အဝေး အနီး ခရီး (Distance Is Near Or Away)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ယနေ့ကျွန်တော်တို့လူသားများ၏ မနက်ဖြန်သည် သေချာမှု ရှိသည်လား။ မနက်ဖြန်သည် သေချာမှုမရှိသည်လား မည်သူမျှမသိနိုင်ဟုထင်ပါသည်။ မနေ့က ကျွန်တော်ရေးသားခဲ့ သကဲ့သို့ပင် မည်သည့်အချိန် မည်သည့်နေရာတွင် မည်သို့သောအကြောင်းဖြင့် သေဆုံးကြရ မည်ကို မည်သူမျှသေချာမသိနိုင်ပါချေ။ သေချာပေါက် သေရမည်ကတော့ သေချာပါသည်။ မည်မျှနေရမည်ကတော့ မသေချာပါချေ။ သေခြင်းတရားကို မည်သည့်အကြောင်းနှင့်မျှ မလွန်ဆန်နိုင်ကြပါ။ သေခြင်းတရားသည် မည်သည့်အကြောင်းပြချက်နှင့်မျှ ငြင်းဆန်မရ နိုင်ပါချေ။ တစ်ချိန်ချိန်တွင် တွေ့ကိုတွေ့ကြ ရမည်ဖြစ်ပါသည်။ ရှောင်လွှဲမရသောအရာသည် သေခြင်းတရားပင်ဖြစ်ပါသည်။မရဏခရီးသို့သွားကြရန် မည်မျှဝေးသနည်း။ နီးသလား ဝေးသလား။ မည်သူမျှမသိရှိနိုင်ကြပါ။ သွားရမည်ကိုတော့ လူတိုင်းသိကြပါသည်။ ရှေ့ကသွားပြခဲ့သူများလည်း အများအပြားပင်ရှိခဲ့ ကြပါပြီ။ သို့သော်လည်း လူအများစုတို့သည် မိမိတို့ကိုယ်တိုင် ထိုမရဏခရီးအား မသွားရမည် ကဲ့သို့ ထင်မှတ်နေကြလေသည်လားတော့မသိပါ။ သတိမရကြပါ သို့မဟုတ် သတိမေ့ ချင်ယောင်ဆောင်နေကြပေသည်။ မေ့နေကြသည်ကားမဟုတ်ပါ။ မေ့ချင်ယောင်ဆောင်နေကြ ခြင်းသာဖြစ်ကြပါမည်။ တစ်ချို့သောလူများဆိုလျှင် သေခြင်းအကြောင်းကို ပြောလျှင်မကြိုက် တတ်ကြသော သူများကိုလည်း တွေ့မြင်ဖူးပါသည်။ မရဏခရီးသည် ကြောက်နေရမည့်အရာ တစ်ခုမဟုတ်ဟု ကျွန်ုပ်အနေဖြင့် လက်ခံယုံကြည်ထားပါသည်။ ထိုခရီးအားသွားရန် လိုအပ်သော ရိက္ခာများစုဆောင်းထားရန်သာ လိုသည်ဟုလည်း ယူဆထားပါသည်။ အချိန် မရွေး မရဏခရီးကို အဖော်မပါတစ်ကိုယ်တည်း ထွက်သွားကြရမည်ဖြစ်သောကြောင့် နေ့စဉ် နေ့တိုင်း အချိန်တိုင်း လိုအပ်သော ရိက္ခာများ စုဆောင်းထားကြလျှင် မရဏခရီးအား ကြောက်ရန်မရှိ။ မရဏခရီးထွက်ကြရာတွင် မည့်သည့်အရာများကို တွေ့ကြရမည်ကို ကြိုတင် မသိရှိနိုင်သောကြောင့်သာ ကြောက်ရွံ့နေကြခြင်းဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။ အကယ်၍များ မရဏခရီးတွင် မည်သည့်အရာများကိုတွေ့ကြုံရမည်ဟု သိရှိနေကြပါက ကြောက်ရွံ့ကြလိမ့်မည်မဟုတ်ဟုလည်း ထင်မြင်မိပါသည်။ ကြောက်သည်ဖြစ်စေ မကြောက် သည်ဖြစ်စေ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ မရဏခရီးကို သေချာပေါက်သွားကြရမည်ပင် ဖြစ်ပါသည်။


