အမှား အမှန်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


လူတိုင်း လူတိုင်းသည် အမှားဆိုသည်ကို လက်မခံတတ်ကြချေ။ လက်မခံသော်လည်း မှားနေ တတ်ကြဆဲသာဖြစ်ပါသည်။ လူတိုင်း လူတိုင်း အမှားမကင်းနိုင်ဟုလည်း ဆိုကြသည်မဟုတ် ပါလား။ သို့ဆိုလျှင် အဘယ့်ကြောင့် အမှားကို လက်မခံနိုင်ကြပါသနည်း။ အမှားကို ပြုပြင်ခွင့် မပေးကြပါသနည်း။ ခဲတံတွင် ခဲဖျက်ပါလာခြင်းသည် အကြောင်းမဲ့မဟုတ်ပါ။ ထို့အတူ correction ပေါ်လာရခြင်းသည် လူတို့သည် အမြဲတမ်းမှားယွင်းမှုရှိတတ်ကြောင်းကို ဖော်ပြနေ ပေသည်။ ထို့ကြောင့် လူတိုင်းသည် အမှားနှင့်မကင်းနိုင်ပါ။ သို့သော်လည်း အမှားကို အမှားမှန်း သိရှိရန်လိုအပ်ပါသည်။ အမှားကို အမှားမှန်းမသိ။ ဆက်လက်မှားမြဲဆိုသည်ကိုကား မည်သူကမျှ လက်ခံမည်မဟုတ်ပါ။ မိမိတို့၏ မွေးမိခင် ကျွေးဖခင်တို့ကပင် အမြဲတမ်းမှားနေ ပါက ရေရှည်တွင် သည်းခံနိုင်ရန်မလွယ်ကူကြပါ။ မှားသည်ကိုတော့ လက်ခံနိုင်ကြပါသည်။ အမှားကို အမှားမှန်းသိကာ အမှန်ကို ပြင်ရန်တော့လိုအပ်မည်ဖြစ်ပါသည်။ မှားမည်ကိုလည်း ကြောက်ရွံ့နေရန်မလိုပါ။ မှားမည်ကိုကြောက်ရွံ့နေခြင်းသည် တိုးတက်ခြင်း၏ သေဆုံးခြင်းပင်ဖြစ်သည်ဟု ဂျာမန်ဒဿနာပညာရှင်ကြီးတစ်ဦးမှ ပြောကြားခဲ့ကြောင်း မှတ်သားဘူးပါသည်။ အမှားကိုကျူးလွန်ခဲ့ဘူးသူသည် အမှန်ကိုသိရန်လွယ်ကူလာသကဲ့သို့ အမှားကိုအခြေခံကာ ခင်းထားသောလမ်းသည် ပိုမိုအောင်မြင်တတ်သည်ဟုလည်း မှတ်သားဘူးပါသည်။


02.png


အမှားကို အမှန်သို့ပြုပြင်ရန်အတွက် အမှားကို အမှားမှန်းသိရန်လိုအပ်သကဲ့သို့ အမှန်ကို သိရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ အမှားသိသော်လည်း အမှန်ကို မသိလျှင် အမှန်ကို ပြင်ဆင်နိုင်မည်မဟုတ်ပါ။ အချို့သောကိစ္စများသည် ပုံသေ အမှန်ကို သတ်မှတ်ထားနိုင် ပါသည်။ အချို့သော ကိစ္စများကိုတော့ ပုံသေသတ်မှတ်ချက်ဖြင့် ဖြေရှင်းမရနိုင်ပါချေ။ ဥပမာအနေဖြင့်ဆိုရသော် ကျောင်းသားတစ်ယောက်သည် သင်္ချာ တစ်ပုဒ်ကိုတွက်ရာတွင် သူတွက်ထားသော အဖြေသည် မမှန်ကန်ကြောင်းကို သိနေနိုင်ပေသည်။ သို့သော် မည်သို့မှန်အောင်ပြင်ရမည်ကိုကား သူမသိပါချေ။ ထိုအခါ ထိုပုစ္ဆာအား အဖြေမှန် မတွက်နိုင်မည်မှာ သေချာပါသည်။ အဖြေမှန်သည် တစ်ခုသာ ရှိမည်ဖြစ်သည်။ ထိုသို့သော ကိစ္စအတွက် အဖြေမှန်သည် ပုံသေသတ်မှတ်ချက်တစ်ခုသာ ရှိနေပေသည်။ အချို့အချို့သော လူအများသည်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ အမှားကို အမှားမှန်းတော့ သိနေပေသည်။ အမှန်ကို မည်သို့ပြင်ရမည်ကိုမူ မသိဖြစ်နေတတ်ကြပါသည်။ ထို့ကြောင့် အမှန်ကိုသိရန်လည်း လိုအပ်ပါသည်။ အမှန်ကို ပြုပြင်ရန်အတွက် ပုံသေနည်းများ၊ တွက်ပုံ တွက်နည်းများ သိရှိနေရန်လိုအပ်မည်ဖြစ်ပါသည်။ အချို့သောကိစ္စများအတွက် သချာင်္ပုစ္ဆာတစ်ပုဒ်ကဲ့သို့ ပုံသေတွက်ချက်ထားနိုင်ပေသည်။


