အကြောက်တရား(Fear)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


ကျွန်တော်တို့သည် အကြောက်တရားအမျိုမျိုးရှိရာ နေ့စဉ်နှင့်အမျှ သူတစ်ပါး၏ အထင်သေး အမြင်သေး ဖြစ်မည်ကိုကြောက်ခြင်း၊ နာမကျန်းဖြစ်မည်ကိုကြောက်ခြင်း၊ မင်းပြစ် မင်းဒဏ်သင့်ကြမည်ကိုကြောက်ခြင်း စသည့် အမျိုးမျိုးသောအကြောက်တရားများနှင့် ယှဉ်ပြိုင် ရင်ဆိုင် နေကြရပေသည်။ တချို့သော အကြောက်တရား များသည် ဘာမှအဓိပ္ပါယ်မရှိကြပေ။ ဥပမာအားဖြင့်ဆိုရသော် ကျွတ်ကျွတ်အိတ်မြည်သံကိုကြောက်ခြင်း၊ ဖားကိုမြင်လျှင်ကြောက်ခြင်း၊ မိုးခြိမ်းသံကိုကြောက်ခြင်း စသည်တို့သည် သေချာစဉ်းစားကြည့်လျှင် အဓိပ္ပါယ် မရှိကြောင်းတွေ့ရပေမည်။ အဘယ့်ကြောင့်ကျွန်တော်တို့ကြောက်ကြပါသနည်း။ ရှင်းပါသည်။ သတ္တိမရှိသော ကြောင့် ကြောက်ကြခြင်းဖြစ်ပါသည်။ အောက်တွင်ရှင်းလင်းရေးသားပါမည်။ ဗဟုသုတဖြစ်စေရန်သာ ရည်ရွယ် သည်ဖြစ်ပါသဖြင့် အယူအဆ အမှားအယွင်းလေးများပါလာပါက သည်းခံခွင့်လွတ်ပေးကြပါ ရန် နှင့် အမှားများကို ပြင်ဆင်ပေးကြပါရန်လည်း တောင်းဆိုပါသည်။


Fear.png

Image from google



လူတိုင်း လူတိုင်း စိုးထိတ်ကြောက်ရွံ့တတ်တဲ့ စိတ်ရှိတတ်ကြပါတယ် ။ အချို့သောသူများကတော့ ကြောက်စိတ်ကို အလွယ်တကူဖျောက်ပစ်တတ်ကြသော်လည်း၊ တချို့သောသူများကကြောက်စိတ်ကို စိတ်ထဲတွင် သေသည်ထိအောင် အကြာကြီးသိမ်းဆည်းထား တတ်ကြတာ မျိုးလည်းရှိကြပါသည်။ ထို့ကြောင့် ကြောက်သင့် မကြောက်သင့် ကိုတော့ မိမိတို့ကိုယ်တိုင်ပင် ပြုပြင်ယူကြရပါမည်။ ဘေးမှ သူများမှ ကူညီပေးရုံသာ တတ်နိုင်ကြပါမည်။


အကြောက်တရားရဲ့ အင်္ဂလိပ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးကို သိရှိလိုပါက နှိပ်ပါ...


"သူရဲဘောကြောင်သူများ တနည်းအားဖြင့်ဆိုသော် ကြောက်ရွံ့တတ်သောသူသည် မည်သည့်နည်း နှင့်မျှ လူလိမ္မာများ၊ အကျင့်သိက္ခာနှင့် ပြည့်စုံသူများ ဖြစ်မနိုင်ပေ"

"ကြောက်ခြင်းကို ကျွန်ုပ်အရွံမုန်းဆုံးဖြစ်သည်။ လူလူချင်း ဘာကိုကြောက်စရာရှိသနည်း။ ကြောက်ရ မည်မှာ လူလူချင်းမဟုတ် ဘုရားကိုသာ ကြောက်ရမည်ဖြစ်သည်။ ဘုရားကိုကြောက်လျှင် မည်သူ့ကိုမှ ကြောက်စရာ မလိုတော့ပေ။ ဘုရားကိုကြောက်လျှင် လူကိုကြောက်ရွံစိတ်အလိုလို ဆိတ်သုဉ်း ပျောက်ကွယ်သွားမည်သာ ဖြစ်သည်"

