အပြော နှင့် အလုပ် (Say And Do)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



say and do copy.png

Image from google


လူတို့တွင် ကျင့်ဝတ်များရှိကြသည်ကို ကျွန်တော်ရေးသားခဲ့ဘူးပါသည်။ ယခုအခါ ကျွန်တော့်အနေဖြင့် ရေးသားလို သည်မှာ မှားယွင်းသောအလေ့အကျင့်များအကြောင်းကို တစေ့တစောင်းလေ့လာနိုင်ရန်ရေးသားလိုပါသည်။ ထိုသို့ အမှားများကိုဖြစ်စေတတ်သော အကြောင်းကိုရေးသားလိုခြင်းသည် ကျွန်တော်တို့ လူသားများသည် နေ့စဉ်နှင့်အမျှ မှားယွင်းနေတတ်ကြပါသည်။ အတ္တကိုရှေ့တန်းတင်ထားကြသည့် သတ္တ၀ါတွင် လူသည် အဆိုးရွား ဆုံးဖြစ်မည်ထင်သည်။ ကံကောင်းသဖြင့် လူ့ဘ၀ကိုရရှိခိုက်တွင် မှားယွင်းမှုများကြောင့် နောက်နောင် တွင်ဆုံးရှုံးမှုသည် အကြီးဆုံးဖြစ်သွားတတ်ကြသည်ကို သတိပြုဆင်ခြင်နိုင်ကြပါစေကုန်။

ကျွန်တော်တို့သည် အခြားသူများအား ထည့်မတွက်တတ်ကြသည့်လူကများမည်ထင်ပါသည်။ ငါစားရလျှင်ပြီးရော။ ဘယ်သူငတ်ငတ်ဆိုသူများ လောကတွင် အမှန်တကယ်ရှိနေပါသည်။ အားလုံးအားမေတ္တာထားပါသည် ဟုဆိုကာ မိမိတို့အကျိုးစီးပွားတစ်စုံတစ်ရာထိခိုက်လာပါက အဖေ အမေ ဆရာသမားများကိုပင် ပြန်လှန်ရန်လုပ်တတ်လာကြ သည်ကိုမြင်တွေ့ရပါသည်။ ပါးစပ်မှပြောစကားအနေဖြင့်မူ အဖေ အမေကို အလွန်တရာချစ်ခင်ပြတတ်ပေသည်။ သို့သော် လက်တွေ့တွင်မူ အရက်ဖိုးမပေးသောကြောင့် အဖေ အမေ ကိုသတ်ဖြတ်ခြင်း၊ မိမိအား ဆုံးမတတ်သော ဆရာသမားအား မကျေနပ်သဖြင့် ရန်ပြုတတ်ခြင်းများကိုသာ ပြုလုပ်နေတတ်ကြပေသည်။ မည်သို့ပြောဆိုရမည် မသိပါ။ အမိ အဖ ဆရာသမားများသည် အနန္တဂိုဏ်းဝင်သူများဖြစ်ကြရာ စော်ကားမိပါက သံသရာတွင် ၃၁ ဘုံတွင် အပါအ၀င်ဖြစ်သော လူတိုင်းပါးစပ်တွင်လည်း အမြဲလိုလို ရီစရာအဖြစ် ပြောတတ်ကြသော ငရဲဆိုသော ဘုံ တစ်ခုတွင် မလွတ်တမ်းခံစားကြရတတ်ပါသည်။ လူအများကို နားလည်နိုင်အောင်ကြိုးစားနိုင်သူသည် လူကောင်း တစ်ယောက်ဖြစ်မည်ပင်။ သို့သော် လူအများကမူ ထိုသူအားအကောင်းထင်ချင်မှ ထင်ပေမည်။ မိမိတို့အတွက် အကျိုးစီးပွားမရရှိပါက အကောင်းမြင်နိုင်ရန်မလွယ်ကူပါ။ ထို့ထက် မိမိအကျိုးစီးပွားထိခိုက်လာပါမူ ရန်ပြုရန်ပင် ၀န်လေးကြမည်မဟုတ်ကြပါ။ ကျွန်တော်တို့သည် အတ္တရှိကြသော လူသားများဖြစ်ပါသည်။ သို့သော် မိမိတို့၏ အတ္တကို အမြဲ ရှေ့တန်းတင်ကာ အခြားသူများအားလျစ်လျူရှုခဲ့ပါမူ ဒုက္ခရောက်တတ်ပါသည်။


