အပျင်းပြောဘာလုပ်ကြသလဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


တခါတရံ ဘာမှန်းမသိ ယောင်တောင်တောင်နဲ့ ပျင်းရိလို့နေတတ်ပါတယ်။ တစ်နေ့ တစ်နေ့ ဘာလုပ်ရမှန်းမသိ။ ပျင်းနေတာနဲ့ ဘာမှ မလုပ်ဖြစ်တတ်ကြပါ။ ပျင်းရင် ရေရောလို့ပြောချင်စရာပါပဲ။ ပျင်းလို့ ရေရောရင် ပျော့သွားတယ်တဲ့(မှတ်ချက်။ အရက်သောက်သောသူများ ပြောကြားသည်ကို မှတ်သားဖူးခြင်းသာဖြစ်ပါတယ်) ပျင်းရင် ပျော့သွားအောင် လုပ်ရမယ်မဟုတ်ပါဘူး။ ပျင်းတာကို ဖြေလျော့ရမယ်ပေါ့။ ပျင်းနေတာကို ပြေပျောက်သွားရလေအောင် အပျင်းပြေ ဆိုတဲ့စကားလေးတောင် ပေါ်လာသေးရဲ့။ ပျင်းတာကို လျော့နည်းသွားအောင် လုပ်တတ်ကြတာကို အပျင်းပြေလို့ ခေါ်ကြလေသလား။ အလုပ်တစ်ခုခုကို စိတ်ဝင်တစား လုပ်ကိုင်နေရသူတွေအတွက်တော့ ပျင်းချိန်ရမယ်မထင်ပါဘူး။ အလုပ်ထဲအာရုံစိုက်ရ တာကတစ်မျိုး၊ အလုပ်မပြီးမှာစိုးရိမ်ရတာက တစ်မျိုးဆိုတော့ ပျင်းနေချိန် မရကြဘူးလေ။ အလုပ်နဲ့လက်နဲ့မပြတ် လုပ်နေရမယ်ဆို အပျင်ပြေဆိုတာ မရှိလောက်တော့ဘူး။ ဒါလည်းမဟုတ်လောက်သေးဘူး။ အလုပ်တွေကို အချိန်နဲ့အမျှ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေကြရတာများလာပြန်တော့လည်း ပျင်းလာပြန်ရော။ ဒီတော့လည်း အပျင်းပြေ ဆိုတာက ၀င်လာပြန်ရော။ အပျင်းပြေ ကျွန်တော်တို့ ဘာတွေလုပ်တတ်သလဲ။ စဉ်းစားကြည့်တော့လည်း သေချာ ရေရာတဲ့အဖြေမထွက်ပါဘူး။ စာအုပ်ဖတ်ချင်စိတ်ရှိရင်လည်း စာအုပ်ဖတ်၊ တီဗီကြည့်ချင်စိတ်ပေါ်ရင်လည်း တီဗီကြည့်၊ တခါတလေလည်း လက်ဖက်ရည်ဆိုင်ထိုင် လေပေါပေါ့။ နိုင်ငံရေးလိုလို၊ စီးပွားရေးလိုလို၊ လူမှုရေးလိုလို နဲ့ လိုလိုတွေပဲ များနေတယ်။ အပျင်းပြေဖြစ်သွား တာမျိုးလည်း ရှိတော့ ရှိပေမယ့် သိပ်အကျိုးမရှိလို့ ထင်မိတယ်ဗျ။ မိတ်ဆွေတို့ရော အပျင်းပြေဆိုပြီး ဘာတွေလုပ်တတ်ကြသလဲဗျို့။


