အမှန်စကား

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


IMG_20180621_155940.jpg

Image credit : ဆရာပေါ်ဦးသက်


ကွန်ပျူတာက ဖောက်ပြီး ဖွင့်မရပြန်တော့လို့ Post မတင်နိုင် ရေးထားတာကလည်း တဝက်တပျက်ရ သလောက်လေးတင်လိုက်ပါသည်။ ပုံလည်း တပုံပဲ တင်ပေးလိုက်နိုင်ပါသည်။
ဖုန်းနဲ့ စာရေးမိမှ ဖုန်းသမားများကို ကိုယ်ချင်းစာမိပါတယ်ဗျာ။ အခက်အခဲများစွာနဲ့ Post တစ်ခုဖြစ်အောင်တင်ရတာကို နားလည်မိပါကြောင်း ဝန်ခံပါတယ်ဗျာ။

ကျွန်တော်တို့ကိုမည်သူက စောင့်ရှောက်ပါသနည်း။ အဖြေကတော့ မည်သူကမျှမစောင့်ရှောက်နိုင်ပါ။ မိမိတို့ကိုယ်ကို မိမိသာလျှင် စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။
လူတိုင်း လူတိုင်း အချိန်နှင့်အမျှ စကားပြောဆိုနေကြရပါသည်။ ကျွန်တော်တို့သည် အများအားဖြင့် မိမိတို့ တွေ့ကြုံခဲ့ကြသည်ကို အမှတ်အသားပြုကာ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုတတ်ကြပါသည်။ အများအားဖြင့် မိမိအတွေ့အကြုံကို အမှန်ဟုယူဆတတ်ကြပါသည်။ တနည်းအားဖြင့်ဆိုသော လှေနံထားထစ် အသေမှတ်ယူ တတ်သော အလေ့အထရှိကြပါသည်။ ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်းဖြင့် မိမိတို့၏ အယူအဆ သဘောထားများကို ဖော်ပြကြကာ အချင်းချင်းဆက်သွယ်ခြင်း၊ ဆက်ဆံခြင်းပြုကြပါသည်။ စကားပြောကောင်းမွန်သူတို့သည် လူအများအား အချိန်တခဏအတွင်းတွင် ဆွဲဆောင်နိုင်စွမ်းရှိပါသည်။ စကားပြောဆိုတတ်ခြင်းကြောင့် မိမိတို့အကျိုးများရရှိခဲ့ကြသူ လောကကြီးတွင် အများအပြားရှိပါသည်။ သူတောင်းစားချင်းအတူတူပင် စကားအပြောအဆို ရည်မွန်သော သူတောင်းစားက ပိုက်ဆံပိုရတတ်ပါသည်။ စကားပြောဆိုခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး စည်းလုံးခြင်းရရှိနိုင်ပါသည်။ ညီညွတ်မှုကိုဖြစ်ပေါ်စေနိုင်ပါသည်။ လူတစ်ဦးတစ်ယောက်၏ ကောင်းကျိုးရရှိစေနိုင်ခြင်းများရှိပါသည်။ စကားပြောဆိုတတ်ခြင်းကြောင့် ကောင်းကျိုး ရရှိနိုင်ခြင်းများမှာ အလွန်များပြားလှပါသည်။ စကားပြောဆိုတတ်ခြင်းကြောင့် ရန်သူမှ မိတ်ဆွေအဖြစ်သို့ ရောက်ရှိသွားနိုင်ပါသည်။ လူအများစု ရယ်စရာအဖြစ် ပြောဆိုတတ်သောစကားလေးတစ်ခွန်းရှိပါသည်။ “စကားပြောတတ်ရင် လေယာဉ်တောင် အလကားစီးလို့ရတယ်” ဒါပေမယ့် လေယာဉ်အလကားစီး ရရန် မဟုတ်သော်လည်း ကောင်းသောစကားကို ပြောဆိုလျှင် ကြိုက်နှစ်သက်မည့်သူများသာရှိပါမည်။

