အသိုင်းအ၀ိုင်း အဖွဲ့အစည်း(Community)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
အဖွဲ့အစည်းများမြန်မာပြည်တွင် ဖွဲ့စည်းခြင်းအလွန်များပြားလှပါသည်။ အဖွဲ့အစည်းဟုဆိုရာတွင် လူမှုရေးအဖွဲ့အစည်းများဖြစ်နိုင်သကဲ့သို့ စီးပွားရေးအဖွဲ့အစည်းများလည်း ဖြစ်နိုင်ပါသည်။ မည်သည့်အဖွဲ့အစည်းပင်ဆိုစေကာမူ အဖွဲ့အစည်းသည် အဖွဲ့စည်းလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သို့မှသာလည်း တိုးတက်မည်ဖြစ်ပါသည်။ သို့သော် အမှန်တကယ် အောင်မြင်သော အသင်းအဖွဲ့သည်ကား ရှားမည်ထင်ပါသည်။ အဖွဲ့အစည်းနှင့်အလုပ်လုပ်ရခြင်းသည် အလွန်ကောင်းမွန်ပါသည်။ သို့သော်လည်း ကျွန်တော်တို့မြန်မာလူမျိုးများသည်ကား တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ကိုယ်တော် လူစွမ်းကောင်းများကိုသာ နှစ်သက်ကြလေသည်။ အဖွဲ့နှင့်စုစည်းလုပ်ကိုင်လျှင် အချိန်ကာလမကြာမီမှာပင် ပြသနာတက်ကြသည်ကများနေသည်။ အခြားနိုင်ငံများတွင် အဖွဲ့အစည်းနှင့်သာ အလုပ်လုပ်ကိုင်တတ်ကြကြောင်းကိုလည်း သိရှိရပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအတွက် သိကောင်းစရာဗဟုသုတအနည်းငယ်လောက်ကို ရေးသားလိုက်ပါသည်။
အဖွဲ့အစည်းနှင့်အလုပ်လုပ်ရခြင်းသည် မိမိတစ်ဦးတည်းလုပ်ကိုင်ခြင်းကဲ့သို့လွတ်လပ်မှုမရှိပါ။ သို့သော် အောင်မြင်ရန်အတွက် အထောက်အကူများစွာဖြစ်သဖြင့် အလွယ်တကူ အောင်မြင်သော လမ်းမပေါ် သို့ရောက်ရှိနိုင်ပေသည်။ စိတ်ရင်းမှန်ကန်ရန်လည်း အရေးကြီးပါသည်။ စိတ်ရင်းမမှန်ကန်ပါပဲနှင့် မည်သည့်လုပ်ငန်းကို လုပ်ကိုင်စေကာမူ အောင်မြင်လျှင်လည်း ခဏသာဖြစ်နိုင်ပါသည်။ အဖွဲ့အစည်း အတွင်းတွင် လူပေါင်းများစွာနိုင်ပေရာ ဒေသအမျိုးမျိုး၊ လုပ်ငန်းခွင်အမျိုးမျိုးတို့မှ လူအများလည်း ပါဝင် နေပေသည်။ ထို့ကြောင့် မိမိအတွက် ဒေသအထောက်အကူ၊ လုပ်ငန်းဆိုင်ရာအထောက်အကူများ တစ်ဦးတစ်ယောက်တည်းလုပ်ကိုင်သည်ထက် ပိုမိုရရှိပါမည်။ ဥပမာအားဖြင့်ဆိုရသော မိမိနာမည်တပ် ကာ အစိုးရဌာနဆိုင်ရာတစ်ခုခုသို့ သွားရောက်မည်ဆိုပါက သက်ဆိုင်ရာဌာနအကြီးအကဲကို တွေ့နိုင်ရန်ပင်လွယ်ကူမည်မဟုတ်ပါ။ အဖွဲ့အစည်းအမည်ဖြင့်သွားရောက်မည်ဆိုပါက အကြီးအကဲကို အလွယ်တကူတွေ့ရှိနိုင်သည့်အပြင် အကူအညီများပင်ရရှိနိုင်ပါသည်။ ကျွန်တော့်၏ အတွေ့အကြုံကို အခြေခံကာ ရေးသားခြင်းဖြစ်ပါသည်။
Image from google
