အိမ်ရှေ့စံကနောင်မင်း၏ သံချက်ဖို (Crown Prince Kanaung's Iron Smelting Furnace in Myanmar, Sagaing)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့တော့ စိတ်ကူးရနေတာ ကြာပြီဖြစ်တဲ့ အိမ်ရှေ့စံ ကနောင်မင်း ရဲ့ သံချက်ဖို(သံရည်ကြိုစက်)အကြောင်း လေး မျှဝေလိုပါတယ်။ သမိုင်းတွေအကြောင်း ကောင်းကောင်းမသိပေမယ့် သိသမျှတော့ ရေးတင်ပေး လိုက်ပါတယ်။ အခြားသိထားတဲ့အချက်အလက်တွေ ရှိနေရင် ဖြည့်ပေးကြပေါ့ဗျာ။ ပိုပြီး ပြည့်စုံသွားတာပေါ့။
ပထမဦးစွာ ရှင်းလင်းရေးသားလိုသည်မှာ ကနောင်မင်းသားကြီး ဟု ကျွန်တော်တို့ အများစုက ခေါ်ဝေါ်နေခြင်းသည် အိမ်ရှေ့စံ ကနောင်မင်းသားအဖို့ မှားယွင်းနေသောကြောင့် အိမ်ရှေ့စံ ကနောင်မင်း ဟု ပြုပြင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့မှားယွင်းနေကြောင်းကို မောင်သန်းဆွေ(ထားဝယ်) ရေးသားခဲ့ပြီး ရာပြည့်စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည့် ကုန်းဘောင်ရှင်းတမ်း တွင် ရေးသားဖော်ပြခဲ့သောကြောင့် ပြောင်းလဲ အသုံးပြုရခြင်းဖြစ်ပါသည်။
အိမ်ရှေ့စံ ကနောင်မင်း ဟာ မင်းတုန်းမင်းတရားကြီး ၏ ညီတော် အိမ်ရှေ့စံမင်းသားတစ်ပါးလည်းဖြစ်ပါတယ်။ အင်မတန်လည်း ထက်မြက်ခဲ့တယ်လို့ သမိုင်းများမှတ်တမ်းများအရ သိရပါတယ်။ ရတနာပုံခေတ်ရဲ့ မင်းဆက်တစ်ဆက်ဖြစ်တဲ့ မင်းတုန်းမင်းတရားကြီး ဟာ ဗုဒ္ဓသာသနာကို အလွန်ပဲကြည်ညိုခဲ့တဲ့ မင်းတစ်ပါး လည်း ဖြစ်ပါတယ်။ သာသနာရေးဆိုင်ရာတွေကိုလည်း အလွန်အားပေးတော်မူတယ်လို့ဖတ်ဖူးမှတ်ဖူးပါတယ်။ ပဉ္စမ သင်္ဂါယနာတင် ခဲ့တာလည်း မင်းတုန်းမင်းတရားကြီး ပါပဲ။ မင်းတုန်းမင်းတရားကြီး နဲ့ အိမ်ရှေ့စံ ကနောင်မင်း တို့ဟာ လူငယ်တွေကို နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ပညာသင် စေလွှတ်ပြီး နိုင်ငံတော်တိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများကို အားပေဆောင်ရွက်ခဲ့ကြပါတယ်။ ရတနာပုံခေတ်၊ အိမ်ရှေ့စံ ကနောင်မင်း ရဲ့ သံချက်ဖို သို့တည်းမဟုတ် သံရည်ကြိုစက်ရုံဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်၊ ရွှေတောင်ဦးမော်ကျောင်းတိုက်ရဲ့ အနောက်ဖက ဧရာဝတီ မြစ်ကမ်းအနီး မှာ တည်ရှိနေပါတယ်။ ယခုအချိန်မှာ ဆိုရင် အိမ်ရှေ့စံ ကနောင်မင်း ရဲ့ သံချက်ဖိုကို ရှေးဟောင်းသုတေသနဌာန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ထိန်းသိမ်းစောင့်ရှောက် ထားပြီဖြစ်ပါတယ်။ အိမ်ရှေ့စံ ကနောင်မင်း ဟာ အခြားသောစက်မှုအတတ်ပညာတွေကို လည်း သင်ကြားတတ်မြောက်ထားပြီး စက်ရုံတွေလည်း တည်ထောင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းအရ သိရပါတယ်။ သံချက်ဖိုရဲ့ ရှေ့မှာ အိမ်ရှေ့စံ ကနောင်မင်း ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ရှုနိုင်ပါတယ်။