စကားကြောင့် ကောင်းကျိုးရနိုင်သကဲ့သို့ပင် စကားကြောင့်ပင် ဆိုးကျိုးရသွားသူများလည်း အလွန်ပေါပါသည်။ စကားကြောင့် ခိုက်ရန်ဖြစ်ပွားမှုများလည်း ပတ်ဝန်းကျင်တွင် အလွယ်တကူတွေ့မြင်နိုင်ပါသည်။ သူတစ်ပါး စကားအခန့်မသင့်သဖြင့် စကားများရန်ဖြစ်နေကြပါက ဘေးမှကြည့်နေသူ မိမိသည် ဘာမှမဟုတ်တာနဲ့ စကား များရန်ဖြစ်နေသည်ဟု ထင်မှတ်မိသော်လည်း မိမိကိုယ်တိုင် စကားများရန်ဖြစ်မိသောအခါ ထိုအတွေးသည် ဘယ်ချောင်သို့ရောက်နေလေသည်မသိပါ။ ရှာမရ ပျောက်နေလေသည်။ သူတစ်ပါးအပြစ်ကိုသာ မြင်တတ်သော ကျွန်တော့်၏ အကျင့်ဟုသာ ဆိုရပေမည်။ မိမိကိုယ်တိုင်ဖြစ်နေချိန်တွင် ဝေဖန်သုံးသပ်နိုင်စွမ်း မရှိခဲ့ပါပေ။ အခြားသူများဖြစ်နေချိန်တွင် အပြစ်တင်ရန်လွယ်ကူနေပေသည်။ အပြစ်များစွာတွင် နှုတ်ကြောင့်ဖြစ် ပေါ်လာသော ဒုစရိုက်သည် လူ့လောကကြီးတွင်အများဆုံး ဖြစ်ပါသည်။ စကားသည် အမှန်ကိုပြောသည် ဆိုတိုင်း ကောင်းမွန်သည်ဟု ဗုဒ္ဓမြတ်စွာ မဟောကြားခဲ့ပါ။ ပြောသင့်သော စကားကိုသာ ပြောကြားရန် လမ်းညွှန်ပြထားခဲ့ပါသည်။ အမှန်ဖြစ်သည်ဆိုတိုင်း ပြောရန်မညွှန်ကြားခဲ့ပါ။ မည်သို့ပင်မှာကြားခဲ့ လမ်းညွှန်ခဲ့ စေကာမူ ကျွန်တော်တို့သည် အတ္တရှိနေသောကြောင့် “ငါအမှန်ကိုပြောတာပ”ဲ ဆိုသော စိတ်မျိုးဖြင့် နေထိုင်လာ ခဲ့မိသည်မှာ လူတိုင်းလိုလိုဖြစ်ပါသည်။ မှန်သော်လည်း မည်သူမျှအကျိုးမရှိစေသော စကားအား မပြောဆိုသင့်ဟု ပညာရှိတို့မိန့်ခဲ့ပါသည်။ မှန်လည်းမှန်၊ ကောင်းသောအကျိုးတို့လည်းရရှိမည်ဆိုပါက စေတနာ ကောင်းဖြင့် မေတ္တတရားရှေ့ထားကာ ပြောဆိုသင့်သည်ဟု ဆိုကြပါသည်။ သို့သော် ထိုအချက်တို့နှင့်ညီရန် မဆိုထားနှင့်။ တစ်ချက်တူလျှင်ပင် အတော်ပြောရခက်သော စကားဖြစ်သွားနိုင်ပါသည်။

