အစစ်ရှိရင် နည်းနည်းပေးပါ (Please Give Me Real. I Don't Want Fake)
ယနေ့ခေတ်အခါသမယသည် ဘက်ပေါင်းစုံမှ တိုးတက်နေသောခေတ်ကြီးဖြစ်နေပြီ။ လူအများပြောဆို လေ့ရှိသော စကားတစ်ခွန်းမှာ "ဒီလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ" In development ဆိုသော စကားတစ်ခွန်းကို နေရာ တော်တော်များများတွင် ကြားဖူးမိပါသည်။ မိတ်ဆွေများလည်း ကြားဖူးမည်ထင်ပါသည်။ တိုးတက်နေတဲ့ခေတ် တိုးတက်နေတဲ့ခေတ် တတွတ်တွတ်ရေရွတ်မိပါသည်။ ဘာကြောင့်ဆိုသော် ကျွန်တော်၏ အငြိမ်မနေတတ်သော အတွေးစိတ်တို့သည် ထိုစကားလုံး၏နောက်ဆက်သို့ လိုက်မိသောအခါတွင်မတော့ Post တင်ရန်အတွက်ဖြစ်လာပါလေတော့သည်။
တိုးတက်နေသောခေတ်ဟု လူတော်တော်များများပြောဆိုကြရာတွင် ဘာတွေတိုးတက်နေသလဲဟု ဆင်ခြင်စဉ်းစားကြည့်မိပါသည်။ တိုးတက်သည်ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတာလား စိတ်ပိုင်းဆိုင်ရာတိုးတက်လာတာလား နှစ်ခုစလုံးတိုးတက်လာတာလား ဆိုသည့် အတွေးအမျှင်နောက် ကောက်ကောက်ပါအောင် လိုက်မိပါတော့သည်ခင်ဗျာ။
ကျွန်တော် သိဘူး ကြားဘူး မှတ်သားဘူးသော တိုးတက်သည်ဆိုသောအရာတွင် ရုပ်ပိုင်း နှင့် စိတ်ပိုင်း နှစ်မျိုးစလုံး တိုးတက်နေသော နိုင်ငံမှာ အင်မတန်ရှားပါးသည်ကိုတွေ့ရပါသည်(ကျွန်တော်၏ မပြည့် မစုံ ဗဟုသုတကြောင့်လည်းဖြစ်နိုင်ပါသည်) ကျွန်တော်တို့ မြန်မာလူမျိုးများ အလုပ်ပျက်ခံ အိပ်ရေးပျက်ခံ ဘုရားကန်တော့အပျက်ခံကာ နေ့စဉ်နှင့်အမျှ ကြည့်ရှုအားပေးနေပါသော နိုင်ငံတကာသို့လည်း ထိုးဖောက်ဝင်ရောက်နေပါသော တောင်ကိုရီးယား(South Korea)ရုပ်သံ ဇာတ်လမ်းတွဲများကို လေ့လာကြည့်မိရာတွင် ရုပ်ပိုင်းဆိုင်ရာတွင် အလွန်ခေတ်မီတိုးတက်နေပါ သော်လည်း စိတ်ပိုင်းဆိုင်ရာတွင် ချို့တဲ့နေကြောင်းတွေ့ရပါသည်။ တစ်ခုလောက်ဥပမာပြဆိုရသော် ရုပ်ပိုင်းဆိုင်ရာ ငွေကြေးပြည့်စုံကုံလုံသော မိသားစုအသိုင်းအ၀ိုင်းတစ်ခု အင်မတန်ကြီးမားသော လုပ်ငန်းစုကြီးတစ်ခုကို ပိုင်ဆိုင်ထားသော မိသားစုတစ်စုတွင် ငွေအတွက်သာဆိုလျှင် မိမိတို့၏ ဆွေမျိုးသားချင်း အရင်းအခြာကိုပင် သတ်ဖြတ်ရန်ဝန်မလေးကြကြောင်း ကြည့်ရှုရပါသည်။ ငွေသည် အရေးမပါမဟုတ် အရေးပါလှပါသည်။ သို့သော် လူသား နှင့် ငွေ ဘယ်အရာကို ရွေးချယ်သင့်ပါသလဲ လို့ ကျွန်တော့်အားမေးလျှင်တော့ လူကိုသာရွေးချယ်ပါမည်(ကျွန်တော်တစ်ဦးတည်း၏ ခံစားချက်သာ ဖြစ်ပါကြောင်း) ငွေကိုရွေးချယ်မည့်သူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ သို့သော် အလွန်နည်းပါး လိမ့်မည်ထင်ပါသည်။