03.png


အချို့သောကိစ္စများအတွက် အဖြေသည်ပုံသေမရှိတတ်ကြပါ။ မည်သို့မည်ပုံဖြေရှင်းကြရမည် ကိုပင် စဉ်းစားရန်ခက်လှပေသည်။ အဖြေကလည်း တိကျစွာမရှိဖြစ်တတ်ပါသည်။ မည်သို့သော ကိစ္စများတွင် ဖြစ်တတ်သနည်းဆိုသော် လူမှုကိစ္စများတွင် အဖြစ်များသည်ဟု ထင်ပါသည်။ မြန်မာတို့၏ လူမှုကိစ္စများသည် ပို၍ပင်ရှုတ်ထွေးသည်ဟုထင်ပါသည်။ ဗဟုသုတ နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဆိုတင်သွင်းနေခြင်းမျိုးမဟုတ်သောကြောင့် ကန့်ကွက်ရန်မလို၊ ထောက်ခံမဲမလိုပါ။ မိမိတို့နှစ်သက်သဘောကျသည့်အတိုင်းသာ ယူဆကြပါ။ လူမှုရေးပြဿနာများသည် တစ်ခါတစ်ရံတွင် ဖြေရှင်းရန်ခက်ခဲတတ်ပါသည်။ ရယ်စရာတစ်ခု သို့မဟုတ် လူမှုပြဿနာဟု ခေါ်နိုင်သော စာတစ်ခုအား သတိရမိပါသည်။ ထိုစာလေးသည် ရယ်စရာဖြစ်နိုင်သကဲ့သို့ သနားစရာလည်း ဖြစ်နိုင်ပါသည်။ ထိုစာကို မှတ်မိ သမျှ ပြန်လည် ရေးချပေးလိုက်ပါသည်။ သားအမိနှစ်ယောက်က ညနေခင်းလမ်းလျောက် ထွက်လာခဲ့ရာ လေပွေမွှေသဖြင့် သမီးဖြစ်သူ၏ ထမိန်သည် လေနှင့်အတူကျွတ်ကာ လွင့်ပါ သွားပေသည်။ ထိုအခါ အမေဖြစ်သူအနေဖြင့် မည်သို့ဖြေရှင်းရမှန်းမသိဖြစ်နေပုံကို ဖော်ပြထား ခြင်းဖြစ်ပါသည်။ ထို့အတူ အနီးအနားမှ လူများက မည်သို့ ကူညီဖြေရှင်းရမည်ကို မသိသည့် အကြောင်းကိုဖော်ပြထားပါသည်။ ထိုပြဿနာကို လေ့လာကြည့်ပြီး ချစ်မိတ်ဆွေတို့အနေနှင့် မည်သို့ ကူညီဖြေရှင်းပေးနိုင်ပါသနည်း။ ပုံသေနည်းမရှိ။ အမှန်ကမည်သို့ဆိုသည်ကို မသိနိုင် ဟုလည်း ထင်ပါသည်။ ဖြေရှင်းကြည့်ကြပါ။ အဖြေမှန်ကိုလည်း ကျွန်တော့်အနေဖြင့် ယခုချိန်ထိတိုင် မသိရှိသေးကြောင်း ၀န်ခံပါသည်။


