အပေါင်းအသင်း

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လောကတွင် ပေါင်းသင်းကြရသောလူတို့သည် ကောင်းမွန်သော အပေါင်းအသင်းများဖြစ်ပါက လုပ်ငန်းအားလုံး ကို ပြီးမြောက်စေနိုင်သည်ဟု ရှေးရှေးတုံးကပင် ကြားခဲ့ဖူးကြပေသည်။ အပေါင်းအသင်းဆိုသည်ကလည်း လူ့လောကတွင် မပေါင်းမသင်းချင်လို့မရပေ။ လူလောကတွင်နေထိုင်နေသေးသမျှ ကာလပတ်လုံး လူနှင့်လူချင်း ဆက်ဆံနေကြရမည်သာဖြစ်ကြောင်း မကြာခဏထည့်သွင်းရေးသားခဲ့ဖူးပါသည်။ အပေါင်းအသင်း ကောင်းလျှင် ကိုယ်လည်းကောင်းမှာဖြစ်သလို အပေါင်းအသင်းမကောင်းလျှင် ကိုယ်လည်း ပျက်စီးဆုံးရှုံးရ တတ်ပါသည်။ အပေါင်းအသင်းဆိုတော့ လူအများစုကတော့ အပြင်မှာပေါင်းကြ သင်းကြ ရတာကိုပဲ ပြေးမြင်မိကြလိမ့်မည်။ အပေါင်းအသင်းဆိုတာ ငယ်စဉ်က တက္ကသိုလ်တက်မှ လုပ်ငန်းခွင်ဝင်မှ စီးပွားရေးလုပ်ငန်းတွေလုပ်မှ ပေါင်းကြ သင်းကြရတယ်လို့ ထင်မှတ်စရာပါ။ တကယ်တော့ အပေါင်းအသင်း ဆိုတာက ငယ်စဉ်ကတည်းက ပေါင်းကြ သင်းကြ ဆက်ဆံကြရတဲ့သူတွေလည်းပါမယ်ဗျ။ မိဘဆွေမျိုးအသိုင်း အ၀ိုင်းဆိုတာကလည်း အပေါင်းအသင်းလို့သတ်မှတ်နိုင်မှာပါပဲ။ ဆွေမျိုး မိဘပင်ဖြစ်လင့်ကစား အပေါင်းအသင်း အဆက်အဆံမလုပ်ရင် အပေါင်းအသင်းမဖြစ်နိုင်ဘူးထင်ပါတယ်။ တွေ့တဲ့အချိန် နှုတ်ဆက် ပြီးရင်မေ့သွားမှာပါ။ အပေါင်းအသင်းကောင်းဆိုတာကတော့ အဲလိုဖြစ်လိမ့်မယ်မဟုတ်ဘူး။ အဖေ အမေတို့သည်ပင်လျှင် အပေါင်းအသင်းပင်ဖြစ်လိမ့်မယ်။ အဖေနဲ့အမေတို့သည် အများအားဖြင့်တော့ အပေါင်းအသင်းကောင်းများ ဖြစ်တတ်ပါသည်။ အပေါင်းအသင်းကောင်းအဖြစ် မတည်ရှိသော အဖေ အမေများ လည်း ရှိနိုင်သော်လည်း အလွန်ပင်နည်းပါးပါလိမ့်မည်။ လူတို့သည် ကလေးဘ၀ ငယ်စဉ်ကပင် အဖေအမေတို့၏ ပေါင်းသင်းဆက်ဆံရေးကို အတုယူဆက်ဆံတတ်ကြပါသည်။


