အထင် အမြင် (Thinking And Seeing)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from Google
ပေါ့ပါးသောစာများအား ရေးသားလိုသည်ဖြစ်သော်လည်း ယခုအချိန်တွင် ရေးသားလိုစိတ်မရှိသောကြောင့် လေးပင်သောစာများအား ဆက်လက်ရေးသားလိုက်ပါဦးမည်။ ပေါ့ပါးသောစာများသည် ပေါ့ပေါ့တန်တန်ဖတ်ကြပြီး မေ့လျော့ပပျောက်ကြကုန်သည်သာဖြစ်သော်လည်း တစ်ခါတစ်ရံတွင်မူ ပင်ပန်းနွမ်းနယ်နေသော စိတ်တို့အား လျော့ကျသက်သာစေတတ်သောကြောင့် ပေါ့ပေါ့ပါးပါးလေးများကို ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ အပြင် ဘ၀ တနည်းအားဖြင့်ဆိုသော် လက်တွေ့ဘ၀တွင်လည်း ကျွန်တော်သည် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးဖြင့် အလုပ်ကိုလုပ်ကိုင်တတ်သင့် အကျင့်ရှိပါသည်။ ကောင်းသည်၊ မကောင်းသည်ကိုတော့ သေချာစွာ ဆုံးဖြတ်နိုင် ခြင်းမရှိပါ။ မကောင်းဟုထင်လျင် ပြုပြင်လိုက်ပြီး ကောင်းသည်ဟုထင်သော အကျင့်ကိုမူ ဆက်လက်ဆွဲကိုင်ထား တတ်ပါသည်။ "လူတစ်ယောက်သည် ကိုယ့်ကိုယ်ကစပြီး ပြုပြင်လျင် သူသည် အတော်အသင့် အဖိုးတန်လာပြီ" ဟူသောစကားကို ကြားဖူးပါသည်။ ထို့ကြောင့် ချစ်မိတ်ဆွေများလည်း မိမိကိုယ်ကို စတင်ပြုပြင်ပြီး အဖိုးတန်များ ဖြစ်လာအောင် ကြိုးစားကြစေချင်ပါကြောင်း ရေးသား စတင်လိုက်ပါသည်။
Image from google
လူတို့သည် အတွေးများဖြင့် ချာလည်လိုက်နေတတ်သောသဘောရှိကြလေမည်ထင်ပါသည်။ အဘယ့်ကြောင့် ထိုသို့ထင်ရပါသနည်းဆိုသော် ကျွန်တော်သည် အမြဲတမ်း အတွေးများဖြင့်သာ လုံးချာပတ်ချာလိုက်နေတတ်သော ကြောင့်ပင်ဖြစ်ပါသည်။ မှားချင်လည်းမှားသွားနိုင်ပါသည်။ တွေးသောအတွေးများသည် အမြဲတမ်းမှန်ကန်နေသည် မဟုတ်သောကြောင့် အမှားများကို မြင်တတ်သောအကျင့်တစ်ခုတော့ ရနိုင်ပါသည်။ မြင်တတ်အောင် ကြည့်ရန်လည်းလိုအပ်ပါသည်။ မြင်အောင်မကြည့်နိုင်ပါကလည်း မိမိတို့တွေးထားသမျှ အကုန်အမှန်ဟုထင်မြင် ယူဆပါက အလွန်တရာမှားယွင်းသော လုပ်ရပ်များဖြစ်ပေါ်လာတတ်ပါသည်။ လူတိုင်းသည် မိမိကိုယ်ကို အထင်ကြီးတတ်ကြပြီး အကုန်အစင်နားလည်သည် တနည်းအားဖြင့်ဆိုသော် မိမိတို့သည် ပြည့်ဝသောအရည်အချင်းများရှိသည့် ရေပြည့်အိုးဖြစ်သည်ဟု ထင်မြင်ယူဆတတ်ကြပါသည်။ သို့သော် ထိုသို့လ မဖြစ်နိုင်ကြောင်းကို လူတိုင်းနားလည်သော်လည်း မိမိကိုယ်မိမိ အထင်ကြီးခြင်းကား လျော့ကြသွားကြသည် မဟုတ်ပါ။ အထင်သည် အထင်သာဖြစ်ပြီး အမြင်သည်လည်း အမြင်ဖြစ်ပါသည်။ အထင်နှင့် အမြင်သည် အမြဲ မှန်ကန်နေသည်မဟုတ်ပါ။ ငါ့မျက်စိနဲ့သေချာမြင်ပါတယ် ဆိုသော ကိစ္စများသည်ပင်လျင် အမြဲမှန်နေသည်ဟု မထင်ပါလေနှင့်။ များစွာသော အမှားများရှိနေတတ်သည်ကို သတိပြုဆင်ခြင်အပ်လှပါသည်။
