အမေ့စာတစ်စောင် (Mother's Letter)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families,
အမေကိုချစ်ကြသူများအတွက် အမေ နဲ့ပတ်သက်သော ခံစားမှု ဆောင်းပါးလေး တင်လိုက်ပါတယ်... အမေကို အမှန်တကယ် ချစ်ကြသူများ ဖြစ်နိုင်ကြပါစေ... စာတစ်စောင်ကိုဖတ်မိတဲ့ သမီးတစ်ယောက်ရဲ့ နောင်တကို အခြေတည် ရေးဖွဲ့ထားပါတယ်... တကယ်တော့ အမေတွေရဲ့ မေတ္တာကို နားမလည်တတ်သူတွေသာများပါတယ်... ပါးစပ်ကနေတော့ အမေ့ ကိုချစ်ပါတယ်တော့ ပြောနေကြတာ အမြဲတမ်း ကြားဖူးနေပါတယ်... ဒါမေပမယ့် လက်တွေ့တော့ အမေတွေဟာ သားသမီးများရဲ့ အော်ငေါက်ခြင်းကို ခံစားနေကြရတာကိုလည်း သိ မြင် ကြားနေရတာမို့ ရေးလိုက်ခြင်းဖြစ်ပါတယ်... ဆောင်းပါးတစ်ပုဒ်ဖြင့် အမေများရဲ့ မေတ္တာကို ဖော်ပြနိုင်ဖို့လည်း မလွယ်ကူပါ.. ဒါပေမယ့် ကြိုးစားရေးသား လိုက်ပါတယ်... ဆက်လက်လည်း ရေးသား ဖော်ပြနိုင်အောင် ကြိုးစားသွားပါမယ်...
ကြာခဲ့ပြီဆိုတော့ အတော်များများကိုလည်း မေ့နေပါပြီလေ... ဒါပေမယ့် မျက်ရည်ကျခဲ့ရတဲ့ စာကလေး တစ်စောင်အကြောင်း ဖတ်ခဲ့ရတော့ ဒီနေ့အထိ ခေါင်းထဲမှာ အချက်အလက် တော်တော်များများ မှတ်မိနေပါသေးတယ်...လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူး မျက်ရည်ကျခဲ့ရဖူးတဲ့ ဆောင်းပါးလေးတစ်ခုထဲက အကြောင်းအရာလေးတွေကို မှတ်ဥာဏ်ထဲရှိသမျှ အကုန် ဖြစ်ညှစ်ထုတ်ပြီး ဆောင်းပါးတစ်ပုဒ်အဖြစ်ရောက်အောင် ပြန်လည်တွန်းပို့ ရေးသားလိုက်ပါတယ်... ပုံဖော်မှု မှားယွင်းခဲ့သည်ရှိသော် ခွင့်လွှတ်ကြပါ ချစ်မိတ်ဆွေအပေါင်းတို့....
လူတိုင်း လူတိုင်းက အမေကိုပါချစ်တယ်လို့ အခြားသော မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကိုတော့ ပြောတတ်ကြပါတယ်... တကယ် ဟုတ် မဟုတ်တော့ မသိပါ... အဲဒီလို အမေ့ကိုချစ်ပါတယ်ဆိုတဲ့ စကားလုံးလေးတွေကို မိမိတို့ရဲ့ အမေကိုရော ပြောမိပါရဲ့လားလို့... အမေက ချစ်စရာကောင်းလိုက်တဲ့ ငါ့သားလေး ချစ်စရာကောင်းလိုက်တဲ့ ငါ့သမီးလေး လို့ နဖူးလေးနမ်း၊ ပါးလေးနမ်းပြီးတော့ အမြဲတမ်းပြောတတ်ပါ တယ်... သားသမီးတိုင်းကကော အမေကို ချစ်စရာကောင်းတဲ့ တို့မေမေလို့ပြောပြီး အမေ့ပါးလေးကို ဘယ်နှစ်ခါနမ်းဖူးပါသလဲ... အမေက ငါ့သားလေးစားဖို့၊ ငါ့သမီးလေးစားဖို့ ဆိုပြီး ထမင်းဝိုင်းကိုပြင်ပေး တတ်သလို အလုပ်သွားရင်လည်း ထမင်းဘူးလေးတွေ၊ ထမင်းချိုင့်လေးတွေပြင်ပေးတတ်တဲ့ အမေ့ကို သားသမီးများက အမေစားဖို့ ထမင်းဘယ်နှစ်ခါပြင်ပေးဖူးပါပြီလဲ... အမေက ငယ်စဉ်ကာလကတည်း က အမေရေပုံပြင်နားထောင်ချင်လိုက်တာလို့များပြောရင် မမောနိုင် မပန်းနိုင် ပုံပြင်တွေကိုပြောပြပေး ခဲ့တဲ့အမေကို အသက်အရွယ်ကြီးရင့်လာလ၊ို့ စာတွေကို မမြင်ရလို့ တရားစာလေးတွေကို ဖတ်ချင်ပေမယ့် မဖတ်နိုင်တော့တဲ့အခါ အမေ့ကို တရားစာလေးတွေ ဘယ်နှစ်ခါ ဖတ်ပြပေးဖူးပြီလဲ... ငယ်စဉ်ကတည်းက သားသမီးများကို ကောင်းပေ့ဆိုတဲ့အသားလေးတွေကျွေးပြီး ကိုယ်တိုင်ကတော့ အရိုးပဲကြိုက်တယ်ဆိုပြီး အရိုးကိုက်နေခဲ့တဲ့အမေ့ကို အသက်အရွယ်ကြီးလို့ အရိုးမကိုက်နိုင်ချိန်မှာ အရိုးကိုက်ပြီး အမေ့ကို အသားလေးတွေ ဘယ်နှစ်ခါလောက်ကျွေးပြီးကြပြီလဲ... အမေဖြစ်သူများအတွက် ရေးမည်ဆိုပါက စာစီကုံးရန်လုံလောက်မည်မဟုတ် အမေ့နေရာက ၀င်မေးကြည့်မည်ဆိုပါကလည်း မေးခွန်းတွေ မကုန်နိုင်မခန်းနိုင် ရှိပေလိမ့်မယ်... ဆက်မမေးတော့ပါ...
Image from google
ဝမ်းနည်းစရာကောင်းလှတဲ့ စာလေးတစ်စောင်၊ ချစ်လှစွာသော သမီးလေးရဲ့ ကြင်နာယုယမှု၊ နွေးနွေးထွေးထွေးပွေ့ဖက်မှု၊ ချစ်စဖွယ်ဖြင့်အနမ်းလေးများခြွေလင့်လာမှုကို သေဆုံးသည့်အချိန် တိုင်အောင် မျှော်လင့်ခဲ့သော်လည်း ရမသွားသည့် အမေတစ်ဦးရဲ့ ၀မ်းနည်းစရာ အဖြစ်အပျက်လေး၊ သားသမီးဖြစ်သူများ သတိထားလိုက်နာပေးသင့်ပါသော အကြောင်းအရာလေးဖြစ်လို့ ပြန်လည် စဉ်းစား ရေးသားလိုက်ခြင်းဖြစ်ပါတယ်.... မိဘတွေက သူတို့ရဲ့နာကျင်စရာ ခံစားချက်များကို သားသမီးတွေကို အများဖြင့် ဖွင့်ဟခြင်းမပြုတတ်လို့ သေဆုံးသွားမှ နောင်တနဲ့သားသမီးများ ကျန်မနေရစ်စေရန်အတွက် ရည်ရွယ်ရေးသားလိုက်ပါတယ်... အောက်က အမေ တစ်ဦးရဲ့ စာလေးတစ်စောင် ခံစားဖတ်ရူပေးပါချစ်မိတ်ဆွေတို့.....
The Powerful Message About A Mother's Love
This video from You Tube
ဒီနေ့သင်္ချိုင်းမှ ပြန်လာပြီး အိမ်ကိုရောက်တော့ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလိုက်တယ်... ရင်ထဲမှာက ဟာတာတာ ကြီးနဲ့ပေါ့။ တစ်စုံတစ်ခု လိုနေသလိုလို... တစ်စုံတစ်ခု ဆုံးရှုံးသလို ခံစားချက်နဲ့ပေါ့... ကိုယ့်ကိုကိုယ် မောပန်းပြီး အိပ်ပျော်သွားမယ် ထင်ပေခဲ့မဲ့ လုံးဝအိပ်မပျော်နိုင်ခဲ့ပါ...
ဒီနေ့က အမေ့ရဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ကို မြေချပြီးပြန်လာတာလေ... အမေ့ရဲ့ အသုဘချတဲ့ နေ့ပေါ့....