"အကြောက်တရားပေါ်လာရခြင်းမှာ မိမိခန္ဓာကိုယ်ကို စွဲလမ်းတွယ်တာနေသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်ကို ခင်မင်တွယ်တာနေမှုမရှိလျှင် ဘာကြောက်စရာရှိမည်နည်း။ ပစ္စည်း ဥစ္စာ ဓန၊ မိသားစု၊ ခန္ဓာကိုယ် စသည်တို့ကို ခင်မင်တွယ်တာနေမှုများသည် သို့မဟုတ် သံယောဇဉ်များကိုသာ စွန့်လွှတ်နိုင်မည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့် ဘာကိုမျှကြောက်စရာရှိတော့မည်မဟုတ်။"

"မကြောက်တရားဆိုသည်မှာ အကြမ်းဖက်ဝါဒမဟုတ်။ မကြောက်သောသူ သို့မဟုတ် သတ္တိရှိသောသူတို့၏ စိတ်သန္တာန်ဝယ် တည်ငြိမ်မှု၊ အေးချမ်းမှုများနှင့် ပြည့်လျှမ်းနေမည်သာဖြစ်ပေသည်။ ထိုသူများအနေနှင့် ဘုရားမှလွဲပြီး စကြ်ာဝဠာတွင် ကြောက်ရမည့်သူ မရှိတော့ပေ။"

ဟု ကမ္ဘာကျော်ဆရာကြီးဖြစ်သော မဟတ္တမဂန္ဒီ မှ ပြောကြားခဲ့ကြောင်း မှတ်သားဖူးပါသည်။


မဟတ္တမဂန္ဒီ_Mahatma Gandhi

Video from You Tube



မဟတ္တမဂန္ဒီအကြောင်းမြန်မာလိုဖတ်ရှုလိုပါကနှိပ်ပါ...


ဂရိပညာရှိကြီး ပလေတို_PLATOကလည်း စစ်မှန်သောသတ္တိနှင့်ပတ်သက်ပြီး

"သတ္တိဟူသည် အန္တရာယ် နှင့် ပတ်သက်သော အသိပညာပင် ဖြစ်သည်"

ဟု မိန့်ဆိုခဲ့ကြောင်း မှတ်သားဖူးပါသည်။

ပလေတို_Plato

Video from You Tube



ဂရိပညာရှိကြီး ပလေတိုအကြောင်းမြန်မာလိုဖတ်ရှုလိုပါကနှိပ်ပါ..


တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ကလည်း

"မှန်တာကို မြင်နေပါလျက်နှင့် လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် သတ္တိမရှိမှု သတိကင်းမဲ့မှုပင် ဖြစ်သည်"

ဟု မိန့်ဆိုခဲ့ပါသည်။


ကွန်ဖြူးရှပ်_Confucius

Video from google



ကွန်ဖြူးရှပ်အကြောင်းမြန်မာလိုဖတ်ရှုလိုပါကနှိပ်ပါ...


အကြောက်တရားသည် လူကိုသေစေနိုင်ကြောင်းဖတ်ဖူးပါသည်။ အဘယ့်ကြောင့်ဆိုသော် အကြောက် တရားဝင်ရောက်လာပါက ခန္ဓာကိုယ်တွင် Adrenaline ဆိုသော ဓာတ်တစ်မျိုးကို ထုတ်ပေးကြောင်း၊ ထိုဓာတ်သည် ခန္ဓာကိုယ်အတွင်းတွင် ပမာဏများပြားစွာဖြစ်ပေါ်လာပါက လူကိုသေစေနိုင်ကြောင်း ဖတ်ဖူးမှတ်ဖူးပါသည်။ သတိပြုသင့်လှပေသည်။ အကြောက်တရားဝင်လာလျှင် မဲမဲမြင်ရာ ရန်လုပ်တတ်ကြသည်။ ရှုးနေသောသူနှင့်လည်း အလားသဏ္ဍန်တူသွားတတ်ကြသည်။ စဉ်းစားဖို့ဆိုသည်မှာ မဖြစ်နိုင်၊ ပညာဥာဏ်ဆိုလျှင်လုံးဝ ဖြစ်သွားတတ်ကြပါသည်။