Image from google
လူအများစုသည် မှန် ဆိုသောအရာကို နေ့စဉ် နေ့တိုင်း ကြည့်ဖြစ်ကြမည်ထင်ပါသည်။ အထူးသဖြင့် မိန်းကလေး များ အနေဖြင့် ယေဘုယျအားဖြင့် တစ်နေ့ ငါးကြိမ်ထက်မနည်း ကြည့်ဖြစ်မည်ထင်ပါသည်။ လုံးဝမကြည့်သော သူများလည်း ရှိနိုင်ပါသည်။ ထို မှန် ဆိုသောအရာသည် မိမိမျက်နှာရှေ့တည့်တည့် တစ်တောင်လောက်အကွာ တွင်ရှိနေတတ်ကြသည်မဟုတ်ပါလား။ ထို မှန် ဆိုသောအရာသည် မှန်သည်ဟု ထင်ပါသလား။ နာမည်ပေးထား ခြင်းသည်ကား မှန် ဟုပေးထားခြင်းဖြစ်သော်လည်း လုံးဝမမှန်ကန်ကြောင်း ချစ်မိတ်ဆွေများ သတိထားမိပါ သလား။ မိမိတို့မျက်နှာရှေ့ တစ်တောင်ခန့်အကွာတွင်ရှိသော မှန် သည်ပင်လျင် လုံးဝဥသုံ မမှန်ကန်ပါ။ ဘယ်ကဲ့သို့ မမှန်သနည်း။ ချစ်မိတ်ဆွေတို့၏ လက်ျာလက်အားမြှောက်ပြလျင် မှန်ဆိုသောအရာက မိတ်ဆွေတို့၏ ဘယ်လက်အား မြှောက်ပြပေမည်။ ဘယ်နှင့်ညာ ပြောင်းပြန်သေချာပေါက်ဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်ပါ သည်။ ထိုသို့ဆိုလျင် မိမိတို့မျက်စိရှေ့ တစ်တောင်လောက်အကွာအဝေးတွင်ရှိသော မှန် သည်ပင်လျင် မှန်အောင် ပြနိုင်သည်မဟုတ်။ တစ်လံအကွာအဝေးတွင်ရှိသောအရာသည် သို့တည်းမဟုတ် ပေတစ်ရာအကွာအဝေးမှအရာ သည် မိမိတို့မျက်စိနှင့်မြင်ရခြင်းသည် အမှန်ဖြစ်နေနိုင်ပါမည်လား။ မမြင်ရသောအရာတစ်ခုအား တစ်ဆင့်ပြောဖြင့် နားထောင်ရခြင်းသည် အမှန် ဟု ယူဆရပါမည်လား။ စဉ်းစားစရာပင်ဖြစ်ပါသည်။
Image from google
လူအများအနေဖြင့် ထင်မြင်ယူချက်တစ်ခုရှိတတ်ကြသည်ကို တွေ့မြင်ကြားဖူးပါသည်။ သရဲ၊ တစ္ဆေ ဆိုသောအရာ သည် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်သည်ဟု ဆိုသော ထင်မြင်စိတ်ဖြစ်ပါသည်။ သို့ဆိုလျင် ထိုသို့ယူဆ ချက်သည်မှန်သည်၊ မှားသည်ကို မည်သူပြောနိုင်ပါမည်နည်း။ ကျွန်တော်ကတော့ ယခုအချိန်ထိ ထိုအကောင်များ အား တစ်ခါမျှမမြင်ဖူးသေးသောကြောင့် ရုပ်ချောသလား၊ ရုပ်ဆိုးသလားဆိုသည်ကို မဝေဖန်နိုင်ပါ။ စာများတွင် မတော့ ကြောက်မက်ဖွယ်အဆင်းကိုဆောင်တတ်သည်ဟု ရေးသားထားသည်ကိုတော့ ဖတ်ဖူး မှတ်ဖူးပါသည်။ ထို တစ္ဆေ၊ သရဲ များသည် အချို့မြင်ရသည်ဆိုသောသူများက ပြောဆိုကြရာတွင် အ၀တ်အစားဘာအရောင်ဝတ်ထား သည်ဟု ပြောသည်ကိုလည်း ကြားရပါသည်။ ထိုသို့ဆိုပါလျင် တစ္ဆေ၊ သရဲ တို့သည် အ၀တ်အစားဝတ်ထားနိုင်ပါ သလား။ စာများတွင် ဖတ်ဖူးသည်ကတော့ တန်ခိုးရှိသော နတ်သမီး တစ်ပါးသည် သမုဒ္ဒရာအလယ်တွင် အ၀တ်မပါ ကိုယ်လုံးတီးဖြင့် နတ်ဗိမ္မာန်ဖြင့် စံစားနေရသည်ဟု ဖတ်ဖူးပါသည်။ အဘယ်သို့နည်း။ တန်ခိုးရှိသည် ဆိုသောနတ်တွင် အ၀တ်အစားလောက်ကိုပင်မတတ်နိုင်သလော။ တန်ခိုးမရှိ အကုသိုလ်များလွန်းသဖြင့် မကျွတ် မလွတ်ဘ၀သို့ရောက်ရှိနေသော သရဲ၊ တစ္ဆေတို့တွင် အ၀တ်အစားရှိနေပါသလော။ စဉ်းစားစရာပင်ဖြစ်ပါသည်။ အထင်သည် အထင်သာဖြစ်ပြီး အမြင်သည် အမြင်သာဖြစ်ပါသည်။ အထင်တိုင်းမမှန်နိုင်သကဲ့သို့ အမြင်သည်လည်း အမြဲမမှန်တတ်ကြောင်းကို သတိချပ်စေချင်ပါသည်။
