မျိုးဆက်သစ်များသို့(To New Generation)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



new copy.png

Image from google


မျက်မှောက်ခေတ်ကာလ ယနေ့ခေတ်အခါသမယတွင် တိုးတက်ခြင်းများ၊ ပြောင်းလဲခြင်းများနှင့်ကြုံတွေ့ နေကြရသည်ဖြစ်ရာ အကောင်းအဆိုးဆိုသည်များမှာလည်း ယှဉ်တွဲနေကြပေသည်။ အကောင်းအဆိုးကိုလည်း ခွဲခြားသိရှိရန်သည် အလွန်အရေးကြီးမည်ထင်ပါသည်။ ယနေ့ခေတ်လူငယ်များ အသိဥာဏ်တိုးတက်လာရန် မိမိတို့၏ အမျိုးကို တန်ဖိုးထားချစ်မြတ်နိုးလာကြစေရန်သည်လည်း အရေးကြီးသောအချက်တစ်ရပ်ဖြစ်ပါသည်။ အနာဂတ်တိုင်းပြည်အတွက် လူငယ် လူရွယ်များသည် အဓိကကျသောကြောင့် ယနေ့လူကြီးများသည် လူငယ်များအား ပစ်ပယ်မထားသင့်ဟုလည်း ထင်မြင်မိပါသည်။ အခုခေတ်ကလေးတွေ ဘာမှမသိတတ်ဘူး ဆိုကာ ပစ်ပယ်ထားလျှင် နောင်အနာဂတ်တိုင်းပြည်ကို အမှောင်တိုက်အတွင်းသို့ တွန်းချလိုက်သည်နှင့်တူနေမည် ထင်ပါသည်။ ကျွန်တော်တို့ ယနေ့ ကောင်းမွန်စွာရပ်တည်နေနိုင်ခြင်းသည် ရှေ့ကသွားကြကုန်ပြီဖြစ်သော လူကြီး များ၏ သွန်သင်ဆုံးမမှု၊ လမ်းညွှန်ပြသမှု၊ လက်တွဲခေါ်ဆောင်မှုတို့ကြောင့်ဟုလည်း ထင်ပါသည်။ ကျွန်တော်တို့ လက်ထက်ရောက်ကာမှ နောက်တက်လာမည့် လူငယ်များအား သွန်သင်ဆုံးမခြင်း၊ လမ်းညွှန်ပြသခြင်း၊ လက်တွဲ ခေါ်ဆောင်ခြင်းမပြုခဲ့ကြပါမူ ကျွန်တော်တို့တာဝန်မကျေပွန်ရာရောက်မည်ထင်ပါသည်။ တိုင်းပြည်အတွက်လည်း ဆုံးရှုံး နစ်နာမည်ထင်ပါသည်။ သွန်သင်ဆုံးမရန်ခက်ခဲခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့သွန်သင်ဆုံးမရန် ခက်ခဲ နေခြင်းသည်လည်း ငယ်စဉ်ကာလကတည်းက လက်ဦးဆရာများဖြစ်ကြသော အမိ အဖတို့မှ ကောင်းစွာသွန်သင် ဆုံးမနိုင်ခဲ့ခြင်း၊ မှန်ကန်သော အသိတရားရရှိအောင် သင်ကြားပေးခဲ့ခြင်း နည်းပါးခဲ့သောကြောင့် သို့မဟုတ် လုံးဝ သင်ကြားပေးခဲ့ခြင်းမရှိသောကြောင့်ဟု ထင်မြင်မိပါသည်။ အရင်းစစ်တော့အမိမြေ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသောစကားများကဲ့သို့ပင် မိမိတို့ ကိုယ်တိုင်၏ အပြစ်ပင်ဖြစ်မည်ထင်ပါသည်။