02.png

Image from google


တစ်ချို့သည် မရဏခရီးသွားရန်အတွက် ကြိုတင်လက်မှတ်များ ရရှိကြလေကုန်၏။ ကင်ဆာလက်မှတ်များသည် အများဆုံးဖြစ်မည်ထင်ပါသည်။ လက်မှတ်ရပြီးသူများအတွက်မူ မိမိတို့ မည်သည့်အချိန်တွင် သွားကြရမည်ကို ကြိုတင်သိရှိ နေကြပေသည်။ တစ်ချို့ကား လက်မှတ်မရှိသေး ဘယ်အချိန်တွင် သွားရမည်ကို သေချာမသိကြသေး။ ထိုလက်မှတ်မရရှိကြသေးသူများအဖို့မူ လက်မှတ်ရပြီးသောသူများထက် ပိုမိုစောလျင်စွာ သွားကြရမည်လည်း ဖြစ်နိုင်သကဲ့သို့ နောက်ကျမှ သွားရမည်လည်း ဖြစ်နိုင်ပါ သည်။ သတ္တ၀ါမှန်သမျှ ထိုခရီးကို မလွန်ဆန်နိုင်သည်မှာ ထင်ရှားလှပါသည်။ ဆင်းရဲ ချမ်းသာ မရွေး၊ ပညာတတ် ပညာမတတ်ခြင်း မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆွေမျိုးကြီးခြင်း ငယ်ခြင်းမရွေး သတ္တ၀ါမှန်သမျှ မရဏခရီးလမ်းသို့ ကြွမြန်းကြရပေမည်။ ထိုခရီးအား ထွက်ခွာ ရန်အတွက် လူတိုင်းတွင် အခက်အခဲ အနည်းနှင့်အများ ရှိကြမည်သာဖြစ်ပါသည်။ မည်သူမျှ မသွားချင်ကြပါချေ။ သို့သော် ရင်ဆိုင်ကြရမည်သာဖြစ်ပါသည်။ ထို့ကြောင့် ကြိုတင် ရိက္ခာစုဆောင်းထားကြစေချင်ပါသည်။ ရိက္ခာပြည့်စုံနေလျှင် ထိုခရီးအတွက် သွားရန်ပူပင်နေ ရန်မလိုတော့ပါ။ ကြောင့်ကြနေရန်မရှိတော့ပါ။ သေခြင်းဆိုသော ထို မရဏခရီး နီးသလား ဝေးသလား မည်သူမျှမသိ။ ခန့်မှန်းရခက်ပေသည်။ အသက်ငယ်ငယ်လေးဖြင့် ထွက်သွားရနိုင်သကဲ့သို့ အသက်အရွယ်လွန်ကြီးရင့်မှလည်း ထွက်သွားရနိုင်ပါသည်။ အချို့သည် သေမည်ဟု ထင်ကြရသော်လည်း မသေသင့်သည်လား မသိ။ တော်တော်နှင့် မသေနိုင်ကြပေ။ တစ်ချို့ မည်သို့မျှ သေမည်ဟု မထင်ကြရသော်လည်း သေသွားကြရလေသည်။ ပြောရန်ခက်ပေစွ။ ခန့်မှန်းရခက်ပေစွ။ တကယ်တော့ ကျွန်ုပ်တို့ လူသားများအတွက် မနက်ဖြန်သည် ဝေးလွန်းသည်ဟုပင် ထင်စရာပါ။ မနက်ဖြန်နေထွက်ခြင်း ကို မြင်နေကြရသေးလျှင်ပင် သြော် ငါမသေသေးပါလားဟုမှတ်ယူထားကြရမည်ထင်မိပေ သည်။ မည်သည့်အချိန်တွင်သေမည်ဆိုခြင်းသည် မသိနိုင်ခြင်း ငါးပါးတွင်ပါဝင်ပေသည်။ သေပြီးနောက်တွင်လည်း မည်သည့်ဘ၀သို့ရောက်ရှိကြရမည်ကိုလည်း မသိနိုင်ကြပါချေ။ သေပြီးနောက် နတ်ဘ၀ကို ရရှိနိုင်မည်ဟုများ ကြိုတင်သိခဲ့လျှင် ချက်ချင်းပင် သေချင်စိတ် ပေါက်သွားနိုင်ပေသည်။ သေပြီးနောက် ခွေးဘ၀သို့များ ရောက်ရှိမည်ဟုသာ ကြိုတင်သိရှိ ခဲ့ပါမူ ဘယ်တော့မှ သေချင်မည်မဟုတ်တာလည်း အသေအချာပင်ဖြစ်ပေမည်။ သို့သော် သတ္တ၀ါတိုင်းကတော့ ကိုယ့်ဘ၀နှင့်ကိုယ်ပျော်နေကြသည်သာဖြစ်သည်ပင်။