04.png


အပေါင်းအသင်းကောင်းနှင့်ဆက်ဆံမိသော သူတို့သည် တဖြည်းဖြည်းချင်းဖြင့်သာ ကောင်းမွန်သော ဘ၀ကို ပိုင်ဆိုင်လာနိုင်သော်လည်း၊ ဆိုးရွားသော မကောင်းသော အပေါင်းအသင်းကြောင့် ချက်ချင်းလက်ငင်း ဒုက္ခတွေ့ရတတ်ပါသည်။ ယနေ့ခေတ်လူငယ်တို့ပျက်စီးနေရခြင်း၏ အဓိကတရားခံသည် အပေါင်းအသင်း ကြောင့် ဖြစ်ကြောင်းတွေ့မြင်နိုင်ပါသည်။ ဖဲရိုက်တတ်သော အပေါင်းအသင်းကြောင့် မိမိကိုယ်တိုင်က ဖဲမရိုက်သော်လည်း အပေါင်းအသင်းဘေးနားတွင် ထိုင်ကြည့်မိသောကြောင့် အချုပ်ထဲရောက်သွားကြသော သူများ တွေ့မြင်ဖူးကြပေလိမ့်မည်။ မိမိကိုယ်တိုင် အရက် ဘီယာ မသောက်သော်လည်း အပေါင်းအသင်းက သောက်စကားတတ်သောကြောင့် ရန်ဖြစ်ရာတွင် မိမိအပေါင်းအသင်းဖက်မှ ပါဝင်မိကာ အချုပ်ထဲရောက် ကုန်ကြရပေသည်။ မကောင်းသောအကျင့်ကြောင့်မဟုတ်သော်လည်း အပေါင်းအသင်းမှားသောကြောင့် ဒုက္ခရောက်ရတတ်ကြောင်းမြင်တွေ့နေကြရပေသည်။ ကောင်းကျိုးအား ခံစားရန်အချိန်ကြာမြင့်တတ် သော်လည်း အများအားဖြင့် မကောင်းမှု၏အကျိုးသည် ချက်ချင်းလက်ငင်း ခံစားရတတ်ပါသည်။ မိသားစုဆိုတဲ့ အသေးဆုံး လူမှုအသိုင်းအ၀ိုင်းလေးမှာတောင် ဆိုးရွားတဲ့အကျင့်ရှိတဲ့ အပေါင်းအသင်းပါလာခဲ့ရင် ကျန်တဲ့ မိသားစုဝင်တွေ အင်မတန်ဒုက္ခများတတ်ပါသည်။ အရင်းနှီးဆုံး အပေါင်းအသင်းဖြစ်တဲ့အတွက် ပိုပြီးဒုက္ခနဲ့တွေ့ ရတတ်ပါသည်။ ပိုပြီးတော့လည်း ပူလောင်သောက ရောက်ကြရပါသည်။ အခြေခံလူအသိုင်းအ၀ိုင်း ပေါင်းသင်းဆက်ဆံရေးကနေ မကောင်းတဲ့အကျင့်ရှိသူတစ်ယောက်ကြောင့် အခြားသူတွေဒုက္ခရောက်တတ် ခြင်းကလည်း အခုမှဖြစ်တဲ့ အကြောင်းတစ်ခုလည်း မဟုတ်ခဲ့ပါဘူး။ ရှေးရှေးတုံးကတည်းက ဖြစ်ပျက်လာခဲ့တဲ့ အရာတစ်ခုသာဖြစ်ပါတယ်။


02.png


အခြားသောအရာအတော်များများသည်လည်း ရှေးခေတ်အဆက်ဆက်ကပင် ဖြစ်ပျက်ခဲ့ဖူးကြသော အကြောင်းအရာများက များပါသည်။ ယနေ့အချိန်ထိတိုင် ဆက်လက်ဖြစ်ပျက်နေသည်ကို ကြည့်ခြင်းအားဖြင့် အများစုက ပြုပြင်ပြောင်းလဲခြင်းမရှိကြောင်းသိနိုင်ပေသည်။ အများစုသောလူတွေက သူတစ်ပါးရဲ့ မှားယွင်းမှု တွေကိုကြည့်ပြီး ကိုယ်တိုင် ထိုသို့အမှားမျိုးမပြုလုပ်မိစေရန်အတွက် ကြိုးစားခြင်းမရှိတာကြလို့ပဲ ထင်ပါသည်။ အမှားအယွင်းတစ်ခုသည် တစ်ခါမှားယွင်းရုံဖြင့် ဘာမှမဖြစ်နိုင်သော အမှားအယွင်း ဖြစ်နိုင်သော်လည်း တစ်ခါမှားရုံဖြင့် တစ်သက်လုံး ဘ၀ပျက်သည်အထိ ဖြစ်သွားတတ်သော အမှားအယွင်းများလည်း ရှိပေသည်။ တစ်ခါတည်းပါလုပ်လို့မရနိုင်သော အမှားအယွင်းတို့သည် အများအပြားရှိနေပါသည်။ ဒါ့ကြောင့် အခြေခံ အပေါင်းအသင်းမှအစ အမြင့်ဆုံးအပေါင်းအသင်းတိုင်အောင် ကောင်းသောအပေါင်းအသင်းများကို အများအပြား ပေါင်းသင်းအပ်ပေသည်။ အဆိုး နှင့် အကောင်းသည် ရောထွေးနေတတ်သော်လည်း အကောင်းများနေသော အပေါင်းအသင်းမျိုး များပြားစွာ ရှိနေသင့်ပါသည်။ အဆိုးများနေသော အပေါင်းအသင်း တို့နှင့်သာ ပေါင်းဖော်မိပါက ဆိုးကျိုးများရနိုင်ပေသည်။ ဆိုးကျိုးဆိုရာတွင်လည်း စီးပွားရေး၊ လူမှုရေးတို့အား ထိခိုက်စေသော အကျိုးတို့က ပိုမိုသိသာလှပေမည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသည် အကြီးမားဆုံးဖြစ် သော်လည်း မိမိကိုယ်တိုင်သိနိုင်မည်မဟုတ်ဟုထင်ပါသည်။ အတုအယောင်ဖြစ်သော အပေါင်းအသင်းတို့သည် ပိုမိုဆိုးရွားစေတတ်ပါသည်။ ရန်သူအဖြစ်ဆက်ဆံသူအား ကြောက်ရန်မလိုကြောင်း၊ အပေါင်းအသင်း မိတ်ဆွေအတုတို့အား ကြောက်ရမည်ဖြစ်ကြောင်း စာပေများတွင် ရေးသားထားကြပါသည်။ ရန်သူကို ရန်သူဟု သိနိုင်သော်လည်း မိတ်ဆွေတု အပေါင်းအသင်းအတု တို့ကို သိနိုင်ရန်မလွယ်ကူသောကြောင့်ဖြစ်ပေမည်။