ဒီနေရာတွင် လူတိုင်းကြားဖူးပြီးဖြစ်သော်လည်း အမှတ်မဲ့ကျော်သွားသော ပုံလေးတစ်ပုံအား ပြောပြလိုပါသည်။ မပြောပဲနေလို့မရတဲ့ အခြေအနေနဲ့ကြုံကြိုက်လာတဲ့အခါမှာ ပြောကို ပြောရမှာ အသေအချာပဲဖြစ်ပါသည်။ လိမ္မာပါးနပ်စွာ ပြောဆိုသွားသော မင်းချင်းတစ်ယောက်ရဲ့ ပညာပါသော စကားလျောက်တင်ပုံလေးဖြစ်ပါသည်။ အဲဒီပုံပြင်လေးက တစ်ကယ်ဖြစ်ခဲ့တာလား၊ ပုံပြင်အဖြစ်ခိုင်နှိုင်းပြောဆိုခဲ့တာလားတော့ မသိပါ။ ပုံပြင်လေးက ဒီလိုပါ။ တစ်ခါတုံးက ရှင်ဘုရင်တစ်ပါးက ပွဲတော်တည်မဲ့ဆဲဆဲအချိန်မှာ မင်းချင်းတစ်ယောက်ရောက်လာပြီး နန်းတော်ရှေ့မှာ ရဟန်းတစ်ပါး ရပ်နေကြောင်း လျောက်တင်ပါသည်။ ရှင်ဘုရင်ကလည်း ဘာကို အလိုရှိသဖြင့် ရပ်တော်မူကြောင်း မေးမြန်းလျောက်ထားရန် မင်းချင်းအား လျောက်ထားခိုင်းသောအခါ ဆွမ်းအလိုရှိသော ကြောင့် ရပ်တော်မူနေကြောင်း သိရပါသည်။ ရှင်ဘုရင်ကလည်း ပွဲတော်တည်မည့်အချိန်တွင် လာရောက်ပြီး ဆွမ်းခံခြင်းသည် င့ါအား ချီးမြှင့်လိုသောကြောင့်ဖြစ်မည်။ ထိုသို့တွေးတောကာ သဒ္ဓါစိတ်များထက်သန်လာကာ ပွဲတော်အုပ်မှ မွန်မြတ်သော ခဲဖွယ်၊ ချိုချဉ်အရသာတို့အား လောင်းလှူလိုက်ပါသည်။ လောင်းလှူပြီးနောက် မင်းချင်းတစ်ယောက်အား ရဟန်းနောက်သို့လိုက်ကာ စုံစမ်းခိုင်းလိုက်ပါသည်။ ဘုရင်၏အတွေးတွင် ရဟန်းသည် တစ်နေရာရာတွင် ဈာန်အဘိဥာည်ဖြင့် ကောင်းကင်ပျံတက်သွားမည် သို့မဟုတ် ပျောက်ကွယ်သွား မည်ဟု မျှော်လင့်နေသောကြောင့်ဖြစ်ပါသည်။ မင်းချင်းလည်း ရဟန်းနောက်မှ မယောင်မလည်လိုက်ကာ သွားရလေသည်။ ရဟန်းသည် မြို့ပြင်သို့ရောက်သောအခါ ဇရပ်တစ်ခုအတွင်းသို့ဝင်ရောက်သွားရာ မိန်းမတစ်ဦးမှ သပိတ်အား လှမ်းယူလိုက်ပါသည်။ ရဟန်းသည်လည်း အခန်းတွင်းသို့ဝင်ကာ လူတို့ဝတ်သော အ၀တ်အစားအား ၀တ်ဆင်ကာ ပြန်ထွက်လာပါသည်။ တစ်ခဏအတွင်း ရဟန်း၏ အသွင်အပြင်ပျောက်ကာ လူအဖြစ်သို့ရောက်ရှိသွားလေသည်။ ထိုအရာတို့အား နောက်မှလိုက်လံစုံစမ်းနေသော မင်းချင်းသည် အစမှ အဆုံးတိုင် မြင်တွေ့နေရပါသည်။ သားကျွေးမှု၊ မယားကျွေးမှုအတွက် ရဟန်းယောင်ဆောင်ကာ ဆွမ်းခံကျွေး နေသော ရဟန်းတု ရဟန်းအယောင်ဆောင်သာဖြစ်ကြောင်း သိရှိသွားတဲ့မင်းချင်းဟာ လှည့်ပြန်လာခဲ့ပါသည်။