ဒီလိုနဲ့ အိပ်ချိန်ရောက်တဲ့အခါ ဟိုတွေး ဒီတွေး၊ တောင်တွေး မြောက်တွေးနဲ့ အိပ်လို့မရတဲ့အတူတူဆိုပြီးတော့ အမေ့ရဲ့အခန်းထဲကို ဝင်ကြည့်ချင်စိတ်ပေါ်လာတဲ့အတွက် အမေ့အခန်းဖက်ကို ကူးသွားခဲ့မိတယ်... အမေအိပ်ရာက သန့်ရှင်းသေသပ်စွာနဲ့ ရှိနေတယ်... ဒီအချိန်အထိတော့ အမေနဲ့ပတ်သက်လို့ ထူးထူးခြားခြား ခံစားချက်မရှိခဲ့သေးဘူး... ဒီလိုနဲ့ အမေ အသုံးပြုခဲ့တဲ့ပစ္စည်းလေးတွေကို လိုက်ကိုင်ကြည့်ရင်းကနေ အမေရဲ့အိပ်ယာပေါ်တက်ထိုင်လိုက်တယ်... အိပ်ယာပေါ်ထိုင်ရင်း လက်ကအလိုလို အမေ့ရဲ့ခေါင်းအုံးကို လှန်လောရှာဖွေမိတယ်...အမေ့ခေါင်းအုံးအောက်ကနေ နွမ်းဖတ်နေနဲ့ စာရွက်လေးနဲ့ရေးထားတဲ့ စာတစ်စောင်ထွက်လာတယ်....
Video from You Tube
ချစ်လှစွာသော ချစ်သမီးလေး _
ချစ်သမီးလေး အမေ့ကို အနမ်းကလေးမြန်မြန် လာပေးပါလား... အမေ့ရဲ့ ပါးရေနားရေတွေ တွန့်သွားတဲ့အချိန်ထိ မစောင့်ပါနဲ့လား...
ချစ်သမီးလေး အမေ့ကို မြန်မြန်လေးလာပြီး ပွေ့ဖက်ထားပေးပါလား... ချစ်သမီးရဲ့လေး အထိအတွေ့ကို အမေမခံစားနိုင်တဲ့အချိန်ထိ မစောင့်ပါနဲ့လား...
ချစ်သမီးလေး အမေနဲ့ ရင်းရင်းနှီးနှီး နွေးထွေးစွာ နေပေးပါလား.. အမေ့မျက်စိတွေ မမြင်နိုင်တော့တဲ့အချိန်ထိ မစောင့်ပါနဲ့လား...
ချစ်သမီးလေး အမေကို ချစ်တယ်လို့ တစ်ခွန်းလောက်ပြောပေးပါလား... သေခြင်းဆိုတဲ့ မြစ်ကြီးခြားသွားပြီး အမေ မကြားနိုင်တော့တဲ့အချိန်ထိ မစောင့်ပါနဲ့လား...
Image from google
ဒီစာကို ကျွန်မဖတ်ပြီးချိန်မှာ နှလုံးသားတစ်ခုလုံး ပြုတ်ထွက်သွားပြီလို့် ခံစားလိုက်ရတယ်...ကျွန်မက အမေ့ရဲ့ ခံစားချက်ကို ဘာတစ်ခုမှ နားလည်ခံစားမပေးခဲ့တာပါလားဆိုတာသိလိုက်ရတယ်... ကျွန်မက လောကမှာ လူအများအားကျရလောက်တဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပါ...အပြင်လောကမှာ အောင်မြင်စွာရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်တယ်လေ... ကျွန်မပြန်မြင်ယောင်မိပါတယ်... ကျွန်မကို အမေက အမြဲတမ်း နီးနီးကပ်ကပ်နဲ့ ကျွန်မလိုအပ်မယ် ထင်တဲ့ အရာမှန်သမျှတွေကို အောက်ခြေသိမ်း အကုန်လုပ်ပေးခဲ့တယ်...
တစ်ခါတစ်လေအပြင်က ညနက်မှ ပြန်လာခဲ့ပေမယ့်လည်း အမေမအိပ်သေးဘဲ တံခါးစောင့်ဖွင့်ပေးခဲ့တယ်... တစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်တိုင်း "အမေ...သွားအိပ်တော့ ဘာလို့ ဒီချိန်ထိမအိပ်သေးတာလဲ...သမီးအရမ်းပင်ပန်းနေတယ်... အိပ်တော့မယ်" ဆိုပြီး ကိုယ့်ရဲ့အခန်းထဲကိုပဲ တန်းဝင်သွားခဲ့မိတယ်...