အကြောက်တရား၏ ဆန့်ကျင်ဖက်သည် သတ္တိ ဖြစ်သည်။ သတ္တိရှိလျှင် အကြောက်တရားပြေးမည်။ သို့သော် သတ္တိရှိသည်ဆိုတိုင်း ကောင်းမွန်သည်မဟုတ်။ ပညာဥာဏ်မပါသော သတ္တိသည် မိုက်ရူးရဲဆန်ခြင်း သို့မဟုတ် မိုက်မဲခြင်း မည်ပေမည်။ မိုက်ရူးရဲဆန်ခြင်း သို့မဟုတ် မိုက်မဲခြင်းသည် သတ္တိ မဟုတ်။ မိုက်ရူးရဲဆန်ခြင်း သို့မဟုတ် မိုက်မဲခြင်းသည် စဉ်းစားတွေးခေါ်မှု လုံးဝမပါသဖြင့် ပညာလည်းမပါချေ။

စဉ်းစားတိုင်းလည်း ပညာပါသည်ဟု မဆိုလိုပါ။ ပညာပါသော စဉ်းစားခြင်းသာလျှင် အကျိုးရှိ နိုင်ပါသည်။ ပညာမပါရှိလျှင် မည်သည့်အရေးအရာကိစ္စမျှ ကောင်းမွန်ခြင်းသို့ ရောက်ရှိနိုင်မဟုတ်။ သတ္တိရှိသည် ဆိုရာတွင် မိုက်ရူးရဲဆန်ခြင်းကို သတ္တိ ဟုမခေါ်ဆိုထိုက်ပါ။ မိမိကိုယ်ကို ဓားဖြင့် မွှမ်းရဲခြင်းသည် သတ္တိမဟုတ်။ အလွန်တရာနက်သော ချောက်အတွင်းသို့ ခုန်ချရဲခြင်းသည်။ သတ္တိမဟုတ်။ လူတစ်ဦးအား သတ်ရဲဖြတ်ရဲလုပ်ခြင်းသည် သတ္တိ မဟုတ်။ တိုင်းပြည်အတွက် အသက်စွန့်ကာ တိုက်ပွဲဝင်ခြင်းသည် သတ္တိဟုခေါ်ဆိုရမည်ဖြစ်၏။

ဤနေရာ၌ သတ်ဖြတ်ခြင်းစသည့်အမှုတို့ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပါပေ။ မိုက်ရှုးရဲဆန်ခြင်း၊ မိုက်မဲခြင်းသာ ဖြစ်ပေမည်။ မြှောက်ထိုးပင့်ကော်ပြုလုပ်တတ်သူများက “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည်“ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်ရှုးရဲဆန်ခြင်း၊ မိုက်မဲခြင်းသာ ဖြစ်ပေသည်။

သတ္တိရှိခြင်းဆိုသည်မှာ အများအကျိုးအတွက် လုပ်ဆောင်သောအမှုကိစ္စ၊ ကောင်းမြတ်သောအမှုကိစ္စတို့ကို လုပ်ဆောင်ရဲခြင်းကိုသတ္တိရှိခြင်း ဖြစ်သည် ဟု ထင်မြင်ယူဆပါမိပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်း အမှုကိစ္စတွင် စဉ်းစားတတ်သော ဥာဏ်ပညာလည်း ပါရှိသည်ဟုလည်း ထင်မြင်မိပါသည်။