Image from google
အကြောင်းကြုံကြိုက်သဖြင့် ထည့်သွင်းရေးသားချင်မိပါသည်။ အဘယ်အရာကိုထည့်သွင်းရေးသားချင်သနည်း ဆိုသော် ယခု MSC တွင် Promotion ရယူနေခြင်းနှင့်ပတ်သက်သော လူအများစု၏ အထင်၊ လူအများစု၏ အမြင် လည်းများနှင့်ပတ်သက်ပြီး ရေးလိုခြင်းဖြစ်ပါသည်။ MSC မှ အဖွဲ့ဝင်များအား Promotion အထောက်အပံ့ ရရှိစေရန်အတွက် နိုင်ငံခြားသားများအကူအညီရယူနေခြင်းဖြစ်ကြောင်း လူတိုင်းသိကြမည်ထင်ပါသည်။ ထိုသို့ Promotion အတွက် အထောက်အပံ့ရရှိစေရန်အတွက် ကြိုပမ်းချင်တွင် ကျွန်တော်တို့အနေဖြင့် ဘာမျှမတတ်နိုင် ပဲ ဘေးမှသာထိုင်ကြည့်နေရပါသည်။ ထိုအကူအညီရရှိအောင် ယူပေးနိုင်သူမည်သူမဆို MSC အဖွဲ့တွင်းသာ မဟုတ် အပြင်မှလူများလည်းရှိသည်ဆိုပါက ၀မ်းမြောက်ဝမ်းသာလက်ခံကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့တော့ ဘာမျှမတတ်နိုင်ပါ။ သူတို့ပေးနိုင်သောအချိန်တွင် ပေးကြပြီး မပေးနိုင်သောအချိန်တွင် ကျွန်တော်တို့လည်းဘာမှ မတတ်နိုင် Promotion ပေးခြင်းအားရပ်ထားခဲ့ရပေသည်။ လူအများကအလွယ်တကူရနေသည်ဟု ထင်နေသော Promotion အစီအစဉ်များသည် MSC ၏ တစ်ဦးတည်းသော Leader ဖြစ်သူ ကိုဟင်နရီအောင် တစ်ဦးတည်း၏ စွမ်းဆောင်ချက်သာဖြစ်ပါသည်။ အခြားမည်သူတစ်ဦးတစ်ယောက်မျှမတတ်နိုင်ပါ။ တတ်နိုင်သူများရှိပါက ရှေ့သို့ ထွက်လာခဲ့ကြပါရန် ဖိတ်ခေါ်ပါသည်။ Leader ကိုဟင်နရီအောင်၏ မြန်မာများအပေါ် စေတနာထားမှု၊ မျက်နှာငယ်ခံကာ အကြိမ်ကြိမ် အကူတောင်းနေမှုများကြောင့်သာ Promotion ရရှိနေခြင်း ဖြစ်ကြောင်းထပ်ခါ ထပ်ခါ ထပ်ခါပြောကြားပြီးဖြစ်သော်လည်း နားမလည်သူအများအပြားပင်ရှိနေကြပါသေးသည်။ မျက်နှာ အငယ်ခံနေသော Leader ကိုဟင်နရီအောင်အား အထင်အမြင်နှင့် ရမ်းသမ်း အပြစ်တင် မစော်ကားရန် လိုအပ်ပါသည်။ အထင်နှင့်ရမ်းပြော နေခြင်းများအား ရပ်တန့်သင့်ပြီဖြစ်ပါသည်။ အမြင်နှင့်လည်း ရမ်းသမ်းအပြစ် မတင်သင့်ပါ။ Promotion ဆိုသည်မှာ MSC အဖွဲ့သားများ တနည်းအားဖြင့် မြန်မာလူမျိုးအများစုအတွက် အကျိုးတရားရရှိစေရန်ကြိုးစားထားခြင်းဖြစ်သော်လည်း ရပိုင်ခွင့် တစ်ခုတော့မဟုတ်ပါကြောင်း၊ အုပ်စုသေးသေးလေးတစ်ခုအတွက် သို့မဟုတ် သူတစ်ယောက်အတွက် ဆိုလျင် Leader သည်မည်သူ့ကိုမျှ အောက်ကျခံအကူအညီတောင်းစရာမလိုပါကြောင်းရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-Jan-2018 ကြာသပတေးနေ့(Thursday)