အဖွဲ့အစည်းနှင့်အလုပ်လုပ်ကြရာတွင် တာဝန်များခွဲဝေယူကြရပါသည်။ သို့မှသာလည်း အောင်မြင်သော အဖွဲ့အစည်းတစ်ခုဖြစ်နိုင်ပါသည်။ အစည်းအဝေးတက်လည်း အကြီးအကဲ၊ သန့်ရှင်းရေးကိစ္စဆောင်ရွက်ရန်လည်း အကြီးအကဲ၊ အခမ်းအနားတက်လည်း အကြီးအကဲ ဖြစ်နေကြ ပါမူ အဖွဲ့အစည်းသည် အောင်မြင်နိုင်ရန်ခက်ခဲမည်ဟုလည်း ထင်မြင်မိပါသည်။ ရေရှည်တွင် အဖွဲ့အစည်းအတွက် ထမ်းဆောင်ရသော တာဝန်များသည် မျှဝေခံယူခြင်းမရှိပါက အကြီးအကဲဖြစ်သူ တွင် ၀န်ထုတ် ၀န်ပိုးဖြစ်ကာ စိတ်ပျက်အားလျော့လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိနိုင်ရာတာဝန်ကို နည်းသည် များသည်မဟူ ထမ်းဆောင်မည်ဆိုပါက အဖွဲ့အစည်းတစ်ခုသည် ရေရှည်တည်တံ့နိုင်မည် ဖြစ်ပါသည်။ အဖွဲ့အစည်းဟု ဆိုသောကြောင့်လည်း စည်းလုံးညီညွတ်ရန်လည်း အလွန်အရေးကြီး ပါသည်။ ငွေမရသောအဖွဲ့အစည်းများ တစ်နည်းအားဖြင့်ဆိုရသော ပရဟိတလုပ်ငန်းအဖွဲ့အစည်းများ သည် ပိုမိုတည်တံ့နိုင်ရန် မလွယ်ကူကြပါ။ ကိုယ်တိုင်အသိစိတ်မရှိပါမူ အောင်မြင်ရန်မဆိုထားနှင့် တည်တံ့ရန်ပင်မလွယ်ကူပါ။ ငွေမရသည့်အတွက် အမိန့်ပေးခိုင်းစေရန်လည်းမဖြစ်နိုင်ပါ။ မိမိတို့၏ ကိုယ်ပိုင်အသိစိတ်လေးများဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ကြရသည်ဖြစ်သောကြောင့် အသိစိတ်ဓာတ် မရှိသူများနှင့် အတူယှဉ်တွဲလုပ်ကိုင်ရန်လည်းမဖြစ်နိုင်ပါ။ ထို့ကြောင့်ပင်လျှင် ပရဟိတအဖွဲ့အစည်းများ ပျက်စီးခြင်းသို့ရောက်ကြရသည်ထင်မိပါသည်။
Image from google
ထို့အတူပင် ကျွန်တော်တို့ MSC သည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဟုဆိုရသော်လည်း မြန်မာတိုင်းက MSC အဖွဲ့ဝင်များမဟုတ်ပါ။ MSC သည် ဘယ်အတွက် လုပ်ကိုင်နေကြပါသနည်းဟု လည်း သေချာစေ့ငှစွာ မလေ့လာကြပါပဲနှင့် ရမ်းသမ်း အပြစ်ဖို့နေသူများလည်း ရှိမည်ပင်။ မည်သို့ပင် အပြစ်ဆိုစေကာမူ ယခုလက်ရှိလုပ်ကိုင်နေကြသော အဖွဲ့သားများအားလုံးသည် မြန်မာနိုင်ငံကိုတော့ ချစ်မြတ်နိုးတတ်ကြလိမ့်မည်ဟုလည်း ထင်ပါသည်။ ချစ်လည်းချစ်မြတ်နိုးကြပါလိမ့်မည်။ ထိုသို့ချစ်မြတ်နိုးနေခြင်းဖြင့်လည်း MSC သည်ရေရှည်ရပ်တည်နိုင်ရန်မလွယ်ကူသေးပါ။ မိမိတို့နိုင်ရာ တာဝန်လေးများကို ကျရာကဏ္ဍလေးများမှ ထမ်းဆောင်ပေးလျှင် ဦးဆောင်လုပ်ကိုင်ပေးနေကြပါသော အဖွဲ့သားများလည်း သက်သာကြပါလိမ့်မည်။ ထိုသို့သက်သာပါက အချင်းချင်း ပိုမိုယိုင်းပင်းကူညီ နိုင်ပါလိမ့်မည်။ ကူညီနိုင်ကြမှာသာလျှင်လည်း MSC တိုးတက်ဖွံ့ဖြိုးစည်ပင်နိုင်ပါမည်။ MSC တိုးတက် စည်ပင်လာပါက အဖွဲ့သားများလည်း အလိုအလျောက် တိုးတက်လာပါလိမ့်မည်။ ဥပမာအနေဖြင့် ဆိုရသော် မိမိတို့နေထိုင်ရာအိမ်သည် သန့်ရှင်းသပ်ရပ်နေပါက မိမိတို့လည်း အလိုအလျောက် ဂုဏ်သိက္ခာတိုးတက်သကဲ့သို့ပင်ဖြစ်ပါသည်။ ညစ်ပတ်ရှုတ်ပွနေခြင်းသည်လည်း မိမိတို့၏ ဂုဏ်သိက္ခာ စုတ်ပြတ်သွားတတ်ပေသည်။ MSC သည် မိမိတို့၏ နေအိမ်ကဲ့သို့ သဘောထားကြည့်ကြစေချင်ပါ သည်။
အကြောင်းတိုက်ဆိုင်သဖြင့် အဖွဲ့အစည်းနှင့်ပတ်သက်သော အကြောင်းအရာတစ်ခုအား ရေးသားချင် မိပါသည်။ အမေရိကန်နိုင်ငံမှ လူမှုရေးစိတ်ပညာရှင်တစ်ဦးက ပြောဆိုခဲ့သောအကြောင်းအရာလေး တစ်ခုဖြစ်ပါသည်။ Group Think ဆိုသောအကြောင်းပါ။ မြန်မာလိုဘာသာပြန်မယ်ဆိုရင် အုပ်စုလိုက် အဖွဲ့လိုက် အတွေးအခေါ် ဟု ဘာသာပြန်မည်လား၊ အုပ်စုလိုက် အဖွဲ့လိုက် တွေးခေါ်ခြင်းဟု ဘာသာပြန်ရမည်လား တော့သေချာတပ်အပ်မသိပါ။