မင်းတုန်းမင်းတရားကြီး နဲ့ အိမ်ရှေ့စံ ကနောင်မင်း တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရတနာပုံခေတ်မှာ နိုင်ငံအနှံ့ စက်ရုံ (၅၀)ကျော် တည်ထောင်နိုင်ငံတယ်လို့ဆိုခဲ့ကြပေမယ့် အင်္ဂလိပ်မှတ်တမ်းများတွင် စက်ရုံ(၉)ရုံသာရှိ ကြောင်းမှတ်တမ်းတင်ထားခဲ့တယ်လို့ဆိုပါတယ်။ ဘယ်အရာက အမှန်လဲဆိုတာတော့ ကျွန်တော်တို့လည်း မသိနိုင်တော့ပါဘူး။ သမိုင်းကြောင်းမှတ်တမ်း သေချာမရှိခဲ့တာကြောင့်ဖြစ်ပါမယ်။ စာရေးဆရာများကသာလျှင် ရေးသားထားတဲ့ မှတ်တမ်းတွေသာ ဖတ်ရှုကြရတာဖြစ်တဲ့အတွက် အမှတ်မှားနေတာတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ သို့သော်လည်း မင်းတုန်းမင်းတရားကြီး နဲ့ အိမ်ရှေ့စံ ကနောင်မင်း တို့ရဲ့ စွမ်းဆောင်ချက်များ ကတော့ လေးစားအားကျအတုယူဖွယ်သာဖြစ်ပါမယ်။ မြန်မာလူမျိုးတိုင်းရဲ့စိတ်မှာ တိုင်းပြည်ကို ကောင်းစား စေလိုတဲ့စိတ်တွေ ကိန်းအောင်းစေမှာ ဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ ဘာကြီးမှန်းမသိတဲ့ အဆောက်အဦများ ဖြစ်နေကြတာလည်း ၀မ်းနည်းစရာကောင်းလှပါတယ်။ ယနေ့ခေတ်လူငယ်တွေသာ မင်းတုန်းမင်းတရားကြီး နဲ့ အိမ်ရှေ့စံ ကနောင်မင်း တို့ရဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အလွန်အကျိုးဖြစ်ထွန်းလာ နိုင်ပါတယ်။ နှစ်ပေါင်းထောင်ချီနေတဲ့ အဆောက်အဦများ မဟုတ်ကြပေမယ့် နှစ်ပေါင်းရာချီလာခဲ့ပြီဖြစ်ပါတယ်။ နှစ်ပေါင်း ထောင် သောင်းချီအောင် ထိန်းသိမ်းကြပါမှ တည်တံ့နိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကလည်း တစ်နှစ်ထက်တစ်နှစ်လျော့ပါးနေကြကုန်ပြီဖြစ်ပါတယ်။ ထိန်းသိမ်းသူ စောင့်ရှောက်သူမရှိ မြေအောက်မြုတ်ပျောက်ကွက်သွားတယ်ဆိုတာထက် တန်ဖိုးနားမလည်လို့ ဖျက်ဆီးခံရတဲ့ ယဉ်ကျေးမှုတွေ၊ မှတ်တမ်းတွေ ဘယ်လောက်များ ပျက်စီးကုန်ပြီလဲ။
အိမ်ရှေ့စံ ကနောင်မင်း အား War Prince လို့ နိုင်ငံခြားသားများက သတ်မှတ်ထားကြောင်း၊အိမ်ရှေ့စံ ကနောင်မင်း ဟာ စစ်စိတ် စစ်မာန် ပြင်းထန်တဲ့ မင်းသားတစ်ပါးဖြစ်ကြောင်း၊ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့သည် လက်နက်အားကိုးဖြင့် မြန်မာနိုင်ငံ၏ ရခိုင်၊ တနင်္သာရီတို့အား အဓမ္မသိမ်းပိုက်ခဲ့သော နယ်ချဲ့တို့အား