hell.png

Image from google


ကျွန်တော်တို့သည် အခြားသူများ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းများပြုလုပ်ကြပေသည်။ သို့သော် ထိုသို့စွန့်ကြဲပေးကမ်း ကြရာတွင် အချို့သောသူများသည် မိမိတို့ မကြိုက်မနှစ်သက်တော့သော၊ မိမိတို့ အသုံးမပြုတော့သော၊ မိမိတို့အတွက်လုံးဝအသုံးမ၀င်တော့သော ပစ္စည်း၊ စားစရာအစားအစာများကိုသာ ပေးကမ်းစွန့်ကြဲတတ်ကြသည် ကိုလည်းတွေ့မြင်ရပါသည်။ ကြိုက်နှစ်သက်သောပစ္စည်းအားလည်းကောင်း၊ ကြိုက်နှစ်သက်သောအစားအစာအား လည်းကောင်း ပေးကမ်းစွန့်ကြဲရန်လက်တွန့်တတ်ကြပေသည်။ ကျွန်တော်လည်းထိုနည်းအတူပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်တိုင်အတွက် အလိုမရှိသောအရာအား အခြားသူများအပေါ်သို့လည်း မပြုလုပ်မိပါစေနှင့် ဟူသော ဆုံးမစကားလေးကို ကြားဖူးပါသည်။ မည်သည့်ဘာသာတရားမှလာသော စာမှန်းမသိပါ။ ငယ်စဉ်ဘ၀ကလေး အရွယ်ကပင် လူတို့သည် မိမိအစားအစာအားလုယက်ခံရပါကလည်းကောင်း၊ ကစားစရာအား လုယက်ခံရပါက လည်းကောင်း ရန်လုပ်တတ်ကြကြောင်း လူတိုင်းသိကြပါသည်။ ရန်လုပ်ခြင်းဖြင့်မနိုင်လျှင် အော်ဟစ်ငိုယိုတတ် ကြသည်မဟုတ်ပါလား။ ငယ်စဉ်ကပင် အတ္တကိုဖော်ပြနေခြင်းဖြစ်ပါသည်။ တရားဟောနေသည်နှင့်တူနေသလား မသိ။ စိတ်တွင်ပေါ်လာသမျှ ချရေးနေခြင်းကြောင့် တချို့အကြောင်းအရာများ အဆီအငေါ်မတည့်ခဲ့ပါမူ ခွင့်လွှတ် ဖတ်ရှုပေးကြပါခင်ဗျာ။