03.png


ကျွန်တော်တို့နိုင်ငံသည်လည်း အပေါင်းအသင်းမှားနေလေသည်ဟုထင်မြင်မိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသာမက မြေပေါ် မြေအောက် သယံဇာတများ အလွန်ပေါများသည့် တိုင်းပြည်ပင်ဖြစ်သော်လည်း ယနေ့ထိတိုင် သူများနောက်က လိုက်နေရခြင်းသည် အပေါင်းအသင်းမှားနေခြင်း မိတ်ဆွေအတုအယောင်များ နေခြင်းပင်ဖြစ်ပေမည်။ လက်တွဲခေါ်ယူသယောင်ယောင် နှင့် နှစ်ပေါင်းများစွာကြာသောအချိန်တွင် လုံးပါးပါးကာ ပရုတ်လုံးဖြစ်နေသာ ကျွန်တော်တို့နိုင်ငံသည် အမှန်ပင် အပေါင်းအသင်းမှားနေခြင်းသာဖြစ်ပေမည်။ အပေါင်းသင်းကောင်းနေသော နိုင်ငံခြားတိုင်းပြည်များသည် ဘာသယံဇာတမှမရှိပါပဲ၊ စိုက်ပျိုးရေးလည်းလုပ်မရ၊ မွေးမြူရေးလည်းအလုပ်မဖြစ်သော နိုင်ငံပေါင်းများစွာက ရှေ့တန်းသို့ရောက်ရှိကြပေသည်။ မှန်ကန်သော စေတနာ၊ မှန်ကန်သော ပညာတို့ဖြင့် ကူညီနေမှခြင်းကြောင့်သာ တိုးတက်လာခြင်းဖြစ်ပေမည်။ မမှန်မကန် ပြုလုပ်နေသော မိတ်ဆွေတုများဖြစ်ပါမူ ထိုနိုင်ငံများသည်လည်း တိုးတက်လာဖွယ်မရှိဟုလည်း ထင်မိပါသည်။ ကျွန်တော်အထင်များသာဖြစ်သောကြောင့် မှားချင်လည်း မှားနိုင်ပေသည်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့နိုင်ငံသည် ပရုတ်လုံးကဲ့သို့ တဖြည်းဖြည်းလုံးပါးပါးနေသည်ကတော့ အမှန်အကန်ပင်ဖြစ်ကြောင်း သိသာနိုင်ပေသည်။ မည်သည့်အပေါင်းအသင်းသည် ဆိုးပြီး မည်သည့်အပေါင်းအသင်းသည် ကောင်းကြောင်း သိနိုင်လောက်သော အသိဥာဏ်ပညာတို့သည် ငါ ဟူသော အတ္တ ၏ ဖုံးလွှမ်းမှုကို ခံနေကြရတဲ့အတွက် ကြာလျှင် ပရုတ်လုံးလို အစပျောက်သွားမည်ကို စိုးရိမ်စရာပင်ဖြစ်ပါသည်။ ချစ်မိတ်ဆွေတို့သည်လည်း အပေါင်းအသင်းကောင်းများနဲ့ တွေ့ဆုံနိုင်ကြပြီး လုံးပါးပါးသော အဖြစ်မျိုးမှ လွန်မြောက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ရပါသည်။



ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

1-Oct-2018 တနင်္လာနေ့(Monday)