ကျွန်မအပြင်ကပြန်လာတိုင်း အလုပ်ကပြန်လာတိုင်း အမေက "သမီးလေး...ထမင်းစားတော့မလား...သမီးလေးကြိုက်တတ်တာတွေကို အမေ ဖွယ်ဖွယ်ရာရာ ချက်ထားပါတယ်... အမေလည်း သမီးနဲ့အတူတူ ထမင်းစားဖို့စောင့်နေတာ" လို့ပြောတိုင်း "အမေကလဲ...ကိုယ့်ဖာသာကိုယ်စားပါလား...သမီးဒီနေ့ စိတ်တွေအရမ်း အရမ်းရှုပ်ထွေးနေတယ်... သမီး အခန်းထဲဝင်ပြီး နားတော့မယ်...အမေဖာသာစားပြီး အိပ်တော့" လို့လည်း အမြဲတမ်းပြန်ပြောခဲ့မိတယ်...
တစ်ခါတစ်လေ အိမ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ပျော်ပျော်ပါးပါးနေနေချိန်မှာ အမေ ထွက်လာတတ်ပြီး "သမီးလေး...ဘာတွေလိုအပ်သေးလဲ... အမေ ဘာလုပ်ပေးရအုံးမလဲ..." လို့များလာမေးလာခဲ့ရင် ကျွန်မ အရမ်းစိတ်ဆိုးပြီး အမေကိုအော်မိခဲ့တယ်... "အမေ...ကိုယ့်ဖာသာနေပါ... ဘာမှလည်းမလိုဘူး...အနားလည်းမလာပါနဲ့" ဒါကိုလဲ အမေက ဘာမှမပြောပဲ တိတ်တိတ်လေးဘဲ ထွက်သွားခဲ့တတ်တယ်... မမြင်ကွယ်ရာမှာတော့ မျက်ရည်ကျနေမှာ အမှန်ဘဲလို့ သိလိုက်ပါတယ်...
ကျွန်မဟာလေ အမေအပေါ်မှာ ဘာတစ်ခုမှ အသိအမှတ်မပြုခဲ့ဘူးပါလားလို့ သိလိုက်ရတဲ့ချိန် ရင်ထဲမှာ တစ်ဆစ်ဆစ်နဲ့ အင်မတန် နာကျင်စွာ ခံစားလိုက်ရပါတယ်..... တန်ဖိုးထားရမှန်းကို မသိလိုက်တဲ့ တန်ဖိုးကြီးမားလွန်းလှတဲ့ အရာတစ်ခု ဆုံးရှုံးလိုက်မှပဲ သိလိုက်ရတဲ့ချိန်မှာ အရမ်းနောက်ကျသွားပါပြီ... ကျွန်မကို ချစ်သော အမေ လူ့လောကကြီးကို ကျောခိုင်းလို့ ထွက်ခွာသွားပါပြီ... သေခြင်းတရားဆိုတဲ့ မြစ်ကြီးလည်း ခြားသွားခဲ့ပါပြီ...ဘယ်လိုမှ အစားထိုး ပြန်မရနိုင်တော့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးကို ကျွန်မ ဆုံးရှုံးလိုက်ရပါပြီ... အမေ သတိရတတ်လာတာပေါ့နော်... အမေလို့ အားရပါးရ အော်ခေါ်ချင်ပေမယ့် ခေါ်စရာမရှိတော့တဲ့ဘ၀... မရှိတော့ပေမယ့် အမေလို့လည်း အော်ခေါ်ရင်းနဲ့ အားရပါးရ ရှိုက်ကြီးတငင်ငင် ငိုကြွေးမိပါတော့တယ်...
Image from google
ကျွန်မအမေရဲ့စာကို လာမဲ့ တနင်္ဂနွေနေ့(Sunday) ဘုရားကျောင်း(Church) မှာ ပြန်လည်ဖတ်ပြရင်း ကျွန်မလိုလူမိုက်တွေအတွက် တစ်ဘ၀လုံးကို နောင်တကိုရင်ဝယ်ပိုက်ပြီး ကျန်ရစ်မနေခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်... ဘုရားကျောင်းလာတက်တဲ့သူ အယောက်(၂၀၀)ကျော်လောက်ရှိမယ်ထင်ပါတယ်... အဲဒီ လူအယောက်(၂၀၀)ကျော်ကို အမေရေးခဲ့တဲ့စာကို ဖတ်ပြပြီးချိန်မှာ ကျွန်မအပါအဝင် လူ အားလုံး မျက်ရည်မကျတဲ့သူမရှိပါ.. နောက်ပြီး လူတော်တော်များများက ကျွန်မကို လာပွေ့ဖက်ပြီး နှစ်သိမ့် အားပေးကြပါတယ်... ဒါပေမဲ့ ကျွန်မရဲ့ အမေ့ကိုသတိရစိတ်ကတော့ မပြေနိုင်တော့ပါဘူး... မဖြေဆည်နိုင်တော့ပါဘူး... အမေသာ ကျွန်မကို လာပွေ့ဖက်ပြီး နှစ်သိမ့်ပေးရင် ဘယ်လောက် ကောင်းမလဲလို့ စိတ်ထဲကနေ တောင်းတနေမိတယ်ပေါ့.... ဒါကမဖြစ်နိုင်တော့မှန်းသိပေမယ့် တောင့်တမိတဲ့ဆန္ဒတစ်ခု အလိုလျောက်ဖြစ်ထွန်းလာခဲ့တာပါ...
