အဆင်တန်ဆာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အ၀တ်တန်ဆာက အရေးမကြီးပါဟု ထင်သူများ၊ မလိုအပ်ဟု ထင်သူများ ကျော်သွားနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော ယခုစာများသည် အ၀တ်တန်ဆာအကြောင်းကို ထင်မြင်မိသမျှ ရေးသားထားသောကြေင့် ဖြစ်ပါသည်။ လူမှာအ၀တ် တောင်းမှာအကွပ် ဆိုသော စကားအတိုင်း မိမိတို့၏ ခန္ဓာကိုယ်တွင် ဆင်မြန်းသော အ၀တ်တန်ဆာတို့သည် လူမှုပေါင်းသင်းဆက်ဆံရေးတွင် အလွန်အရေးပါလှပါသည်။ အချို့သာ သူများသည် ၀တ်စားဆင်ယင်မှုကို အလေးမထားတတ်ကြသည်ကို မြင်တွေ့ဖူးကြပေမည်။ လူတိုင်းလူတိုင်း လူအများကြား တွင် သွားလာလှုပ်ရှားကြရမည်သာဖြစ်ပါသည်။ အ၀တ်အစားကို သေချာကျနစွာ ၀တ်ဆင်တတ်ခြင်းသည် လူအများ၏ လေးစားမှု ရိုသေမှုကိုရရှိနိုင်မည်ဖြစ်ပါသည်။ ဖြစ်ကတတ်ဆန်း ၀တ်စားဆင်ယင်မှုသည် လူတို့၏ အထင်အမြင် သေးခြင်း၊ အရေးမစိုက် အရေးမလုပ်ခြင်းတို့ ခံရနိုင်ပါသည်။ အ၀တ်တန်ဆာကို ကြည့်ပြီး လူတစ်ယောက်၏ တန်ဖိုးကို မဖြတ်နိုင်သော်လည်း နေ့စဉ် လူအများနှင့် ဆက်ဆံနေရသူတို့သည် အ၀တ်တန်ဆာကို ကောင်းမွန်သေသပ်စွာ ၀တ်စားဆင်ယင်သင့်လှပါသည်။ အ၀တ်တန်ဆာသည် လူတို့၏ စိတ်ကို ဆွဲဆောင်နိုင်ကြပါသည်။ လေးစားမှု အထင်ကြီးမှုတို့ကို ခံယူရရှိနိုင်စေပါသည်။ ၀တ်စားဆင်ယင်မှု အချိုးကျသပ်ရပ်နေသော လူတို့အား လူတို့သည် ငေးမောကြည့်ရှုရတတ်ပါသည်။ အဖိုးတန်သော အ၀တ် တန်ဆာတို့အား ၀တ်ဆင်ရမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ သန့်ရှင်းသပ်ရပ်သော အ၀တ်အစားတို့အား သေသပ်ကျနစွာ ၀တ်ဆင်တတ်ရန်အရေးကြီးကြောင်း ရေးသားလိုခြင်းသာဖြစ်ပါသည်။


02.png


အ၀တ်တန်ဆာကို သန့်ရှင်းသပ်ရပ်စွာ ၀တ်ဆင်ရမည်ဆိုရာတွင်လည်း မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းနှင့်လည်း သက်ဆိုင်မည် ဖြစ်ပါသည်။ စက်ဆီများ အမြဲပေစွန်းနေတတ်သော ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့ကဲ့သို့သော လုပ်ငန်းမျိုးတွင် သန့်ရှင်းသပ်ရပ်စွာ စတိုင်ကျကျနေထိုင်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အ၀တ်အစား ၀တ်ဆင်ကြရာတွင် လုပ်ငန်းသဘာဝအရ ၀တ်ဆင်ရမည်သာ ဖြစ်ပါသည်။ ထို့အတူ သန့်ရှင်းသပ်ရပ်စွာ ၀တ်စားဆင်ယင်မှုဖြင့် လုပ်ကိုင်ရသည့် ဆရာဝန်တစ်ဦးသည် စက်ချေးပေနေသော အ၀တ်အစားဖြင့် ဆေးကုရန် မဖြစ်နိုင်ပါ။ ဆရာဝန်တို့၏ ၀တ်စားဆင်ယင်မှုသည် လာရောက်သော လူနာတို့၏ အားကိုးယုံကြည်မှုသည်လည်း အရေးပါလှပါသည်။ စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားသော ဆရာဝန်ထံသို့ မည်သို့သော လူနာကမျှ ယုံကြည်စွာ ဆေးကုသမှု ခံယူချင်ကြမည်မဟုတ်ပါ။ စုတ်စုတ်ပြတ်ပြတ်ဖြင့် စာသင်နေသော ကျောင်းဆရာ ကျောင်းဆရာမတို့ထံတွင်လည်း မည်သည့်တပည့်ကမျှ ကောင်းမွန်စွာ စာသင်လိုစိတ်၊ ဆရာအားအထင်ကြီး လေးစားလိုစိတ်ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အ၀တ်တန်ဆာအား ၀တ်ဆင်ကြရာတွင် သူ့နေရာနှင့်သူ ၀တ်ဆင်ရန် အရေးပါလှပါသည်။ အိမ်တွင် နေစဉ်အ၀တ်အစားဖြင့် အလှူမင်္ဂလာပွဲ၊ ဧည့်ခံပွဲများတက်ရောက်ပါကလည်း သင့်တော်မည်မဟုတ်ပါ။ အ၀တ်အစား စုတ်စုတ် ပြတ်ပြတ်ဖြင့် လမ်းလျှောက်မိလျင် ခွေးကပင် မလေးစားပဲ ဟောင်ခြင်း ကိုက်ခြင်းများပင် ပြုလုပ်တတ်ပါသည်။ အ၀တ်အစားကောင်းမွန်သပ်ရပ်စွာ ၀တ်ဆင်လာသောသူတို့အား ခွေးများသည် ဟောင်ရန်စိတ်မ၀င်စားတတ် ကြပါ။ အ၀တ်တန်ဆာကို ခွေးတို့ကပင် ခွဲခြားနိုင်သည်ဟု ထင်မှတ်ရပေသည်။


