့ Steemit Platform ကြီးလည်း ပြောင်းလဲနေပါပြီ။ Steemit Platform ကြီးတစ်ခုလုံးလည်း ငြိမ်သက် တိတ်ဆိတ်နေခဲ့တယ်။ ကောင်းတာတွေ အတွက် ကြိုးစား အားထုတ်ပြီး Steemit Team က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။ SP တွေ RC တွေလည်း ပြောင်းလဲကုန်တယ်။ Comment တွေ ရေးချင်တိုင်း ရေးမရအောင်၊ Vote တွေ ပေးချင်တိုင်း ပေးမရအောင်တော့ ဖြစ်ကုန်တယ်လို့ထင်ပါတယ်။ ကန့်သတ်လိုက်တာဖြစ်တဲ့အတွက် အဖွဲ့အစည်းတစ်ခု အနေနဲ့ ဘာတွေ ပြောင်းလဲကုန်မလဲ? ဘယ်လိုအခက်အခဲတွေဖြစ်လာမလဲ? ဆိုတာတွေကိုတော့ တွေးရင်း ရေးရင်းနဲ့ပဲ သိလာကြလိမ့်မယ်ထင်ပါတယ်။ အားလျော့ကြလိမ့်မယ်မဟုတ်ပေမယ့် အပြောင်းအလဲကြောင့် ကသိကအောင့် အနည်းငယ်တော့ ဖြစ်ကုန်ကြမှာ အမှန်ပဲ။ SP, RC နည်းပါးသော အကောင့်များ၊ အကောင့်သစ်များအနေနဲ့ အနေဖြင့် အခက်အခဲ တွေ့နိုင်တယ်လို့လည်း ယူဆရပါတယ်။ အကောင့်သစ်များအတွက် အခွင့်အလမ်းများနည်းပါးသွားတာဖြစ်သလို အကောင့်သစ်များရဲ့ တိုးတက်လမ်းဟာလည်း ပိတ်ဆို့သွားတယ်ထင်ပါတယ်။ အကောင့်သစ်တစ်ခုဟာ တစ်ရက်မှယ comment အရေအတွက်လည်း ကန့်သတ်လိုက်သလိုဖြစ်သွားပါတယ်။ ဘာပြောပြော ကိုယ့်လူတွေကတော့ ဇွဲနဲ့ဆက်လက်ချီတက်နေကြမယ်လို့တော့ယုံကြည်မိပါတယ်။
သူများတွေတော့ မသိဘူး။ ကျွန်တော်ကတော့ စာမရေးတာ ရက်အနည်းငယ်လောက်ကြာသွားတော့ အကျင့်ကပျက်ချင်ချင်ဖြစ်သွားတယ်ဗျ။ စာရေးချင်စိတ်တောင်ပျောက်လုလုဖြစ်သွားတယ်ဗျ။ အာရုံလည်း စူးစိုက်လို့မရဖြစ်နေတာ ဇွတ်အတင်း ဈာန်သွင်းပြီး ရေးလိုက်တာဖြစ်ပါတယ်။ ပြောင်းလဲမှုတွေကတော့ ဆက်လက်ကြုံတွေ့နေရဦးမယ်ထင်တယ်။ တည်ငြိမ်သွားတဲ့အချိန်ထိတော့ စောင့်စားကြရမှာပေါ့။ အဖွဲ့သားအချင်းချင်း လက်တွဲခေါ်ဖို့ စည်းစည်းလုံးလုံးရှိဖို့က ပိုအရေးပါလာတယ်လို့လည်း ထင်မိပါတယ်ဗျ။ ဒီတော့ စည်းစည်းလုံးလုံးနဲ့ ဆက်လက်ချီတက်ကြတာပေါ့။ ကောင်းကျိုး ဆိုးကျိုးဆိုတာတွေကတော့ အချိန်ကျမှ သိနိုင်မှာပဲ။ ကောင်းမလား ဆိုးမလား ဆိုတာ ထိုင်စဉ်းစားနေရမယ့်အချိန်တော့မဟုတ်သေးပါဘူး။ လုပ်စရာရှိတာဆက်လုပ်၊ လျှောက်စရာရှိတာဆက်လျှောက်ပဲလုပ်ကြရမှာပါပဲ။ ဒီလိုအခက်အခဲတွေဆိုတာက