02.png

Image from google


ကျွန်တော်တို့သည် အဖိုး၊ အဖွား၊ မိဘ၊ ဆွေမျိုးများ၏ ကောင်းမွေ ဆိုးမွေ ကိုခံယူကြရသကဲ့သို့ နောင်လာမည့် မျိုးဆက်သစ်လူငယ်များသည်လည်း ကျွန်တော်တို့၏ ကောင်းမွေ ဆိုးမွေများကို ခံစားကြရမည်ဖြစ်ပါသည်။ ကောင်းမွေ ဆိုးမွေများခံစားရမည်ဖြစ်သောကြောင့် အတတ်နိုင်ဆုံး ကောင်းမွေများကိုသာ ပေးနိုင်ရန်အတွက် ကျွန်တော်တို့မှ လမ်းပြသွန်သင်ဆုံးမပေးရမည်ဖြစ်ပါသည်။ လမ်းပြသွန်သင်ဆုံးမခြင်းမရှိပါပဲနှင့် အခုခေတ်ကလေး တွေက ဆုံးမရခက်လာတယ် ဟုပြောဆိုကာ ဥပေက္ခာပြုထားလိုက်ခြင်းသည် နောင်အနာဂတ်အတွက် သင့်လျော် သောဆုံးဖြတ်ချက်တစ်ခု မဖြစ်နိုင်ဟုလည်းထင်မြင်မိပါသည်။ လူငယ်များတွင် မွေးရာပါဆက်ခံခွင့်အမွေများ ရှိနေ သကဲ့သို့ မွေးရာပါ တာဝန်များလည်း တစ်ပါတည်း ပါရှိလာသည်ကိုလည်း ယနေ့ခေတ်လူငယ်များ သဘောပေါက် ရန်လိုအပ်ပါသည်။ ရပိုင်ခွင့် အခွင့်အရေးများကိုသာ ရယူလိုပြီး မိမိတို့ ထမ်းဆောင်ရမည့် တာဝန် ၀တ္တရားများအား လျစ်လျူရှုထားပါကလည်း မသင့်လျော် မမှန်ကန်နိုင်ပါချေ။ မျိုးဆက်သစ်လူငယ်များအတွက် ခေတ်အဆက်ဆက် အားမာန်တက်စေရန်လမ်းညွှန်ပေးထားကြသော စာပေများ၊ ဂီတများလည်း ရှိခဲ့ပါသည်။ လိုက်နာကျင့်သုံးခြင်း မပြု ခဲ့ကြလျှင် တဖြည်းဖြည်း ကောင်းသောအရာတို့သည် ပပျောက်သွားမည်ဖြစ်ပါသည်။ အကောင်းများ ပျောက်လျှင် လောကသဘာဝအရ အဆိုးများသည် အလိုအလျောက်နေရာဝင်ယူပြီးသားဖြစ်သွားပါမည်။ အကောင်း ပျောက်လျှင် အဆိုးသေချာပေါက်ရောက်ရပေသည်။ သဘာဝတရား၏ မှန်ကန်မှုတစ်ခုပင်ဖြစ်ပါသည်။