03.png

Image from google


တစ်ခါက ဆရာဝန်တစ်ဦးရေးသားခဲ့ဖူးသော စာလေးကို အမှတ်ရမိပါသည်။ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သောကြောင့် အားလုံးကိုတော့မမှတ်မိတော့ပါ။ ထိုစာများအား မှတ်မိသမျှ ထဲမှ တိုတိုလေးရေးချင်ပါသည်။ ရေးသားသည့်ဆရာဝန်၏အမည်သည် ဒေါက်တာအောင်ကျော် ဖြစ်မည်ထင်ပါသည်။ သိပ်တော့မသေချာပါ။ ထိုဆရာဝန်ရေးသားထားချက်များမှာ အူယောင်ငန်းဖျားရောဂါ ဖြင့် ဆေးရုံတွင် ခွဲစိတ်ကုသခံနေရသော ဆင်းရဲသားတိုင်းရင်းသား အဖိုးအိုကြီး နှင့် ကလေးခွဲမွေးသောလူနာ တို့အကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသား အူယောင်ငန်းဖျားအဖိုးအိုကြီးသည် အူများရိဆွေးကာ အူပေါက်နေသောကြောင့် အင်မတန်ခက်ခက်ခဲခဲ ခွဲစိတ်ခဲ့ကြရသည်ဆို၏။ အသက်ရှင်ရန် တစ်ရာခိုင်နှုန်းပင်မရှိသော တောင်ရိုးလူနာသည် ဆင်းရဲမွဲတေနေသေးသည်။ ဗိုက်ခွဲခြင်းအတွက် ပေးရန်ငွေမရှိ။ သေရန်သာရှိသော်လည်း အူဆွေး အူရိများအား ဖြတ်ညှပ်ကပ်ဖြင့် ပြန်ဆက်ပေးခဲ့သည်ဟု ရေးသားထားခဲ့ပေသည်။ ဗိုက်ခွဲမွေးသော လူနာအမျိုးသမီးသည် ကျန်းမာရေးကောင်းမွန်သည် အသက်အန္တရာယ် စိုးစဉ်းမျှမရှိ။ သို့သော် နောက်တစ်နေ့နေထွက်ချိန်တွင် သေရန် တစ်ရာခိုင်နှုန်းပင်မရှိသော တိုင်းရင်းသားလူမွဲအဖိုးအိုက သေဆုံးခြင်းမရှိခဲ့ပါပဲ အသက်အန္တရာယ် စိုးစဉ်းမှမရှိသော ဗိုက်ခွဲမွေးသည့် မွေးလူနာအမျိုးသမီးသည် သေဆုံးသွား ခဲ့ရသည်ဟု ဆိုပါသည်။ ဆရာဝန်ကိုယ်တိုင် မယုံကြည်နိုင်ဖြစ်ခဲ့ရကြောင်း ရေးသားခဲ့ပေသည်။ အဘယ်သို့သောအကြောင်းကြောင့် ပြောင်းပြန်လှန်ကုန်သနည်း။ မွေးကင်းစကလေးငယ် နှင့် လင်သားဖြစ်သူတို့အားထားရစ်ကာ မရဏခရီးအား တစ်ကိုယ်တည်းခရီးထွက်သွားရရှာလေ ပြီဖြစ်သည်။ ဗိုက်ခွဲမွေးသည့်လူနာသည် ခွဲစိတ်မှုအောင်မြင်သည်။ ကျန်းမာရေးကောင်းသည်။ အသက်လည်းငယ်သည့်အတွက် နာလထမြန်သည်။ ထို့ကြောင့် ရာနှုန်းပြည့်အသက်ရှင်မည် ဖြစ်ပေသည်။ သို့သော် ရာခိုင်းနှုန်းပြည့်မှ သုညအဆင့်သို့ ရောက်ရှိသေဆုံးသွားရရှာလေ သည်။ ခွဲစိတ်လူနာအား ရေကို အာခေါင်စွတ်ရုံ ဂွမ်းနှင့်အစက်ချပေးရမည်ဖြစ်ပါသည်။ သို့သော် လူနာကိုယ်တိုင် ရေကို အ၀ ခိုးသောက်လိုက်လေသည်ဟူသတတ်။ ကဲ ကောင်းကြလေရောပေါ့ဗျာ။ မရဏခရီးကို သူကိုယ်တိုင်ရွေးချယ်လိုက်ခြင်းသာဖြစ်ပေသည် တကား။


05.png

Image from google


မရဏခရီးကို သတ္တ၀ါတိုင်းရှောင်လွဲမရသည်မှာ သေချာပါသည်။ သို့သော် ကြောက်ရွံ့နေခြင်း သည်မှန်ကန်သော ရွေးချယ်မှုမဟုတ်ပါချေ။ မှန်ကန်သော ရွေးချယ်မှုသည်ကား ထို မရဏခရီး အတွက် မှန်ကန်သော အသိဥာဏ်ဖြင့် လိုအပ်သော ရိက္ခာဖြစ်သည့် ဒါန သီလ ဘာဝနာ တရားဆိုသည့် ကောင်းမှုကုသိုလ်များအား ကြိုတင် စုဆောင်းခြင်းဖြင့် သေခြင်းတရားအား အံတုနိုင်ကြပါစေကြောင်း ဆုတောင်းပေးရင်းဖြင့် ရပ်နားလိုက်ပါသည်။


04.png

Image from google



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

20-Feb-2018 အင်္ဂါနေ့(Tuesday)