တစ်ချိန်မဟုတ် တစ်ချိန် တွေ့ကြုံနေကြရမှာပဲဖြစ်လို့ စိတ်ဓာတ်ကျစရာအကြောင်းမရှိပါဘူး။ ပြုံးပြုံးရွှင်ရွင်၊ ပျော်ပျာ်ပါးပါး နေနိုင်တာကလည်း အဲဒီလို အခက်အခဲဆိုတဲ့အရာလေးတွေကို ဖြေရှင်းနိုင်ကြလို့ပါပဲ။ အခက်အခဲတွေ ရှောင်ရှားနေကြမယ်ဆို ဘ၀ဆိုတာကြီးကလည်း ပျင်းစရာကောင်းနေလိမ့်မယ်ထင်တယ်။ ဒီတော့ အခက်အခဲတွေကို ဖြေရှင်းပြီး အောင်မြင်တဲ့လမ်းခရီးကို လျှောက်လှမ်းပျော်ရွှင်နိုင်ဖို့ အတူတူကြိုးစားကြ တာပေါ့ဗျာ။ ပြောင်းလဲခြင်းဆိုတာ အမြဲတမ်းကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့နေကြရတာပဲ။ ရှင်သန်နေထိုင်ဖို့အတွက် ပြောင်းလဲခြင်းဆိုတာကို လက်ခံနေကြရတာပါပဲ။ ပြောင်းလဲခြင်းမရှိတော့ရင် ကျွန်တော်တို့တစ်တွေလည်း အသက်မရှိတဲ့သူတွေဖြစ်ကုန်ကြမှာပဲ။ ပြောင်းလဲခြင်းဆိုတာက ရှင်သန်ခြင်းပါပဲ။
ကျွန်တော်တို့တစ်တွေ လျှောက်လှမ်းခဲ့မိတဲ့ ဘ၀လမ်းကြောင်းကို အမှန်အတိုင်း မြင်နိုင်ဖို့အတွက် အမြင်အာရုံ တနည်း မျက်လုံးအမြင်ကောင်းစေဖို့အတွက်တော့ အသိပညာတွေလိုမှာပဲ။ အသိပညာမရှိရင် အလင်းရောင်မရှိတဲ့ အမှောင်ထုကို ရမ်းသမ်း လမ်းလျှောက်ရသလိုပဲဖြစ်နေမှာပါ။ ချောက်တွေကျင်းတွေ ခလုတ်ကန်သင်းတွေနဲ့ တိုက်မိပြီးလဲကျ ကွဲပြဲဒဏ်ရာတွေ ရနိုင်ပါတယ်။ အဲဒီလိုပါပဲ ကျွန်တော်တို့ လျှောက်လှမ်းရမည့် ခရီးပန်းတိုင်ကို ချမှတ်ထားပြီး ခရီးမသွားကြဘူးဆိုရင်လည်း ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်မဟုတ်ပါဘူး။ ပန်းတိုင်ချမှတ်ထားရုံနဲ့ ပန်းတိုင်ကို ရောက်သွားမှာမှမဟုတ်တာ။ ပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းပါမှ ရောက်နိုင်မှာပါ။ ဒီလိုလျှောက်လှမ်းရာမှာလည်း အခက်အခဲတွေ အနှောက်အယှက်တွေနဲ့ တွေ့ကြရမှာအမှန်ပါပဲ။ ဒီလိုအခက်အခဲ အနှောက်အယှက်တွေတွေ့လို့ နောက်ပြန်လှည့်ရင်လည်း ပန်းတိုင်ကို ရောက်မယ်မဟုတ်ပါဘူး။ အခက်အခဲနဲ့တွေ့လို့ ဆက်မလျှောက်ရင်လည်း ပန်းထိုင်ကို မရောက်နိုင်တော့ပါဘူး။ ဒီတော့ ကျွန်တော်တို့အနေ့ ရှေ့သို့ ရှေ့သို့ ဆက်လျှောက်ပါမှ ပန်းတိုင်ကို လှမ်းကိုင်နိုင်တော့မှာပါ။ Steemit Platform မှာ လည်း ဒီလိုပဲဖြစ်ပါတယ်။ ခရီးအစကနေတော့ ထွက်လာခဲ့ကြပါပြီ။ တစ်ချို့လဲ အလဲလဲအကွဲကွဲနဲ့ လမ်းကြောင်းကနေ ခွဲခွာသွားကြပါပြီ။ တစ်ချို့လည်း လမ်းမှာတင် ရပ်ကျန်နေခဲ့ပါပြီ။ ဆက်လက် လျှောက်လှမ်းနေသူများလည်း ရှိနေကြပါသေးတယ်။ အားမလျော့ ဇွဲမလျော့ ဆက်လက် လျှောက်လှမ်းကြမယ့် သူတွေကိုလည်း မြင်နေရဆဲပဲဖြစ်တော့ အားတက်မိပါတယ်။ ရှေ့သို့ဆက်လျှောက်ကြမယ်ပေါ့။
ဒီနေရာမှာ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဖြစ်တဲ့ သီတဂူဆရာတော်ကြီးရဲ့ မိန့်မှာချက်ကလေးကို သတိရမိပါတယ်။ အခုလို အခက်အခဲတွေနဲ့ တွေ့ကြုံရတော့ ဆရာတော်ကြီးရဲ့ အဆုံးအမတွေကိုလည်း ပြန်လှန် ဖတ်ရှုမိပါတယ်။ အားဆေးတစ်ခွက်လိုပါပဲ။ အသိဥာဏ်ပညာရင့်ကျက်နေတဲ့သူတွေရဲ့ စာတွေ စကားတွေကို နားထောင်ရတာ ဖတ်ရှုရတာ အင်မတန်ပညာရသလို အားတက်စေ အားရှိစေပါတယ်။ စိတ်ပျက်အားလျော့ရမယ့်အချိန်တိုင်း ဆရာကြီးများ၊ ဆရာတော်များရဲ့စကားတွေ စာတွေကို ပြန်လှန် နားထောင် ဖတ်ရှုခြင်းက အလွန်အကျိုးများစေတာကတော့ လက်တွေ့ပါပဲ။ ဒီတော့ ခဏတာအခက်အခဲလေး တွေကို အားမလျော့ပဲ ဆက်လျှောက်ကြစေချင်ပါတယ်။ အောက်မှာ ဆရာတော်ကြီးရဲ့ ဆုံးမ သြ၀ါဒလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
လမ်းလျှောက်တဲ့အခါမှာ မျက်လုံးက လမ်းကောင်း လမ်းဆိုးကို အရင်ကြည့်ပါတယ်။
ခြေထောက်က ဆူးငြောင့်ခလုတ်စသည်ကို ရှောင်ပြီးတော့လျှောက်ပါတယ်။
ခရီးပေါက်ဖို့ဆိုရင် ခြေထောက်က လျှောက်ဖို့လိုပါတယ်။
မျက်လုံးကောင်းနေပေမယ့် ခြေထောက်ကျိုးနေရင်လည်း ခရီးမပေါက်နိုင်ပါဘူး။
ခြေထောက်ကောင်းပေမယ့် မျက်လုံးကန်းနေရင် လမ်းကောင်းကို မရွေးနိုင်ပါဘူး။
ဒါကြောင့် မျက်လုံး ဆိုတဲ့ ပညာ(Education is the eye of men.)
ခြေထောက် ဆိုတဲ့ ကိုယ်ကျင့်တရား(Character is the foot of men.)
ပညာ နဲ့ ကိုယ်ကျင့်တရား ဒီနှစ်ပါး ဟန်ချက်ညီမှလည်း အရာရာတိုင်း ဖွံ့ဖြိုးတိုးတက်ပါတယ်။
(သီတဂူ ဆရာတော်ကြီး)
ဆရာတော်ကြီးရဲ့ အဆုံးအမစာလေးကို ဖတ်ရှုပြီး အားတင်းနိုင်ကြပါစေဗျာ။ အားတင်းထားလျှောက်လှမ်းကြပါလို့ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-Sept-2018 တနင်္ဂနွေနေ့(Sunday)