လူအများသည် အမြဲတမ်းလိုလို လွဲမှားစွာမှတ်သားတတ်နေသလိုဖြစ်နေတတ်ကြသည်။ အပြော နှင့် အလုပ် တစ်ခြားစီဖြစ်နေတတ်ခြင်းသည် ယနေ့ခေတ်တွင် ပိုမိုဆိုးရွားလာကြပေသည်။ ပါးစပ်မှ အလွယ်တကူ ပြောဆို လာတတ်ကြပေသည်။ လက်တွေ့မှာမူ အရှေ့ နှင့် အနောက်ကဲ့သို့ ဆန့်ကျင်နေတတ်ပေသည်။ ပေးကမ်းခြင်းဖြင့် အောင်မြင်ရာသည်ဟု ပါးစပ်ကဆိုနေကြသော်လည်း တကယ်ပေးကမ်းရန်အတွက် လက်တွန့်နေတတ်ကြပါသည်။ တကယ့်လက်တွေ့ပြောရမည်ဆိုပါက အကြီးဆုံးသော ပစ္စည်းဥစ္စာကြွယ်ဝခြင်းသည် ပေးကမ်းစွန့်ကြဲခြင်းပင်ဖြစ် ပါသည်။ အကြီးဆုံးသော စိတ်ချမ်းသာခြင်းသည် စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းပင်ဖြစ်ပါသည်။ မိမိတို့ဘ၀တွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများသည် မိမိအတွက် အလှဆုံးသော ရတနာအဆင်တန်ဆာဖြစ်ပါသည်။ လက်တွေ့သည် လက်တွေ့သာဖြစ်ပြီး အပြောသည် အပြောသာဖြစ်ပါသည်။ မိမိ၏ရှေ့တွင် ဆရာ ခေါ်နေသူများ သည်မိမိတို့၏ နောက်ကွယ်တွင် မည်ကဲ့သို့ပြောဆိုနေမည်နည်း။ အကောင်း နှင့် အဆိုး မည်သည်က ပိုများနေမည်ထင်သနည်း။ လောကဓမ္မသဘာဝအရဆိုရသော အကောင်းနှင့်အဆိုးသည် အမြဲတမ်းလိုလို အဆိုးကပိုမိုများပြားနေသည်ထင်ပါသည်။


true false.png

Image from google


ကျွန်တော်တို့မြန်မာလူမျိုးများသည် ယနေ့ထက်တိုင် အဘယ့်ကြောင့်မအောင်မမြင်ဖြစ်နေကြရပါသနည်းဟုလည်း စဉ်းစားမိခဲ့ပါသည်။ ကျွန်တော့်အမြင်ဆိုရသော မြန်မာလူမျိုးတို့သည် အပြောနှင့်အလုပ် က ဆန့်ကျင်ဘက်ဖြစ် နေတတ်သောကြောင့်ဟုလည်းမြင်မိပါသည်။ ကျွန်တော့်အထင်အမြင်သာဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် ရှေးအခါကာလကတည်းက ကျွန်တော်တို့သည် သီလ ဟုခေါ်ဆိုအပ်သော ကိုယ်ကျင့်တရားများကို နှုတ်တက်အာဂုံဆောင် ထားသူ အလွန်များပြားလှပါသည်။ သို့သော် ထို နှုတ်တက်အာဂုံဆောင်ထားသော သီလ တရားကို အလွန်နည်းပါးလှသော လူဦးရေလောက်သာ စောင့်ထိန်းကြသည်ကိုလည်း လက်တွေ့မြင်နိုင်ပါသည်။ ကိုယ်ကျင့်သီလဆိုသည်များအား နှုတ်တက် အာဂုံဆောင်ထားခြင်းဖြင့် သီလစောင့်သည်မဟုတ်ပါ။ လက်တွေ့ လိုက်နာကျင့်သုံးတည်ဆောက်မှုပြုလုပ်မှသာလျှင် သီလဆောက်တည်ကျင့်သုံးသည် ဆိုနိုင်ပါသည်။ ထိုသို့သော လူမျိုးများအား မည်သို့ထင်မြင်မိသနည်းဆိုရသော် မီးများထွန်းထားပြီး မျက်စိများအား ပိတ်ထား စည်းထား သော သူများနှင့်သာတူပေသည်။ ပါးစပ်ဖြင့်ပြောဆိုခြင်းသည် လွယ်ကူပါ၏။ လက်တွေ့လိုက်နာကျင့်သုံးခြင်းသည် ခက်ခဲတတ်ကြပါသည်။ သို့သော် လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် ခက်ခဲခြင်းကို အနိုင်ယူနိုင်ပါမည်။ ထိုကြောင့် လက်တွေ့ လိုက်နာကျင့်သုံး ခြင်းဖြင့် အပြော ကို အလုပ်နှင့်သက်သေပြနိုင်ကြပါစေ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-12-2017 အင်္ဂါနေ့(Tuesday)