03.png


ထို့ကြောင့် တောင်းမှာအကွပ် လူမှာအ၀တ် ဆိုသောစကားသည် မှန်ကန်ကြောင်းတွေ့နိုင်ပါသည်။ အ၀တ်အစားအား သူ့နေရာနှင့်သူ အချိုးကျနစွာ ၀တ်ဆင်နိုင်ပါက မိမိတို့အတွက် အကျိုးရှိနိုင်မည် ဖြစ်ပါသည်။ သာမာန်ရုပ်ရည်ရှိသူတစ်ယောက်သည် အ၀တ်တန်ဆာကို လှပစွာဆင်ယင် ၀တ်ဆင်နိုင်ပါက လူအများ၏ စိတ်ဝင်စားမှုကို ခံရတတ်ပါသည်။ အမျိုးသား အများစုတို့သည် အ၀တ်တန်ဆာအား စိတ်ဝင်စားမှုနည်းပါး တတ်ကြပါသည်။ အမျိုးသမီးအများစုတို့သည်ကား အ၀တ်တန်ဆာသာမက လက်ဝတ်ရတနာများအားလည်း ၀တ်ဆင်ရလေလေ ပိုမိုသာယာမှု ဖြစ်လေလေဖြစ်ပါသည်။ ထို့ပြင် အမျိုးသမီးအများစုတို့သည် ယောက်ျားလေးများအား ကြည့်ရှုရာတွင် အ၀တ်အစားကိုပါ ကြည့်ရှုတတ်ကြပေသည်။ အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများတွင် ၀တ်ဆင်သော အ၀တ်အစား နှင့် ဧည့်ခံပွဲ၊ ညစာစားပွဲ တို့တွင် ၀တ်ဆင်သော အ၀တ်အစားတို့သည် မတူညီနိုင်ပါ။ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွင် ရိုးရှင်းသော ၀တ်စားဆင်ယင်မှုကို ပြုလုပ်ရန်လိုသော်လည်း ဧည့်ခံပွဲ၊ ညစာစားပွဲများတွင် မိမိကြိုက်နှစ်သက်ရာ ၀တ်စုံတို့အား သပ်သပ်ရပ်ရပ် ၀တ်ဆင်သင့်သည်ဟုလည်း ထင်ပါသည်။ လူအများကြားတွင် ထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင် ဖြစ်စေသော အ၀တ်တန်ဆာတို့အား ၀တ်လျှင် ပိုမိုသင့်တော်မည်ဖြစ်ပါသည်။ သို့မှသာ လူအများ၏ သတိပြုမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော့်အမြင်သာဖြစ်ပါသည်။