fear 1 copy.png



လူသားတိုင်း၏ အနှစ်သာရသည် ဥာဏ်ပညာနှင့်ယှဉ်သော အသိစိတ်တရား ဖြစ်ပါသည်။ အသိစိတ်တရားရှိပါသော်လည်း ဥာဏ်ပညာနှင့်မယှဉ်လျှင် ကောင်းမွန်ခြင်းအဖြစ်ကို မရရှိနိုင်ပါပေ။ မည်သည့်ကိစ္စရပ်တွင်မဆို ဥာဏ်ပညာမျက်စိ မပါရှိပါက အောင်မြင်နိုင်စွမ်းနည်းပါး ပေမည်။ ကြောက်ခြင်းသည် သူ့အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်။ ထိုသို့ကြောက်ခြင်းကို အသိဥာဏ်ပညာနှင့်ယှဉ်ပြီး ကြောက်သင့်၊ မကြောက်သင့် ဆုံးဖြတ်နိုင်ရပေမည်။ အချို့သော လူမှုကိစ္စများတွင် ကြောက်သင့်သောကိစ္စများရှိပေရာ ဥာဏ်ပညာဖြင့်ယှဉ်သော ကြောက်ခြင်းကိုမူ လက်သင့်ခံအပ်ပေသည်။ ဥပမာဆိုရသော် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရန်အတွက်ကြောက်ခြင်း သည် ကောင်းမွန်သောအရည်အချင်းတစ်ရပ်အဖြစ် တည်ရှိနေသင့်သော အကြောက်တရားဖြစ်သည်။ ဥာဏ်ပညာနှင့်ယှဉ်ကာ စဉ်းစားသော အကြောက်တရားသည် မှားယွင်းသည်ဟု မဆိုသာ။ အကြောက်တရားတိုင်း မကောင်းဟု ဆိုနိုင်သလို အကြောက်တရားတိုင်း ကောင်းသည်ဟု ပြောမရပါချေ။ အကြောက်တရားက လူကို လွှမ်းမိုးသွားသောအချိန်တွင် လောကတစ်ခုလုံးသည် အမှောင်ဖုံးသွားသည်နှင့် တူပေ၏။ အကြောက်တရားလွှမ်းမိုးနေသူသည် ဘာကိုမ မစဉ်းစားနိုင်တော့ချေ။ အဘယ့်ကြောင့် ကြောက်သနည်းဆိုသော မေးခွန်းကိုမေးပြီး ကြောက်သင့် မကြောက်သင့် ဆုံးဖြတ်နိုင်သူသည် လူတော်ဖြစ်ပေမည်။ ဥာဏ်ပညာဖြင့် စဉ်းစားတွေးတောခြင်းဖြင့် လောကကြီးကို ကာကွယ်စောင့်ရှောက်သင့်ပါသည်။ ကြောက်သင့် မကြောက်သင့် စဉ်းစားနိုင်သော ဥာဏ်ပညာရရှိနိုင်ကြပါစေ။ မှန်ကန်သော အကြောက်တရားများလည်းရှိပေသေးသည်။ ကြုံကြိုက်လျှင် ရေးသားပေးပါအုံးမည်။

အချုပ်အားဖြင့်ဆိုရသော် သတ္တ၀ါများကြောက်ရခြင်းသည် မိမိတို့၏ အစွဲအလမ်းများကြောင့်ဖြစ်ပါသည်။ စွဲလမ်းခြင်းသည် ကောင်းသောအရာမဟုတ်။ ငယ်စဉ်ကလေးဘ၀က အစွဲသည် သေသည်ထိတိုင်ယူ သွားကြသူများကိုလည်း တွေ့မြင်ရပါသည်။ မိမိတို့၏ ကိုယ်ခန္ဓာကို စွဲလမ်းစိတ်ကြောင့်သာကြောက်နေကြခြင်း ဖြစ်ပါမည်။ အစွဲများ တတ်နိုင်သလောက် ပယ်ဖျောက်သင့်ပါကြောင်း နှင့် အကြောက်တရားကို စဉ်းစားဥာဏ်ဖြင့် တွန်းလှန်နိုင်ကြပါစေရန် အကြံပြုရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။

ချစ်မိတ်ဆွေများ၏ အမြင်များကကော အကြောက်တရားအပေါ်မည်ကဲ့သို့ထင်မြင်ယူဆကြပါသနည်း?

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully


stemit ansoe myanmar no word logo.png


ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

12-10-2017(Thusrsday)