ပြန်လည် တိုက်ခိုက်ရယူလိုစိတ်ရှိကြောင်း ကုန်းဘောင်ရှင်းတမ်း စာအုပ်တွင် ဦးစိန်မောင်ဦး က အမှာစာတွင် ရေးသားဖော်ပြထားခဲ့ပါတယ်။ ထို့ပြင် မင်းတုန်းမင်းတရားကြီး နဲ့ အိမ်ရှေ့စံ ကနောင်မင်းတို့ဟာ အရက်သေစာ သောက်စားမူးယစ်ခြင်းကို အထူးပင် ရှောင်ကြဉ်ခဲ့ကြသူများဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ သံချက်ဖိုအကြောင်း ဆက်လိုက်ကြပါဦးစို့။ ကနောင်မင်းသားကြီးရဲ့ သံချက်ဖိုကို ဗန်းမော်အတွင်းဝန်၊ ဖောင်ဝန်၊ မက္ခရာမင်းသားကြီးတို့က ဦးစီး တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။ သံချက်ဖိုတည်ဆောက်ရန်အတွက် ငွေကြေးများအကုန်ကျခံကာပစ္စည်း တင်သွင်းခိုင်းခဲ့သော်လည်း လိမ်လည်သွားသောကြောင့် သံချက်ဖို တပ်ဆင်ရန်အတွက် ပစ္စည်းများအပြည့်အစုံ ရောက်ရှိခြင်းမရှိသောကြောင့် ပြီးစီးအောင်မြင်သောအဆင့်သို့ ရောက်ရှိခဲ့ခြင်းမရှိဟု မှတ်တမ်းများတွင် ဖော်ပြထားခဲ့ပါတယ်။ သံချက်ဖို အပြီးမသတ်နိုင်သည့်အပြင် အမှုအခင်းပင် ရင်ဆိုင်ခဲ့ရတယ်လို့လည်းဖတ်ရှုရပါတယ်။ သံချက်ဖိုအတွက် လိုအပ်သောစက်ပစ္စည်းများကို အင်္ဂလန်နိုင်ငံမှ မှာယူတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
မင်းတုန်းမင်းတရားကြီး ကွယ်လွန်ချိန်အထိ သံချက်ဖိုအတွက် ပစ္စည်းများ အပြည့်အစုံရောက်ရှိလာခြင်းရှိမရှိ မသေချာခဲ့ကြောင်း ရေးသားခဲ့ကြပါတယ်။ ကိုလိုနီခေတ်ရောက်သောအချိန်တွင် မြန်မာနိုင်ငံရှိ စက်ရုံများအား အင်္ဂလိပ်အစိုးရက ထုခွဲရောင်းစားသွားကြတဲ့အပြင် အပြီးသတ်တပ်ဆင်နိုင်ခြင်းမရှိသော သံချက်ဖိုမှ ပစ္စည်းများ အား အင်္ဂလန်ကို ပြန်သယ်သွားကြပါတယ်။ ထိုသို့ နှစ်ပေါင်းအတန်ကြာပြဿနာများဖြင့်သာ အဆုံးသတ်ခဲ့ရပြီး သံချက်ဖို(သံရည်ကျိုစက်ရုံ)ကြီးအား အပြီးမသတ်နိုင်ခဲ့သော်လည်း ယနေ့ချိန်ထိတိုင်အောင် သမိုင်းပြယုတ် တစ်ခုအဖြစ် စစ်ကိုင်းမြို့မှာ တည်ရှိနေဆဲပဲဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီးလက်ထက် ကနောင် မင်းသားကြီးနှင့် မြန်မာလူထုတစ်ရပ်လုံး၏ နိုင်ငံအတွက် ကြိုးစားခဲ့မှု သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါ တယ်။ သမိုင်းမှတ်တမ်းတစ်ခုအဖြစ်လည်း ထိန်းသိမ်းစောင့်ရှောက်ထားသင့်တယ်လို့လည်း ထင်မြင်မိပါကြောင်း၊ သမိုင်းကြောင်းများအားလည်း အရေးအသားမှန်၊ အချက်လက်မှန်တို့အား စေတနာမှန်ဖြင့် ရေးသားပြုစုနိုင်လျှင် အလွန်ကောင်းမည်ဟုထင်မှတ်မိပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
15-Sept-2018 စနေနေ့(Saturday)