02.png


ကျွန်တော်တို့ တစ်တွေ တစ်နေ့ တစ်နေ့ လောဘတွေ မောဟတွေနဲ့ အချိန်တွေကုန်ဆုံးနေကြရတာက များနေမယ်ထင်ပါတယ်။ ကုသိုလ်အလုပ်ဖြစ်တဲ့ ကောင်းသောအမှုတွေကို ပြုလုပ်ချိန်နည်းပါးပြီး အကုသိုလ်ဖြစ်စေတတ်တဲ့ မကောင်းသောအမှုတွေကိုပဲ ပြုလုပ်နေတဲ့အချိန်များနေမယ်ထင် ပါတယ်။ မကောင်းတဲ့အလုပ်များ လုပ်ရမယ်ဆိုရင် နေ့တွေ ရက်တွေ အချိန်တွေ နာရီတွေမလိုဘူးဆို တော့ ခုမကောင်းတဲ့စိတ်ပေါ် ခုချက်ချင်းထလုပ်လေ့ရှိကြတာကိုး။ ကောင်းတဲ့အလုပ်များလုပ်ကြတော့ မယ်ဆိုရင် နေ့တွေ ရက်တွေ အချိန်နာရီတွေ ရွေးပြီးနေတာနဲ့တင် အချိန်တွေကုန်ဆုံးသွားရသေး တယ်။ ကောင်းမှုဆိုတာကို ချက်ချင်းလက်ငင်းလုပ်လို့မရပေဘူးလားလို့တွေးစရာဖြစ်လာတာပေါ့။ ကောင်းတဲ့အလုပ်ကို လုပ်တာလည်း အချိန်နာရီရွေးနေစရာလိုမယ်မထင်ပါဘူး။ အယူအဆမတူရင် ဆောရီးပါခင်ဗျ။ ကျွန်တော်ထင်တာ ပြောတာပါ။ ကောင်းတဲ့အလုပ်ကို အချိန်မဆွဲ ချက်ချင်းထလုပ်ရင် ချက်ချင်းအကျိုး ပေးမှာစိုးကြလို့လေလား။ စဉ်းစားမိတာရေးကြည့်တာပါ။ အဲ ဘေးရောက်သွားသလားမသိ။ လူတစ်ချို့ကတော့ အပျင်းပြေဆိုပြီးတော့ တကမ္ဘာလုံးကို ကိုင်လှုပ်ပြီး အုံးအုံးကျက်ကျက်ဖြစ်အောင် လုပ်တတ်တဲ့ အလုံးလေးတစ်လုံးကို သွားကြည့်ကြတယ်ဆိုပဲ။ အဲဒီအလုံးလေးတစ်လုံးကြောင့်လဲ တစ်ချို့ အောင်မြင်နေကြသလို တစ်ချို့ မွဲတေနေကြတယ်။ အိပ်ရေးတွေပျက်သူပျက်၊ ငွေကြေးတွေ ဆုံးသူဆုံးပေါ့လေ။ ဒါလည်း မမှတ်ကြပေဘူးဗျ။ အဲဒီအလုံးက ဘာပါလိမ့်ဆိုပြီး စဉ်းစားမနေကြပါနဲ့။ သားရေနဲ့ လုပ်ထားပြီး လေဖြည့်ထားတဲ့ ဘောလုံးလို့ခေါ်တဲ့ အလုံးကလေးပါ။ အဲဒီအလုံးလေးကို လူ(၂၂)ယောက်က ၀ိုင်းလုနေကြတယ်။ ပျင်းစရာကြီးပါဗျာ။ အပျင်းပြေသူတွေပြေ ကြပေမယ့် ကျွန်တော်တော့ အပျင်းမပြေပါဘူး။ ဘယ်နှယ့်ဗျာ အလုံးတစ်လုံးကို ၀ိုင်းလိုက်လုနေကြတယ်။ တစ်ယောက် တစ်လုံးပေးလိုက်ရင် ဘာမှ လုစရာမလိုတော့တာကို ဘောလုံးအဖွဲ့ချုပ်ဆိုတဲ့လူတွေက ဘောလုံး(၂၂)လုံးတောင်မတတ်နိုင်တာတော့မဟုတ်လောက်ပါဘူး။ ဒါသက်သက်မယ့် ဒုက္ခပေးထား တာ ဖြစ်မယ်။