မြန်မာ့တိုင်းရင်းဆေးများသည် အဖိုးတန် နံ့သာနီ နံ့သာဖြူ စန္ဒကူး စသည်တို့နှင့် ဖော်စပ်ရသောဆေးအမျိုးပေါင်းများစွာရှိပါသည်။ သို့သော် ယနေ့ခေတ်တွင် လောဘနောက်သို့ လိုက်ပါကုန်ကြပါသောလူများသည် နံ့သာဖြူ နံ့သာနီ စန္ဒကူး တို့အစား အခြားအဖိုးမတန်သော သစ်ကို အသုံးပြု့ပီး ဓာတုဗေဒဆိုးဆေးများဖြင့်ပြုပြင်စီရင်ထည့်သွင်းကြကုန်၏။ ထိုအရာသည် တိုးတက်လာသည်ဆိုသော ခေတ်၏နည်းပညာကိုအသုံးပြုပြီး လောဘနောက်သို့ ကောက်ကောက်ပါ အောင်လိုက်ကြလေကုန်သည်။ မှားယွင်းသောလုပ်ရပ်မှန်းလည်း မသိကြသလော သိသိကြီးနှင့်ပင် ငွေရလုဇောဖြင့်ပင် လုပ်ကိုင်ကြကုန်သလော ကျွန်တော်မစဉ်းစားတတ်ပါ။ ကျွန်တော်အထင်တော့ သိသိကြီးနှင့်ပင် ငွေနောက်သို့လိုက်ခြင်းသာဖြစ်တန်ရာ၏။ ဓာတုဗေဒဆိုးဆေးများသည် စားသောက် ကုန်ပစ္စည်းအားလုံးလိုလို၏ အပေါ်သို့နေရာယူထားကြပါကုန်၏။ အန္တရာယ်ကြီးတစ်ခုပါတည်း။ မသိဟု ဆိုခြင်းကို လက်ခံနိုင်ပါမည်လော။ ထိုဓာတုဗေဒဆိုးဆေးများ ဆိုးထားသော စားသောက်ကုန်များကို ကာလကြာရှည်စွာ စားသုံးနေပါက အသည်းကင်ဆာ အပါအ၀င် ကင်ဆာရောအတော်များများကို လည်းကောင်း ဗဟိုနပ်ဗ်ကြောမကြီးကို တိုက်ရိုက်ထိခိုက်စေသည်ကိုလည်းကောင်း ဆိုးဆေးဖြင့် ကြီးပွားနေကြသူများ မသိကြဟု ကျွန်တော်မထင်ပါ။ ထိုကဲ့သို့အတုများသည် အစစ်ကဲ့သို့ နေရာအနှံ့ တွင် နေရာယူလာသောအခါ အတုကို အစစ်ထင်လာခဲ့ရသည်မှာ နှစ်ပေါင်း ဆယ်စုမက ရှိလာခဲ့ပါပြီ။ ကဲ မိတ်ဆွေအပေါင်းတို့ခင်ဗျာ တိုးတက်ခြင်းက တကယ်ဟုတ်မဟုတ်တော့မသိ။ ဆုတ်ယုတ်ခြင်းက တော့ မျက်စိရှေ့တွင် အလွန်ထင်ရှားစွာမြင်နေရပါပြီ။ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုသည် အင်မတန် ကြီးမားသော အပယ်ငရဲတွင် နှစ်ပေါင်းများစွာ ခံစားရမည့် အကျိုးတရားပါ။