04.png


အင်တာဗျူးဖြေဆိုရန်သွားမည့် လူတစ်ယောက်သည် စုတ်ပြတ်နေသော အ၀တ်အစားများဖြင့် သွားရောက်သင့် သည်ဟုမထင်ပါ။ မည်သူမျှလည်း စုတ်စုတ်ပြတ်ပြတ်နှင့် အင်တာဗျူးသွားရောက်ဖြေဆိုကြမည်မဟုတ်ပါ။ အတတ်နိုင်ဆုံး မိမိတို့ အ၀တ်တန်ဆာအား စိတ်တိုင်းကျဖြစ်စေရန် ရွေးချယ်ဝတ်ဆင်သွားကြမည်သာဖြစ်ပါ သည်။ အ၀တ်တန်ဆာသည် ပထမဦးဆုံးတွေ့ဆုံရမှုများတွင် ပိုမိုထိရောက်အရေးပါလှပါသည်။ လူတို့၏ စိတ်တွင် ပထမဦးဆုံးမြင်ဖူးသော ပုံစံအား မှတ်မိနေတတ်သောကြောင့်ဖြစ်ပါသည်။ မိမိနေ့စဉ်ကျင်လည်ရာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် အ၀တ်တန်ဆာသည် အရေးမကြီးသော်လည်း မိမိမသိကျွမ်းဖူးသေးသော အရပ်သို့ သွားရောက်မည်ဆိုပါက အ၀တ်တန်ဆာသည် အလွန်အရေးပါသကဲ့သို့ အလွန်လည်း အရေးကြီးလှ ပါသည်။ အ၀တ်အပြင် ခန္ဓာကိုယ်၏သန့်ရှင်းမှုသည်လည်း အရေးပါမည်ဖြစ်ပါသည်။ အနံ့ဆိုးထွက်နေသော ခန္ဓာကိုယ် အနံ့ဆိုးထွက်နေသော အ၀တ်တန်ဆာတို့ဖြင့် ပတ်ဝန်းကျင်သို့ သွားရောက်ခြင်းသည် မိမိအား အထင်သေး အမြင်သေးအဖြစ်သို့ ရောက်ရှိစေနိုင်ပါသည်။ နေထိုင်ရာပတ်ဝန်းကျင်တွင် မိမိအား လူသိနေသော်လည်း အခြားသောနေရာများတွင် မိမိအား မသိနိုင်ကြပါ။ သပ်ရပ်သပ်ရပ်ဝတ်ဆင်သွားလာ သင့်ပါသည်။ သို့မှသာ အချို့သော ပြဿနာတို့အား မဖြစ်ပေါ်စေရန် ကာကွယ်ပြီး ဖြစ်သွားနိုင်ပါသည်။ စုတ်ပြတ်နေသော အ၀တ်အစားတို့ဖြင့် ဈေးရောင်းနေသော ဆိုင် နှင့် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပြီး ဈေးရောင်းနေသော ဆိုင်နှစ်ဆိုင် မျက်စိတွင်မြင်ယောင်ကြည့်ပါက သိသာထင်ရှားနိုင်ပါသည်။


05.png


နေရာတကျ ၀တ်စားဆင်ယင်တတ်ခြင်းသည် အလွန်အရေးကြီးပါသည်။ လှလှပပ သပ်ရပ်စွာ ၀တ်စားဆင်ယင်ရမည် ဖြစ်သော်လည်း သန့်ရှင်းရေးလုပ်ရမည့် နေရာသို့ လှလှပပ သပ်သပ်ရပ်ရပ် ၀တ်စားသွားလျှင် အဆဲခံထိနိုင်ပေသည်။ သူ့နေရာနှင့်သူ ၀တ်စားဆင်ယင်တတှ်ပါက ရတနာများစီခြယ်သကဲ့သို့ မိမိတို့အတွက် အဆင်တန်ဆာများဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်မှု နည်းပါးပါသည်။ ထိုသို့ ၀တ်ရလျှင်လည်း မနေတတ် မထိုင်တတ်ဖြစ်နေတတ်ပါသည်။ သို့သော် အခမ်းအနားများ၊ မိမိနှင့် မသိသောပတ်ဝန်းကျင်များသို့ သွားရောက်ရသည်ရှိသော် သင့်လျော်သည့် အ၀တ်အစား၊ လွတ်လပ်ပေါ့ပါးသည့် အ၀တ်အစားတို့ကို ၀တ်ဆင်ပြီး သွားလာပါသည်။ အ၀တ်အစား စုတ်ပြတ်နေပါက အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် ခွေးများကပင် ဟောင်ချင် ကိုက်ချင်တတ်ကြကြောင်း သတိပြုဆင်ခြင်နိုင်ကြပြီး သင့်လျော်သော အ၀တ်တန်ဆာတို့အား ၀တ်ဆင်နိုင်ကြပါစေရန်၊ အ၀တ်တန်ဆာသည် မိမိတို့၏ အဆင်တန်ဆာပင်ဖြစ်ကြောင်းရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

14-Jun-2018 ကြာသပတေးနေ့(Thursday)