03.png


တစ်ချို့လူတွေကြတော့လည်း အပျင်းပြေဆိုပြီး မဟုတ်တယုတ်တွေလုပ်ကုန်ကြတယ်။ ဒါလည်း အပျင်းမပြေလောက်ပါဘူး။ KTV သွားတဲ့သူတွေလည်း သွားကြလေရဲ့။ ဘီယာဆိုင်ထိုင် ဘီယာစုပ်တဲ့ သူတွေလည်း စုပ်နေကြလေရဲ့။ ဒါတွေကတော့ အပျင်းပြေစေဖို့က ငွေအတော်ကုန်တာပဲလေ။ ငွေဖြုန်းနိုင်သူ သူကြွယ်တွေတော့ မဆိုးပေမယ့် ဆန်တောင်အလျင်မီအောင် မချက်နိုင်တဲ့ လူများအဖို့ ဘီယာတို့ KTV တို့က အိပ်မက်တွေပဲဖြစ်နေမယ်ထင်တယ်။ ဒါလည်း အန္တရာယ်မကင်းတဲ့ အပျင်းပြေ ပဲဖြစ်မယ်။ လောင်းကစားဆန်ဆန် အပျင်းပြေလုပ်သူတွေလည်း လုပ်နေကြပါရဲ့။ ဒါလည်း မဟုတ်ပြန်သေးပါဘူး။ အပျင်းပြေအောင် ဘာလုပ်ကြရင်ကောင်းမတုံး။ အကြံလေးပေးကြပါဦး။ ပျင်းလွန်းအားကြီးသွားရင်လည်း သေရွာရောက်သွားနိုင်တယ်။ ဘာမှ မလုပ်ရရင်လည်း ပျင်းတယ်။ နေ့စဉ်ရက်ဆက် အလုပ်နဲ့ လက်နဲ့ မပြတ်လုပ်ကိုင်နေရပြန်တော့လည်း ပျင်းတယ်။ ဒီလိုအလုပ်တွေ ဆိုတာကလည်း လောဘ ဒေါသ မောဟ မာန်မာနတွေနဲ့ မကင်းနိုင်ပြန်ဘူး။ လောဘ ဒေါသတွေကင်း ချင်ရင် ဘုန်းကြီးသွားဝတ်နေလို့တော့ မပြောကြပါလေနဲ့။ ဒါလည်းမဖြစ်ချေဘူး။ ဘုန်းကြီးကလည်း ဆွမ်းအလကားစားနေကြရတာမှမဟုတ်ပေပဲ။ ခြေသလုံးနဲ့ သပိတ်ပိုက် ဆွမ်းခံထွက်ရသေးတယ်။ ပြီးရင်လည်း ဗိုက်ဆာတဲ့အချိန်စားရတာမဟုတ်။ အများနဲ့မှ တပြိုင်နက်စားရတာ။ အချိန်မှန် ဘုရား ကန်တော့ကြရသေး။ ဒါနဲ့လည်း မကိုက်ဘူးဗျို့။ အပျင်းလည်းပြေ ကောင်းမှုလေးတွေလည်းဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်တာပဲ။ ဒါဆို မဆိုးလောက်ဘူးထင်တယ်။


04.png


လောဘတွေ ဒေါသတွေဆိုတဲ့ သူယုတ်တရားတွေက ကျွန်တော်တို့ဘ၀ကို အချိန်နဲ့အမျှ နှိပ်စက် ဖျက်ဆီးနေကြတယ်။ ဒေါသဖြစ်လာရင်ပဲဖြစ်ဖြစ် လောဘဖြစ်လာရင်ပဲဖြစ်ဖြစ် ဘာကိုမှမမြင်တတ် တော့ပဲ ဂမူးရူးထိုး လုပ်ချင်ရာလုပ်တတ်ကြတယ်။ ဒေါသထွက်နေရင် မဲမဲမြင်ရန်လုပ်ချင်တတ်တယ်။ သတိနဲ့မထိန်းနိုင်ရင် ထောင်ထဲကကို ထွက်ရမှာမဟုတ်တော့ဘူး။ တပ်မက်စရာတွေမြင်တိုင်း လိုက်လိုက်နေတဲ့ အာရုံခံစားမှုတွေကိုလည်း တတ်နိုင်သမျှထိန်းနိုင်ပါမှ အနည်းငယ်လောက် သာသာနိုင်မယ်။ အဲဒီလိုအာရုံတွေကလည်း နည်းနည်းလောက်များအလျော့ပေးလိုက်လို့ကတော့ ကောက်ကောက်ပါအောင် အာရုံတွေနောက် ပြေးလိုက်သွားတတ်ကြသေးတယ်။ ဒီတော့ လျော့ပေးလို့ တော့မဖြစ်ချေပေဘူး။ မြန်မာလူမျိုးအများစုလက်ခံထားတတ်တဲ့ စကားပုံလား ဆောင်ပုဒ်လားတော့ မသိဘူး။ ဘယ်သူကစပြီး ပြောဆိုသွားမှန်းလည်း မသိပါဘူး။ အဲ-ဘာတဲ့။ ရတာလေးနဲ့လောက်အောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ်ဆိုလား။ ရတာလေးက လောက်ကိုမလောက်တော့ အပျင်းပြေဆိုတာဘယ်လိုရှာရမှန်းမသိ။ ရှိတာလေးနဲ့လှအောင်ဝတ်ဖို့က ပုံပြင်တစ်ပုဒ်ထဲကလို လင်မယားနှစ်ယောက်ပေါင်းမှ ပုဆိုးတစ်ထည်ပဲရှိ ဘယ်နှယ့်လုပ်ရမလဲမသိ။ အပျင်းပြေလေးတွေအကြောင်း စဉ်းစားရင်း အဖြေရှာမရဖြစ်နေတယ်။ ကူညီအဖြေရှာပေးကြပါဦးလို့ ပြောကြားရင်း ရပ်လိုက်ပါတယ်ဗျာ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

3-May-2018 ကြာသပတေးနေ့(Thursday)