အဟောင်း အသစ် ပြောင်းလဲသင့်(Must Be Change New And Old)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
အသစ်ဝင်ရောက်လာအဖွဲ့ဝင်သစ်များတွက်လည်း သိသင့်သိထိုက်သော အချက်အချို့အား ရေးသားပြီး ဖြစ်သကဲ့သို့ ရွှေဥ ဥသောငန်းအားလည်း ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေရန်လည်း ရေးသားခဲ့ပြီးဖြစ်သော ကြောင့် ပုံမှန်မိမိရေးလိုသောအကြောင်းများကို ဆက်ရေးပါဦးမည်။ ခွင့်ပြုကြပါခင်ဗျ။ ထုံးစံအတိုင်း ကျင့်သုံးလိုက်နာနိုင်သူများအတွက် အကျိုးရှိစေမည့် စာစုလေးများ၊ စကားစုလေးများအား ရေးသားလိုက်ပါသည်။ စဉ်းစားနေရန်အချိန်မရှိကြပါ။ အားလပ်သောအချိန်များတွင် ရေးသားကြရသဖြင့် တစ်ခါတစ်ရံ အပြေးအလွှား ရေးသားရခြင်းကြောင့် အမှားအယွင်းလေးများ ပါလာတတ်ကြသည်ကိုလည်း နားလည်ခွင့်လွှတ်စေပေးကြပါ ခင်ဗျာ။ အခြားသောသူများလည်း ကျွန်တော့်နည်းတူပင်ဖြစ်ကြပေမည်။ အလုပ်တစ်ဖက်နှင့် စာရေးကြရခြင်းဖြစ် သောကြောင့်မှားယွင်းမှုများအား နားလည်ပေးနိုင်ကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။
အဟောင်းကိုစွန့်ပြီး အသစ်ကိုရယူခြင်းအကြောင်းလေးများကို မဆွေးနွေးမီ စိတ်ဓာတ်မြင့်မားသူတို့၏ အချို့သော အချက်လေးများအား ရေးသားပေးချင်ပါသည်။ သို့မှသာ မိမိတို့၏ စိတ်ဆိုးစိတ်ညစ်အဟောင်းများ ရှိနေပါက စွန့်ပစ်ပြီး စိတ်ကောင်း စိတ်သစ်များကို မွေးမြူနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့လူအများစုသည် ဘာသာတရားတစ်ခုခု၏ အဆုံးအမအောက်တွင် နေထိုင်ကြသောသူများသာ ဖြစ်ကြမည်ထင်ပါသည်။ ဘာသာမဲ့များလည်း မိမိတို့အယူအဆနှင့် မိမိတို့ နေထိုင်ကြသည်များလည်း ရှိကောင်း ရှိနိုင်ပါသည်။ နည်းပါးလိမ့်မည်ဟုတော့ထင်ပါသည်။ ကျွန်တော်ဘ၀တွင်မူ ထိုသို့ ဘာသာမဲ့နေသွားသူ သူငယ်ချင်း တစ်ဦးနှင့် အခြားသူ နှစ်ဦးတို့အားမြင်တွေ့ကြုံခဲ့ဘူးပါသည်။ ယခုပြောလိုသည်မှာ ဘာသာ အယူဝါဒမဲ့ အကြောင်း ကိုရေးသားလိုခြင်းမဟုတ်ပါ။ မြင့်မြတ်သည်ဟူသောသူတို့၏ အကျင့်စရိုက်လက္ခဏာလေးများအား ဘာသာရေး စာအုပ်များတွင် ဖတ်ဖူးသမျှ၊ မှတ်ဖူးသမျှလေးများထဲမှ အနည်းငယ်ကို ရေးသားလိုခြင်းဖြစ်ပါသည်။ လူနှင့်လူချင်း ဆက်ဆံကြရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကျိုးပြုနေတတ်ကြပါသည်။ တစ်ဦးတည်းမှ တစ်ဖက်သတ် အကျိုးပြုနေခြင်းသည် မရှိသလောက်နီးပါး ရှားပါးမည်ထင်ပါသည်။
Image from google