ဆောင်းပါးလေးကတော့ ဒီနေရမှာတင် အဆုံးသတ်သွားပါပီ....ဒါပေမယ့် ကျွန်တော့်အတွေးများ ကတော့ ဆက်လက်တွေးတောနေဆဲပါ...
အမေ(Short ဗီဒီယိုလေး)ကိုတော့ဝင်ကြည့်သွားပါအုံး....
This video from You Tube
ကျွန်တော် ဒီဆောင်းပါးကိုရေးနေစဉ်မှာပဲ အတွေးလေးတွေ တွေးနေမိတယ်...ကျွန်တော်တို့ သားသမီးတွေဟာ မိဘတွေဆီက အများကြီး မျှော်လင့်တောင်းတတတ်ကြပြီး မိဘတွေကို ပြန်လည်ပေးဆပ်ခြင်း စိတ်တွေကတော့မရှိသလောက်နည်းပါးနေတတ်ကြပါတယ်... အဲဒါဟာ မှားယွင်းနေတယ်လို့ ခံစားလာမိပါတယ်... မိဘတွေဆိုတာကည်း ကျွန်တော်တို့လို လူတွေပဲလေ...သူတို့လဲ သားသမီးတွေဆီက ကြင်နာမှု နွေးထွေးမှုကို လိုချင်မှာပဲလေ... သူတို့လည်း ချစ်တတ်တယ်၊ ခံစားတတ်တယ်၊ ကြေကွဲတတ်တယ်၊ နာကျင်တတ်တယ်၊ နူးညံ့တတ်ကြပါတယ်ဗျာ... ဒါကြောင့် ကျွန်တော်တို့ သားသမီးတွေ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်သင့်တယ်လို့လည်း ခံစားလာမိပါတယ်... မိဘတွေ သက်ရှိထင်ရှားရှိနေချိန် နွေးထွေးစွာ ဆက်ဆံပေးသင့်ပါတယ်... သူတို့တွေရဲ့ စေတနာတွေကို စော်ကားတဲ့အပြုအမူတွေနဲ့ မတုန့်ပြန်မိအောင်တော့ ကြိုးစားရမယ်လို့လည်း တွေးတောလာမိ ပါတယ်... ဆက်ရေးသားလျှင် အင်မတန်ရှည်လျားနေအုံးမည်ဖြစ်ပါသောကြောင့် ဒီဆောင်းပါး အတွက်တော့ ဒီနေရာမှာ ရပ်နားခွင့် ပြုပါခင်ဗျာ... နောက်ထပ်လည်း ဆက်လက်ရေးသားပါအုံးမည်... အမေများကြောင်းကို ရေးလျှင် ကုန်နိုင်အံ့မထင်... ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမများခင်ဗျာ...
တိရစ္ဆာန်များပင်လျှင် မိမိတို့ သားသမီးများအား ကောင်းမွန်စွာ စောင့်ရှောက်တတ်ကြတယ်.... အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေက တော့ ပြောစရာမလိုလောက်ပါ... ထိုကျေးဇူးတရာများအား အမြဲသတိရနေနိုင်ပါစေ...
All videos from You Tube
ကျေးဇူးမဆပ်နိုင်လျှင်နေပါစေ... ကျေးဇူးမသိတတ်သော ကျေးဇူးကန်းသော သားသမီးအဖြစ်မှ ကင်းဝေးနိုင်ကြပါစေ လို့လည်း ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါသည်....
ယခုဆောင်းပါးဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များအားလုံးကို စုံဆယ်ဖြာ ထိပ်မှာမိုးလျှက် ရိုသေစွာ ရှိခိုးဦးခိုက် ပူဇော်လိုက်ပါတယ်ခင်ဗျာ.... ကာယကံ ၀စီကံ မနောကံ ဆိုသော ကံ သုံးပါးတို့ဖြင့် စော်ကားမိပါကလည်း ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်ခင်ဗျာ....
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-10-2017(Saturday)