03.png

Image from google


လူငယ် လူရွယ်အပေါင်းတို့သည် မိမိတို့၏ ရပိုင်ခွင့်များကို ရယူကြသကဲ့သို့ ထမ်းဆောင်ရန်ရှိသော တာဝန်တို့အား ထမ်းဆောင်ရမည်ဖြစ်ပေသည်။ အနိမ့်ဆုံးအဆင့်အနေဖြင့် မိမိတို့အိမ်တွင် စားသောက်နေထိုင်ကြသော်လည်း အိမ်၏ တာဝန်များကို လျစ်လျူရှုထားပါက မသင့်လျော်ပါ။ မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် စသည်ဖြင့် အဆင့်ဆင့်တို့တွင်လည်း ရပိုင်ခွင့်အခွင့်အရေးများကို ရအောင်ယူကြရသကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များကို လည်း ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ပါသည်။ ငါနှင့်မဆိုင်ဟု နေမည်ဆိုပါက မသင့်လျော် မမှန်ကန်နိုင်ပါ။ ရပ်ကွက်၏ လုံခြုံရေးသည် မိမိတို့၏ လုံခြုံရေးပင်ဖြစ်ပါသည်။ ထို့အတူပင် မြို့၏လုံခြုံရေး၊ တိုင်းပြည်၏လုံခြုံရေးသည် မိမိတို့၏ လုံခြုံရေးပင်ဖြစ်ပါသည်။ ထိုလုံခြုံရေးတာဝန်များကို အထက်အမိန့်အာဏာ ဖြင့် ခိုင်းစေသဖြင့် လုပ်ရခြင်းမျိုးမဟုတ်ပဲ မိမိတို့ကိုယ်တိုင်က အသိစိတ်ရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါသည်။ ရပ်ကွက်အတွင်း အခြားသူများ၏အိမ်တွင် သူခိုးဝင်ခိုးနေခြင်းကို မိမိတို့နှင့်မဆိုင်သကဲ့သို့ မနေသင့်ပါ။ အခြားသူများအိမ်တွင် ခိုးစရာမရှိတော့ပါက မိမိတို့အိမ်အခိုးခံရမည်မှာ သေချာနေပါသည်။ သူခိုးမ၀င်နိုင်အောင် ပူးပေါင်းပါဝင် တားဆီးရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ထို့အတူပင် မြို့၊ ရွာ၊ နိုင်ငံ တို့တွင် သူခိုးများပေါများနေပါက မိမိတို့၏ အသိစိတ်ဓာတ်ဖြင့်ပူးပေါင်းပါဝင် ကာကွယ်တားဆီးကြရမည်ဖြစ်ပါသည်။ မိမိတို့အလှည့်ရောက်သောအချိန်မှ သူခိုး ထအော်နေလျင် အခြားသူများမှလည်း လျစ်လျူရှုနေကြမည်သာ ဖြစ်သည်ကိုလည်း သိထားအပ်ပါသည်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ နိုင်ငံ မလုံခြုံခြင်းသည် မိမိတို့၏ အိမ် မလုံခြုံခြင်း ပင်ဖြစ်ကြောင်း သတိပြုသင့်လှပါသည်။ ကောင်းတာချန်ထားနိုင်မှ မျိုးဆက်သစ်များအတွက် ကောင်းမွေဆက်ခံ ရပါမည်။ မကောင်းတာချန်ထားခဲ့ပါက ဆိုးမွေခံစားရမည်ဖြစ်ပါသည်။


04.png

Image from google


မျိုးဆက်သစ်လူငယ်များ၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တာဝန်ယူလိုစိတ် ရှိခြင်း မရှိခြင်းသည် နောင်အနာ ဂတ်ကာလ နိုင်ငံတော်တိုးတက်ခြင်း မတိုးတက်ခြင်းကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပေသည်။ ငပျင်းမျိုးဆက်သစ်များ၊ ဘိန်းစား မျိုးဆက်သစ်များ၊ သူခိုးမျိုးဆက်သစ်များဖြင့် တိုးတက်သောခေတ်မီနိုင်ငံတော် ကြီး တည်ဆောက်ရန်ကား မဖြစ်နိုင်ပါချေ။ အိမ်တစ်အိမ်နှင့်သာ နှိုင်းယှဉ်ကြည့်ကြစေချင်ပါသည်။ အိမ်တစ်အိမ်တွင် အိမ်ရှိ အဖိုးတန်ပစ္စည်းများအား ခိုးယူရောင်းချနေတတ်သောသူခိုး၊ ဘိန်းစားတစ်ယောက်၊ အပျင်းကြီးအလုပ်မလုပ်လိုသော လူများဖြင့် တိုးတက်သော အိမ်ထောင်စုအဖြစ် ရနိုင် မရနိုင် ချိန်ထိုးစဉ်းစားနိုင်ပါသည်။ အကြီးအသေးသာကွာခြားသွားမည်ဖြစ်ပါသည်။ အဖြေကတော့ အတူတူပင်ဖြစ်ပေမည်။ မျိုးဆက်သစ်များ တာဝန်ယူလိုစိတ်ရှိစေရန်မှာလည်း လူကြီးမိဘတို့၏ သွန်သင်ဆုံးမလမ်းပြခေါ်ဆောင်ခြင်း၊ အထောက်အပံ့ပြုခြင်း တို့သည်လည်း အရေးပါလှပါသည်။ အထောက်အပံ့ပေးရသောသူတို့က မှန်ကန်သော အသိဥာဏ်နှင့် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်စေရန်အတွက် ဘေးမှထိုင်ကာ အပြစ်တင်နေခြင်းဖြင့် ရရှိနိုင်မည်မဟုတ်ပါ။ မင်းတို့နဲ့မဖြစ်ပါဘူး ဟူသောအပြောမျိုးဖြင့် လူငယ်များ၏ လုပ်ကိုင်ဆောင်ရွက်လိုသော စိတ်ဓာတ်တို့အား ရိုက်ချိုးမပြစ်ရန်လိုအပ်ပါသည်။ သူတစ်ပါးကို မခိုင်းချင်ပါဘူး။ စိတ်တိုင်းမကျဘူးဟု ဆိုသူများ လည်းရှိပါသည်။ ထိုကဲ့သို့သော လူတို့သည် မျိုးဆက်သစ်တို့အား မလုပ်တတ် မကိုင်တတ်ဖြစ်စေရန် အညွန့်ချိုးသူ များပင်ဖြစ်ပေသည်။