အလုပ်လုပ်ကိုင်ရာတွင် တက်ကြွမှုရှိခြင်း၊ ထောင်လွှားမှုမရှိခြင်း၊ မာန်မာန နှင့် မနာလိုဝန်တိုခြင်းများ၊ မကြည်မဖြူ ငြူစူခြင်း စသည့်အပြုအမူများလွတ်ကင်းကြသောသူများသည် မြင့်မြတ်သောအထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်များ ပင်ဖြစ်ပါသည်။ မိမိတို့တစ်ဦးတည်း ရလိုမှုအတွက် မကြိုးစားတတ်ကြပဲ လူအများကောင်းစားရေး၊ လူအများ အကျိုးရှိရေးကိုသာလုပ်ဆောင်တတ်ကြခြင်းများသည် အထက်တန်းစားစိတ်ဓာတ်များပင်ဖြစ်ပါသည်။ မိမိတို့၏ သဏ္ဍာန်တွင် ကိန်းအောင်းနေတတ်သောစိတ်ဓာတ်များတွင် အထက်ပါအချက်များနှင့်ပတ်သက်ပြီး ဆန့်ကျင်ဖက် များဖြစ်နေပါက ပြုပြင်နိုင်ကြပေမည်။ အထက်တန်းစားဖြစ်လိုလျှင် အောက်တန်းစားစိတ်ဓာတ်များကို ပြုပြင်မှ ရပေမည်။ မပြုပြင်ပဲနှင့်တော့ အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်၊ မြင့်မြတ်သောစိတ်ဓာတ်ပိုင်ရှင်အဖြစ်သို့ ရောက်ရှိ လာကြမည်မဟုတ်ပါ။ အထက်ပါအချက်များအပြင် အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်များသည် ဟန်ဆောင်မှုကင်း ခြင်း၊ လိမ်လည်လှည့်ဖြားမှုမရှိခြင်း၊ ရိုးသားသောစိတ်ရှိခြင်းတို့သည်လည်း ပါဝင်ပေသည်။ ထို့သို့ဆိုလျှင် ရိုးသားသောစိတ်ဓာတ်ပိုင်ရှင်များသည် အလွယ်တကူဖြင့် အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်များ ဖြစ်လာနိုင်ပေသည်။ ကတိသစ္စာတည်ကြည်ခြင်း၊ တာဝန်ဝတ္တရားများကျေပွန်ခြင်း၊ တာဝန်အားလေးစားခြင်း စသည်တို့သည်လည်း မဖြစ်မနေလိုအပ်သော အရည်အချင်းများဖြစ်ပါသည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျခြင်း ကြောင့် အရာအားလုံး နိမ့်ကျသွားတတ်သည်ကို လူအများ သတိမထားမိကြဟုထင်ပါသည်။ စိတ်ဓာတ်အဆင့် အတန်းမြင့်မားသောသူတစ်ယောက်သည် အားလုံးမြင့်မားမသွားသေးသော်လည်း သိသာထင်ရှားမှုသည် လူအများ၏အလယ်တွင်မူ မြင့်မား နေမည်ဖြစ်ပေသည်။
Image from google
တစ်ခုကိုလိုလျှင် တစ်ခုကိုစွန့်ရမည်ဖြစ်ပေသည်။ အကောင်းကိုလိုချင်ပါက အဆိုးကိုစွန့်ပစ်ရမည်မှာ ဓမ္မတာတစ်ရပ်ဖြစ်ပါသည်။ လောကသဘာဝ ဓမ္မလည်းဖြစ်ပေမည်။ သူတစ်ပါးအား နိုင်လိုမင်းထက်ပြုကျင့်ရန် စိတ်ကူးမျှပင်မရှိခြင်း၊ လူအများအား သနားကရုနာထားခြင်း၊ အခြားသူများနှင့်မတူ တမူထူးခြားနေခြင်းများသည် လည်း မြင့်မြတ်သောစိတ်ဓာတ်ပိုင်ရှင်များ၊ အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်များဖြစ်ကြောင်း သိသာထင်ရှားပါသည်။ အထက်ပါအချက်များသည် ယေဘုယျအနေဖြင့်သာ သတ်မှတ်နိုင်မည်ထင်ပါသည်။ ထိုသို့ သောစိတ်ဓာတ်ရှိသူများသည် လူအများကြားတွင် သိသာထင်ရှားလှပေသည်။ အမှန်တကယ်ပင် အခြားသူများနှင့် မတူ တမူထူးခြားစွာမြင်ရပေလိမ့်မည်။ မွေးရာပါ ဗီဇများအနေဖြင့် ပါလာသူများရှိနိုင်သော်လည်း များများစားစား ရှိမည်မဟုတ်ပါ။ ဆိုခဲ့ပြီးခဲ့သကဲ့သို့ မိမိတို့၏ ကိုယ် နှုတ် စိတ်များကို ပြုပြင်ယူရသည်ကသာ များပြားမည်ဖြစ်ပါသည်။ အကောင်းကိုလိုသော် အဆိုးကိုစွန့်၊ ငွေကိုလိုသော် လုပ်အား နှင့် အချိန်ကို စွန့်လွှတ် ရပေမည်။ မပြုပြင် မပြောင်းလဲပါပဲနှင့်တော့ မဖြစ်နိုင်ပါ။ မိမိတို့၏ လုပ်အား သို့တည်းမဟုတ် အချိန် သို့တည်းမဟုတ် ဥာဏ်ပညာတို့ဖြင့် အားထုတ်မှုမပါပဲ ငွေဆိုသောအရာကို ရရှိနိုင်မည်မဟုတ်။ အလကားရရှိသည့် အရာ လောကကြီးတွင်ဘာမျှမရှိကြောင်း ကျွန်တော် Post တင်ရေးသားခဲ့ဘူးပါသည်။ သို့သော် အချို့သောသူများ သည် အလကားဆိုသည်ကိုသာ ပါးစပ်မှတွင်တွင်ပြောနေကြသည်မှာလူပေါင်းနည်းမည်မဟုတ်။ သဘာဝအဖြစ် တည်ရှိနေသော လေအား မိမိတို့၏ အားစိုက်ထုတ်မှုဖြစ်သော ရှုသွင်းဖြင်းမပြုပဲနှင့်နေကြည့်လိုက်ပါ။ သဘာဝက ပေးထားသော လေသည်ပင် အားစိုက် ရှုသွင်းပါမှ ကိုယ်ခန္ဓာအတွက်လိုအပ်သော အောက်စီဂျင်ကို ရရှိမည်ပင်။ ရှုသွင်းခြင်းမပြုနိုင်တော့သောသူသည် လူသေသာဖြစ်ပါသည်။ အစာသစ်ကိုစားလိုပါက အစာဟောင်းဟောင်းကို စွန့်ပစ်ရမည်။ အစာဟောင်းတို့အား မစွန့်ပါပဲ အစာသစ်တို့အား ထပ်ခါထပ်ခါ စားကြည့်ပါ။ အစာများကို သာစားပြီး မစွန့်ပဲနေနိုင်ပါမည်လား။ သဘာဝတရားကြီးက လက်ခံနိုင်မည်လား။
Image from google
ယခင်ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့ဖူးသောစာသားလေးအား ပြန်လည်ရေးသားဖော်ပြပါမည်။ လမ်းတွင်ကျနေသော ပိုက်ဆံကို အလကားပဲဆိုသည်နှင့် မိမိတို့အိပ်အတွင်းသို့ အလိုအလျောက်ခုန်ဝင်လာမည် မဟုတ်ပါ။ ကျနေသောပိုက်ဆံကိုလိုချင်လျှင် အနည်းဆုံး ဖင်လေးတော့ကုန်းပြီးကောက်ရပါသည်။ သတိပြုဆင်ခြင်နိုင်ကြပါစေဗျာ။ လောကတွင် အလကားရသည်ဆိုသောအရာသည် ဘာမှမရှိကြောင်း ဆင်ခြင်ကြ ကာ အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်များအဖြစ်သို့လည်းကောင်း၊ မြင့်မြတ်သော စိတ်ဓာတ်ပိုင်ရှင်များ အဖြစ်သို့လည်းကောင်း ရောက်ရှိအောင် အားထုတ်ကြိုးပမ်းနိုင်ကြပါစေ။ အလကားကိုသာကြိုက်နှစ်သက်သော ကျွန်တော်တို့ ရွှေမြန်မာများ၏ အကျင့်ဆိုးအား ၀ိုင်းဝန်း ပြုပြင်သင့်ပါကြောင်း အကြံပြုရင်း ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-Jan-2018 တနင်္လာနေ့(Monday)