မင်းချင်းက ဘုရင်အား မည်သို့လျောက်တင်မည်ထင်ပါသနည်း။ ရဟန်းအတု၊ ရဟန်းယောင်သည် အမှန်တရား ဖြစ်နေပါသည်။ ဘုရင်အား မလျောက်တင်လျင်လည်းမဖြစ်နိုင်ပါ။ သူမြင်ခဲ့တဲ့အမှန်တရားအား ဘုရင်ကို လျောက်တင်လိုက်မည်ဆိုပါက ဘုရင်သည် ဒေါသအမျက်ထွက်ကာ ရဟန်းအတုနဲ့ သူ့မိသားစုဟာ အသတ်ခံရ နိုင်ပါသည်။ မြင်တွေ့ခဲ့ရသည့် မင်းချင်းမှာလည်း ဘာအကျိုးမျှ ရရှိနိုင်မည်မဟုတ်ပါ။ ဘုရင်အတွက်လည်း အကျိုးမရှိ၊ ရဟန်းတုမိသားစုအတွက်လည်းအကျိုးမရှိ၊ မင်းချင်းအတွက်လည်းဘာမှ အကျိုးမရှိနိုင်သည့် အမှန်တရားဖြစ်နေပါသည်။ မင်းချင်းက မြင်ရင်မြင်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း အမှန်တရားပဲ ဆိုကာလျောက်တင်လျှင် မည်သူမျှအကျိုးမရှိနိုင်သည့်အပြင် လူ့အသက်များပင်ဆုံးရှုံးနိုင်တွေးတောမိလေ သည်။ ထို့ကြောင့် မြင်တွေ့ခဲ့ရသည့် အမှန်တရားအား မလျောက်တင်တော့ပဲ နေရန်လည်းမဖြစ်နိုင်ပါ။ မလျောက်တင်သင့်လို့ မလျောက်တင်တော့ပါဘူးဘုရားဆိုခဲ့လျှင် သူလည်းအသတ်ခံရနိုင်သည်မဟုတ်ပါလား။ မင်းချင်းရဲ့လျောက်တင်ချက်က အတုယူစရာကောင်းလှသကဲ့သို့ ပညာသားပါလှပါသည်။ မှတ်သားထားသင့် ပါသည်။ မင်းချင်းရဲ့လျောက်တင်ပုံက “ဘုန်းတော်ကြီးမားလှပါသောအရှင်မင်းကြီး အကျွန်ုပ်လိုက်လံ ကြည့်ရှုနေစဉ်မှာပင် ရဟန်းဟာ ကိုယ်တော်အသွင်ပျောက်သွားပါတယ်ဘုရား” လို့လျောက်တင်လိုက်ပါ သည်။ မင်းချင်းသည် ပြဿနာဖြစ်စေနိုင်သော အကြောင်းတို့အားရှောင်ရှားကာ စကားပရိယာယ်သုံးကာ လျောက်ထားလိုက်ခြင်းကြောင့် လူကိုသေစေနိုင်သောဒေါသတို့အားမဖြစ်ပေါ်စေခဲ့တော့ပါ။ ရှင်ဘုရင်ကလည်း သူဆွမ်းလှူလိုက်သော ရဟန်းသည် တန်ခိုးရှိသောရဟန်းအဖြစ်ထင်မှတ်ကာ ကြည်နူးပီတိဖြင့် မင်းချင်းအား ဆုလာဘ်များလည်း ပေးသနားလိုက်ပါသည်။

ယခင်အချိန်များစွာက ကျွန်တော်အနေဖြင့် မင်းချင်းလောက်ပင် မစဉ်းစားတတ်ခဲ့ပါ။ ကျွန်တော်သည် အမှန်ဟုဆိုတိုင်း တစ်ခွန်းမကျန် ပြန်ပြောခဲ့သဖြင့် ရုံးလုပ်ငန်းတွင် အထက်လူကြီးနှင့်မတည့်ခဲ့ပါ။ လူမှုပေါင်းသင်းဆက်ဆံရေးတွင်လည်း မည်သူမျှအကျိုးမရှိသည့် အမှန်တရားကို ပြောဆိုခဲ့သည့်အတွက် ပြဿနာပေါင်းများစွာဖြစ်ခဲ့ရ၊ စကားများခဲ့ရပေါင်းလည်းများခဲ့ပါပြီ။ ဆင်ခြင်ရန် သတိမရခဲ့ပါ။ ယခုအချိန်မှစပြီး ဆင်ခြင်နေထိုင်သွားနိုင်ရန် ကြိုးစားနေဆဲသာဖြစ်ပါကြောင်းရေးသားရင်း ရပ်နားလိုက်ပါသည်။


အမှန်စကား ပြောဆိုခြင်း
တောဖွဲ့ တောင်ဖွဲ့ အကျိုးမဲ့ နှင့်ဆိုင်သော စကားအခွန်းတစ်ထောင် ရှိစေကာမူ မမြတ်။
ကြားနာရသဖြင့် ရာဂ စသည်ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော ပုဒ် တစ်ပုဒ်သည်သာ ပိုလွန်၍မြတ်၏။(ဓမ္မပဒ)

မကောင်းသောနိမိတ် မကောင်းသောအသံ မကောင်းသောစကားတို့ကို မမြင်ကြရ၊ မကြားကြရ၊ မပြောကြရပါစေနှင့်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-Jun-2018 ကြာသပတေးနေ့(Thursday)