တိုးတက်လာသည်ဆိုသည်နှင့်အမျှ လူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအတော်များများ ချို့ယွင်းသွားကြ ကြောင်း မြင်တွေ့ကြားနေရပေသည်။ လောဘနောက်သို့ လိုက်ကုန်ကြလေ၏။ မှားယွင်းပေစွ။ ယနေ့ခေတ်သည် တိုးတက်လာသည်နှင့်အမျှ အစစ်များနည်းပါးလာပြီး အတုများ တိုးတက်နေရာယူ လာကြသည်ကို အောက်တွင် ဖော်ပြသော အကြောင်းချင်းရာများကို ဝေဖန် သုံးသပ်ကြည့်ကြပါ ခင်ဗျာ။
ဈေးတစ်ခုအတွင်းသို့ ၀င်ရောက်ပြီး နနွင်းမှုန့်(ဆနွင်းမှုန့်)၀ယ်ယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေး စေမည်ဆိုလျှင် ဈေးတွင် ရောင်းချနေသော ပဲဆီ နှမ်းဆီ စသည်ဖြင့် စားသုံးဆီများအား အမှန်တကယ် ပဲဆီ နှမ်းဆီ ဟုတ်မဟုတ် စစ်ဆေးကြည့်မည် ဆိုပါလျှင် မြန်မာတို့အကြိုက် ငပိ ငံပြာရည် စသည်တို့အားလည်း စစ်ဆေးစေခဲ့မည်ဆိုပါလျှင် လမ်းတွင်ရောင်းချနေကြသော ဓာတ်ဆီ ဒီဇယ်ဆီ တို့၏ အရည်အသွေးကို အမှန်တကယ်ပြောဆိုထားသော အရည်အသွေးရှိမရှိ စစ်ဆေးစေမည် ဆိုပါလျှင် အတု သို့မဟုတ် အစစ် မည်သို့သော အဖြေကိုရရှိမည်ထင်ပါသနည်း။ နနွင်းမှုန့်(ဆနွင်းမှုန့်) ပဲမှုန့် မဆလာ ငရုတ်သီးခြောက် ငါးပိ ငံပြာရည် ပဲဆီ နှမ်းဆီ စစ်စစ်ရနိုင်မည်မထင်ပါ။ ကျွန်တော့်အတွေ့အကြုံတစ်ခုပြောပြချင်ပါသည်။ တစ်ခါက ကျွန်တော်အား ဆရာဖြစ်သူက မြန်မာဆေးဖော်စပ်ရာတွင် အသုံးပြုရန်အတွက် နှမ်းဆီစစ်စစ် ရှာခိုင်းပါသည်။ ဆိုင်များတွင် နှမ်းဆီစစ်စစ်မရနိုင်ကြောင်း ဆီစက်သို့သာ သွားရောက်ဝယ်ယူရန် စားသုံးဆီ ရောင်းချသောဆီသည်များကပင် ပြောကြားပါသည်။ သို့နှင့်ဆီစက်သို့သွားရောက်ဝယ်ယူရာတွင်လည်း နှမ်းဆီစစ်စစ်မရနိုင်ကြောင်းပြောပါသည်။ ရနိုင်မည့်နေရာ သို့မဟုတ် ရနိုင်မည့်နည်းလမ်းလေး ညွှန်ပြခိုင်းရာတွင် ကိုယ်တိုင်ဆီကြိတ်ပါဟုပြောပါ၏။ အဘယ်သို့နည်း။ သို့နှင့် ကိုယ့်ဖာသာကို ရွာမှ အမျိုးများထံ နှမ်းဆီကြိတ်ရန်အတွက် နှမ်းများထည့်ပေးခိုင်းရပါသည်။ နှမ်းများရသောအခါ ဆီစက်တွင် နှမ်းများအား ဆီကြိတ်ပေးပါရန် အခကြေးငွေပေးပြီး ကြိတ်ခိုင်းရာတွင်ပင် နှမ်းဆီမစစ်ကြောင်း ပြောပါသည်။ အဘယ်သို့သော နည်းဖြင့် အစစ်ကို ရနိုင်ပါတော့မည်နည်း။ ဈေးတွင်ရောင်းချသော မီးဖိုချောင်သုံး ပစ္စည်းများအားလုံးပင်လျှင် အစစ်မရနိုင်ပါချေ။ ဘာကြောင့်လဲဆိုသော် ဘယ်သူသေသေ ငတေမာပြီးရောဆိုသော စကားအတိုင်း ငွေရရန် တစ်ခုတည်း ကိုသာ ဦးတည်ပြီး မည်သူတွေ ဘာဖြစ်ဖြစ် လုပ်ကိုင် စားသောက်လာကြခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ကြောင့်ပင်မဟုတ်ပါလော။ စစ်စစ်ရသည် ဟု လည်းကောင်း အာမခံ ဟုလည်းကောင်း တံဆိပ်ကပ်ရောင်းချနေကြသော ကုန်ပစ္စည်းများပင်လျှင် အစစ်ဆိုသည်မှာ 1% ဆိုလျှင်တောင်များနေမည်လားမသိ(ကျွန်တော်အထင်ပါ)။ ပဲဆီ နှမ်းဆီ စစ်စစ်ဆိုလျှင် ရေခဲသေတ္တာထဲတွင်ထည့်ထားစေကာမူ လုံးဝမခဲပါ။
အာမခံဆိုသော တံဆိပ်ကပ် ဆီပုလင်းတစ်လုံးအား ၀ယ်ပြီး ရေခဲသေတ္တာတွင်ထည့်ရာ ခဲသွားလေ၏။ အဘယ်သို့ဖြစ်လေသနည်း။ ကျွန်တော်တို့မြန်မာမိန်းကလေးများ အလွန်နှစ်သက်ခုံမင်ခဲ့ကြပါသော မြန်မာသနပ်ခါးတုံး ပင်လျှင် အတုတွေဖြစ်ကုန်ပါလေပြီ။ နောက်ဆုံး ကုန်ကုန်ပြောရလျှင် ဇနီးမယားတောင်အတု လုပ်နေကြသည်(ယခုဆိုလျှင် အရုပ်မများနှင့်ပင်အိမ်ထောင်ကျကုန်ပြီဖြစ်သည်)။ မိန်းကလေးအများစု (အားလုံးဟုတော့မဆိုလိုပါ)တွင် အပျိုစစ်စစ်ရှားပါးလာပြီ။ မောင်နှမသားချင်း ဦးလေး တူမ စသဖြင့် လူတို့စောင့်ထိမ်းအပ်သော လူ့ကျင့်ဝတ်များကို ချိုးဖောက်နေခြင်းသည် တိုးတက်လာခြင်း ဖြစ်နိုင်ပါသလား။ ကျွန်တော်တို့နိုင်ငံတွင်မှမဟုတ်ပါ။ တိုးတက်နေသောနိုင်ငံဖြစ်စေ မတိုးတက်သေး သောနိုင်ငံဖြစ်စေ အားလုံး အတူတူဖြစ်ပျက်နေသောကိစ္စတစ်ခုဖြစ်သည်ကို မြင်ရ ကြားရ တွေ့ကြုံနေကြ ရပါသည်။
အစစ်ကို ဘယ်မှာ ရနိုင်မလဲ။ "အမှားကိုအမှန်ထင်" "အမှားကြာ အမှန်ဖြစ်" ဆိုကာ ဖြစ်လာခြင်းသည် တိုးတက်လာခြင်း ဟုတ်ပါသလော။ ကျွန်တော်တွေ့မြင်ရသလောက် တိုးတက်လာခြင်းတွင် ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ခြင်းအတွက်တော့ အမှန်တကယ် တိုးတက်လာနေကြကြောင်း လူတိုင်းသိသာ ထင်ရှားစွာ အလွယ်တကူ မြင်နိုင်ကြပါသည်။ နည်းပညာများတိုးတက်လာပါသည်။ ကောင်းပါ၏။ စိတ်ဓာတ်များလည်း တိုးတက်ကောင်းမွန်လာပါက ပိုမိုသာလွန်ကောင်းမွန်ပါ၏။ သို့ရာတွင် ဘာတွေကိုယုံကြည်ရမလဲဟေ့ ငါအနာဂတ်မယုံသေးဘူး ဟု ဦးချစ်ကောင်းသီဆိုခဲ့သလို အော်ဟစ်သီဆိုလိုက်ချင်ပါတော့သည်။ မိန်းမအတု(ဖြတ် ဖောက် ချုပ်၊ ဆီလီကွန် ဒိုးလ် Silicone Dolls) ပိုက်ဆံအတု(Fake Money) စားသောက်ကုန်အတု(Fake Food) etc.... Fake Fake Fake Fake Fake. အတု အတု အတု အတု Where is real? အစစ်ဘယ်မှာရနိုင်မလဲ?