05.png

Image from google


ယနေ့ ကျွန်တော်တို့ MSC တွင်လည်း တိုးတက်အောင်မြင်စေရန် မျိုးဆက်သစ်များလိုအပ်ပါသည်။ မျိုးဆက်သစ် လူငယ်များအတွက်လည်း လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသူများမှလည်း လမ်းပြ သွန်သင် သင်ကြားပေးနေကြ ပါသည်။ မိမိတို့တာဝန် မိမိတို့ထမ်းဆောင်ရန်သာလိုပါသည်။ MSC အောင်မြင်စေရန်အတွက် တစ်ဦးတစ်ယောက် တည်းတွင် တာဝန်ရှိသည်မဟုတ်ပါ။ လူတိုင်း လူတိုင်းတွင် တာဝန်ရှိပါသည်။ မိမိတို့နိုင်ရာတာဝန်များကို ထမ်းဆောင် ကြမှသာလျှင် ရေရှည်အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ အနာဂတ်ကာလတွင် MSC တိုးတက်ခြင်း မတိုးတက်ခြင်းသည် MSC မျိုးဆက်သစ်များ၏အပေါ်တွင်လည်း မူတည်နေသည်ကို သတိပြုစေချင်ပါသည်။ မည်သို့သော အရည်အချင်းတို့ဖြင့် MSC ၏အနာဂတ်ကို ကောင်းမွန်စေရန် ထူထောင်နိုင်ပါမည်နည်း။ ရေရှည်အကျိုးခံစားနိုင်ရန်အတွက် မည်သို့သောအရာများ လိုအပ်မည်ဟုထင်ပါသနည်း။ ကိုယ်တိုင်သာ ဖြေကြည့်ကြပါကုန်လော့။ ရှေ့လူများမှ စိုက်ပျိုးထားခဲ့သော ပဒေသာပင်လေးသည် ရေလောင်း၊ ပေါင်းသင်၊ ပိုးသတ်ခြင်းများဖြင့် ဂရုတစိုက်ပြုစုပျိုးထောင်နေသဖြင့် မညှိုးနွမ်း မပျက်စီးသေးသော်လည်း မျိုးဆက်သစ်များမှ ရေလောင်း၊ ပေါင်းသင်၊ ပိုးသတ်ခြင်းမပြုလုပ်ကြပါမူ တစ်နည်းအားဖြင့်ဆိုရသော် လွဲပြောင်းတာဝန်ထမ်းဆောင် ကြခြင်းမရှိခဲ့ကြပါသော် ထိုရှင်သန်ပြီးသော ပဒေသာပင် လေးသည် ခြောက်သွေ့ သေဆုံး ပျောက်ကွယ်သွား ရန်သာ ရှိတော့မည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။ မိမိတို့ နိုင်ရာတာဝန်ကိုယ်စီ ထမ်းဆောင်နိုင်ကြပါစေ။


06.png


Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-Jan-2018 စနေနေ့(Saturday)