04.png

Image from google


အမှား အမှန် မှားသည် မှန်သည် ဆိုကြရာတွင် အချို့သော အကြောင်းအရာတို့သည် အမှား အမှန်ခွဲခြားရန် ခက်ခဲကြောင်းကို ပြောလိုခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးတို့ သည် သနားခြင်း၊ ညှာတာခြင်း၊ ကိုယ်ချင်းစာခြင်းဆိုသော အရာများအား လက်ကိုင်ထား ကြသည်ဖြစ်ရာ လူမှုရေးရာများတွင် အမှန်ဆိုသောအရာနှင့် တိုင်းတာရန် ခက်ခဲတတ်ပါသည်။ အခြားသော လူမျိုးများ တိုင်းပြည်များကိုတော့ မဆိုလိုပါ။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားခြင်းဖြင့် စည်းကမ်းပျက်နေကြပေသည်။ သနားခြင်း၊ ငဲ့ညှာခြင်းတို့ကြောင့် စည်းပျက် ကမ်းပျက်ဖြစ်နေသည်ဟုလည်း ထင်မိပါသည်။ နံနက် ၅ နာရီ ထွက်မည့်သင်္ဘောအားစီးရန် အနည်းဆုံးတော့ ၁၅ မိနစ်လောက်ကြိုတင်ရောက်ရမည်ဖြစ် သော်လည်း သင်္ဘောကမ်းမှခွာသောအချိန်မှ ရောက်လာသူအား ကိုယ်ချင်းစာတရားကြောင့် သင်္ဘောအား ကမ်းပြန်ကပ်ပေးတတ်ခြင်းကြောင့် စည်းကမ်းပျက်ရပေသည်။ သင်္ဘောထွက်ရန် သင်္ဘော မောင်းသူနောက်ကျခြင်းကြောင့် ထွက်ချိန်နောက်ကျခြင်းသည်လည်း မဖြစ်သင့်သော စည်းကမ်းပျက်မှုပင်ဖြစ်ပါသည်။ သို့သော် မောင်းသူမလာသေးလို့ဟုဆိုကာ ခရီးသည်များ ထိုင်စောင့်နေကြရသော ကျွန်တော်တို့နိုင်ငံဖြစ်နေပါသည်။ ထိုအတွက်အဖြေသည် မြန်မာနိုင်ငံ အတွက် မှန်နိုင်သော်လည်း အခြားနိုင်ငံများအတွက်တော့မမှန်နိုင်တော့ပါ။


05.png

Image from google


အမှားအမှန်ကို ဝေဖန်ပိုင်းခြားရန် ကျွန်တော်အနေဖြင့် ဥာဏ်မမီပါ။ ရေးသားရန်အကြောင်း အရာ စဉ်းစားမရသဖြင့် ကလေးစာအုပ်၏ မှင်နီကြက်ခြေခတ်ကို ကြည့်ကာ ယခုဆောင်းပါးအားရေးသားလိုက်ခြင်းသာဖြစ်ရာ ကျွန်တော်၏ ထင်မြင်ချက် ယူဆချက်များသာ ဖြစ်ပါကြောင်းလည်း ပြောလိုပါသည်။ အမှားပါသည်ဆိုပါက ခွင့်လွှတ်ကြပါ ရန် နှင့် အမှားအား ပြုပြင်နိုင်ရန် နည်းပေး လမ်းပြ လုပ်ပေးကြပါရန်တောင်းဆိုအပ်ပါသည်။ ရှည်လျားသော စာများဖြစ်နေမည်ဖြစ်သောကြောင့် ယခုဆောင်းပါးအား ရပ်နားလိုက်ပါသည်။

အပေါ်က လူမှုရေး ပြဿနာလေးလည်း ဖြေရှင်းပေးသွားလိုက်ကြပါဦးနော်


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

23-Mar-2018 သောကြာနေ့(Friday)