စိတ်ဓာတ်ပိုင်းဆိုင် တိုးတက်မှုတွင်တော့ တိုးတက်မှုမရှိသည့်အပြင် စိတ်ဓာတ်များ အောက်တန်းသို့ ရောက်မှန်းမသိရောက်ကုန်ကြပြီ ဖြစ်ကြောင်း ယနေ့ခေတ်ကာလတွင် မြင်တွေ့နေကြရသည်မှာ အမှန်ပင်ဖြစ်ကြောင်း လူတိုင်းအလွယ်တကူ သိမြင်နိုင်ပါသည်။ ကျွန်တော်တို့ငယ်စဉ်အခါက ကလေးများ ရန်ဖြစ်လျှင် ဘေးမှ အသက်ကြီးသူ တစ်ဦးတစ်ယောက်မှ ရပ်ကြစမ်းဟေ့ (Stop Fighting) လို့ပြောလျှင် ချက်ချင်းရပ်ကြပါသည်။ အသက်ကြီးသူဆိုရာတွင်လည်း ကိုယ့်ထက် အနည်းငယ်သာအသက်ကြီးသူ ပင်ဖြစ်စေကာမူ ကလေးများက လေးစားသောအားဖြင့် ရန်ပွဲကိုရပ်ပါသည်။ ယခုခေတ် လူငယ်များ၏ ရန်ပွဲတွင် ရပ်ကြစမ်းဟေ့ (Stop Fighting) လို့ပြောကြည့်လိုက်ပါလျှင် ဓားထိုးခံရနိုင်ပါသည်။
လေးစားမှုများ ကွယ်ပျောက်ကုန်ကြပါပြီ။ ယခုခေတ်တွင် သားသမီးက မိဘတွေဆိုဆုံးမမှုကို မနာခံ။ မိဘက သားသမီးများကို ကြောက်နေရသောခေတ် ဆရာက တပည့်ကို ကြောက်နေရသောခေတ် ဖြစ်နေသည်ကို စိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါသည်။(နေရာအတော်များများမှာ ထိုအလေ့အထ များဝင်ရောက်နေရာယူကုန်ကြောင်းတွေ့နေရပါသည်) ဒါကို တိုးတက်လာပါသည်ဟု ပြောနိုင်ပါ မည်လား။ ရင်လေးစရာ ပြည်မြန်မာ။ ကျွန်တော်ကတော့ ဘုရားရှိခိုးတိုင်း ဆုတောင်းနေမိသည်ကား ဘ၀ဆက်တိုင်း ဆက်တိုင်း အတု နဲ့ မတွေ့ရပါစေနဲ့ လို့ပေါ့။ မိတ်ဆွေရော I don't want to meet the fake, every life
ဆက်လက်ရေးသားချင်သော်လည်း ပေရှည်သွားတော့မည်ဖြစ်သောကြောင့် ဒီနေရာမှာတင်ရပ်ခွင့်ပြုပါ ခင်ဗျာ။ နောက်နောင် ရေးခွင့်ရလျှင်တော့ ရေးပါအုံးမည်။ ဒီနေရာရောက်အောင် ဖတ်ရှုပေးသည့်အတွက်လည်း ကျေးဇူးအရမ်း အရမ်းတင်ပါသည်လို့ ပြောကြားရင်းဖြင့်
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
Some image from google
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Writer) _
@ansoe
(Soe Naing)
15-8-2017(Tuesday)