Image from google
အုပ်စုတစ်စု သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု အတွင်းတွင် လူအများအပြားရှိနေသော်လည်း စုစည်းမှုမရရှိနိုင်ပဲ အလုပ်မရှိ အလုပ်မဖြစ်ခြင်း ကိုဖော်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ နောက်တစ်ခု ကလည်း အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့လူတွေအားလုံးဟာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သဟာဇာတဖြစ်လွန်းအားကြီးကာ တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနောက်ကိုလည်းနေရင်း ကျန်သောအဖွဲ့သားများအနေဖြင့် ဖဲရိုက်ရာတွင် လိုအပ်သော အိမ်ထောက်သလောက်သာ အကျိုးပြု နေရင် တနည်းအားဖြင့် ခေါင်းဆောင်ရဲ့နောက်ကို အသာမျှောလိုက်နေခြင်းဖြစ်ပါက အဲဒီအဖွဲ့အစည်းဟာ ပျက်စီးတတ်ကြောင်းကိုလည်း ပြောဆိုထားခြင်းဖြစ်ပါသည်။
လုံးဝညီညွတ်ခြင်း မရှိတော့လျှင် အဖွဲ့အစည်းများ ပျက်စီးတတ်သကဲ့သို့ ပြောသမျှ ခေါင်းငြိမ့်ထောက်ခံ အကုန်ကောင်း ပါသည်လုပ်နေခြင်းသည်လည်း အဖွဲ့အစည်းပျက်စီးစေကြောင်း သိရပါသည်။ ခေါင်းဆောင်မှုနောက် ကို အသာမျှောလိုက်နေရခြင်းသည် သက်သာသောကြောင့် ထူးထူးခြားခြား အတွေးအခေါ်များလည်း ဆုံးရှုံးပါသည်။ တီထွင်ကြံဆမှုများလည်း မရှိတော့ပါ။ လူနည်းစု၏ ဦးဆောင်မှုနောက်ကို အသာမျှော လိုက်နေခြင်းကြောင့် တစ်ဦးချင်းစီက မိမိတို့၏ ကိုယ်ပိုင်တွေးခေါ်မှုများလည်း ပျောက်ဆုံးကုန်ကြခြင်း ဖြင့် အဖွဲ့အစည်း ပျက်စီးတတ်ကြောင်းလည်း မှတ်သားရပါသည်။
ထို့ကြောင့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ညီညွတ်ခြင်းသည်အရေးကြီးသကဲ့သို့ အမှန်တကယ်လည်း ကောင်းမွန်ပါသည်။ သို့သော် မှားယွင်းမှုကို အကြံပြု၊ ထောက်ပြ၊ ဝေဖန်ပေးကြရန်လည်း လိုအပ်ပါသည်။ မှားယွင်းနေသည်ဆိုပါက ဦးဆောင်သူကိုပင် ထောက်ပြပေးကြရပါမည်။ ထို့သို့ ထောက်ပြပေးခြင်းမပြုခြင်းသည် မိမိတို့အပါအ၀င် လူအားလုံးသည် ချောက်ထဲကို ခုန်ချသကဲ့သို့ပင် ဖြစ်မည်ကိုလည်း သတိပြုကြစေချင်ပါသည်။ အကြံပြု၊ ဝေဖန်၊ ထောက်ပြကြခြင်းသည်လည်း ကောင်းသောအမြင်ဖြင့်ဖြစ်သင့်ပါသည်။ တိုက်ခိုက်လိုသောစိတ်၊ အဆိုးမြင်သောစိတ်တို့ဖြင့် ထောက်ပြ၊ ဝေဖန်၊ အကြံပြုခြင်းမျိုးမဖြစ်ရန်လည်းလိုအပ်ပါသည်။ ထိုသို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်းဖြင့် အကြံပြု၊ ဝေဖန်၊ ထောက်ပြကြခြင်းဖြင့် အဖွဲ့အစည်း၏ တိုးတက်ရာ တိုးတက်ကြောင်းများလည်း ဖြစ်လာနိုင်ကြောင်းကို ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-Jan-2018 ဗုဒ္ဓဟူးနေ့(Wednesday)