ပျက်စီးခြင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကမ္ဘာလောကကြီးသည် တဖြည်းဖြည်း ပျက်စီး ယိုယွင်းလာနေပြီဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်တို့တွင် နေ့စဉ်နေ့တိုင်း ပျက်စီးမှု ယိုယွင်းမှု ဆုံးရှုံးမှုများအား အလွယ်တကူပင် မြင်တွေ့နိုင်သော ခေတ်ဖြစ်နေပါသည်။ သဘာဝ၏ သယံဇာတများ ဆုံးရှုံးလာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်များသည်လည်း ကြောက်မက်ဖွယ် ဖျက်ဆီးနှိပ်စက်လာကြပေသည်။ လူတို့၏ လောဘတရားများဖြင့် သဘာဝ သယံဇာတတို့အား အလွန်အကျွံ ဖော်ယူသုံးစွဲကြခြင်းကြောင့် သဘာဝမှ ဒေါသတကြီး တုန့်ပြန်နေသည်နှင့်ပင် တူနေပေပြီ။ လူတို့အား သဘာဝ တရားကြီးမှ ဒဏ်ခတ် တုန့်ပြန်နေလေပြီ။ ကျွန်တော်တို့နေထိုင်ရာ မြန်မာပြည်ကတော့ ထိုဒဏ်များအား ယခု နှစ်များမကြာမီမှ စတင်ခံစားလာနေရပေပြီ။ ထိုသို့ပျက်စီးခြင်းများတွင် မိမိတို့ ပါရှိမသွားအောင် ကိုယ်ကျင့် တရားအား ကောင်းမွန်အောင် ကြိုးစားတည်ဆောက်ထားသင့်ပါသည်။ ကိုယ့်ကျင့်တရားတည်ဆောက်ခြင်းသည် သီလကို တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ မည်သည့်အရေးကိစ္စတွင်မဆို လိုက်လံစူးစမ်းကြည့်ပါက သီလတရားဆိုသည့် ကိုယ့်ကျင့်တရားများ ပျက်စီးခြင်းကြောင့်ဖြစ်နေတတ်ပါသည်။ အခြေခံဖြစ်သော ကိုယ့်ကျင့်သီလကို တည်ဆောက်နိုင်ပါလျှင် ဘေးဆိုး ဒုက္ခဆိုးတို့မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။ ပျက်စီးခြင်းများပြားသော ခေတ်ကာလတွင် လူဖြစ်လာရခြင်း၊ လူဖြစ်သော်လည်း ဖြစ်တည်ရာ ပတ်ဝန်းကျင် မတူညီကြခြင်း၊ ရုပ်ရည်ချောမမောခြင်း ရုပ်ဆိုးအကျည်းတန်ခြင်း ချမ်းသာခြင်း ဆင်းရဲခြင်း ကွဲပြားခြားနားနေခြင်းတို့သည် မမြင်နိုင်သော တံခါးတစ်ဖက်၏ နောက်ကွယ်မှ ကံတရားများပင်ဖြစ်မည်ထင်ပါသည်။
ကိုယ်ကျင့်သီလပျက်စီးပါက အကုန်ပျက်စီးနိုင်မည်ဖြစ်ပါသည်။ အကြောင်းအရာ ကိစ္စတို့သည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်ပတ်သက်နေကြသည့် သံကွင်းဆက်ကလေးများပင်ဖြစ်ပါသည်။ လူ့ဘ၀ခရီးသည် တိုတောင်းလွန်း သော်လည်း သံသရာခရီးသည် မဆုံးနိုင်ရှိလိမ့်မည်ဖြစ်သည်။ လူတိုင်း၏ဘ၀ခရီးလမ်းတွင် ပျော်ရွှင်စရာ၊ ကြေကွဲဝမ်းနည်းစရာ၊ ဂုဏ်ယူစရာ၊ ပြစ်တင်ကဲ့ရဲ့စရာ၊ သင်ခန်းစာယူစရာများနှင့် ကြုံတွေ့ရမြဲပင်ဖြစ်ပါသည်။ ဂုဏ်ယူစရာများအတွက် မာန်တက်နေစရာမလိုသကဲ့သို့ ကဲ့ရဲ့စရာအမှားအယွင်းများအားလည်း စိတ်ဓာတ်ကျ စိတ်ပျက်နေရန်မလိုပါ။ လူတို့တွင်တွေ့ကြုံမြဲ ဓမ္မတာသဘောတရားအဖြစ် မှတ်ယူကာ သင်ခန်းစာယူသင့်သည် တို့ကို သင်ခန်းစာယူ၊ ပြုပြင်သင့်သည်တို့ကို ပြုပြင်ကာ ဘ၀ခရီးလမ်းကို ဆက်လက်လျောက်လှမ်းကြရမည်သာ ဖြစ်ပါသည်။ ပျက်စီးခြင်းတို့သည် လူတိုင်းအား နှိပ်စက်ကလူပြုနေကြသည်သာဖြစ်ပါသည်။ မိဘဆွေမျိုး ညီအကိုမောင်နှမ စသည့် အဆွေအမျိုးများ ပျက်စီးခြင်း၊ ဥစ္စပစ္စည်းများ ဆုံးရှုံးပျက်စီးခြင်း၊ ရောဂါဘယများ ကျရောက်ကာ ကျန်းမာရေးပျက်စီးခြင်း၊ ကိုယ်ကျင့်တရားဟု ခေါ်ဆိုနိုင်သည့် သီလတရားများ ပျက်စီးခြင်း၊ အယူအဆ အမှားအယွင်းတို့အား မှန်ကန်သည်ဟု ယူဆတတ်ကြသည့် အယူပျက်စီးခြင်း စသည့် ပျက်စီးခြင်း ငါးပါးတို့အား မည်သူမျှ ရှောင်ကွင်းသွားရန်မဖြစ်နိုင်ကြောင်း မြတ်ဘုရားက ဟောကြားထားခဲ့ပြီးဖြစ်ပါသည်။ ထိုပျက်စီးခြင်းငါးပါးတွင် ကိုယ်ကျင့်တရားဟုခေါ်ဆိုနိုင်သည့် သီလပျက်စီးခြင်းဖြစ်ခဲ့ပါမူ အားလုံးပျက်စီးခြင်းသို့ ရောက်ရသည်ဟု ယူဆမိပါသည်။ ကျွန်တော်တစ်ဦးတည်း၏ ထင်မြင်ယူဆချက်သာဖြစ်ပါသည်။ မှန်ချင်လည်း မှန်ပြီး မှားချင်လည်း မှားနိုင်ပါသည်။
ကိုယ်ကျင့်တရားပျက်စီးခြင်း သို့မဟုတ် သီလပျက်စီးခြင်းဖြစ်ခဲ့ပါမူ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရား တို့၏ ဆွဲခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားရန်သာရှိပါသည်။ ထို့ကြောင့်ကျန်သော ပျက်စီးခြင်းတရားတို့သည် အလိုအလျောက်ဝင်ရောက်လာကြကုန်မည်ဖြစ်ပါသည်။ သီလပျက်ယွင်းခြင်းကြောင့် အမှားများအား အမှန်ဟုထင်မြင်ယူဆလာတတ်ပါသည်။ အမှားကို အမှန်ဟု ထင်လျင် အယူဝါဒသည်လည်း ပျက်စီးခြင်းသို့ရောက်မည်မှာ သေချာပါသည်။ ကိုယ်ကျင့်တရား သီလပျက်ယွင်းလျှင် မိတ်ဆွေ အဖော်အပေါင်း အဆွေအမျိုးတို့သည် အဝေးမှ ရှောင်ရှားတတ်သည်ဖြစ်ရာ အခေါ်အပြော အဆက်အဆံ မလုပ်တော့ပဲနေတတ်ရာ အဆွေအမျိုး ပျက်စီးခြင်းသည်လည်း ဖြစ်လာမည်သာဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးအသိုင်းအ၀ိုင်း မရှိသောသူသည် စီးပွားရေးလုပ်လျှင် အောင်မြင်ရန် အလွန်ခက်ခဲတတ်ပါသည်။ အဆွေ အမျိုးတို့ ပျက်စီးခြင်းဖြစ်ပါက အကျိုးစီးပွားလည်း ပျက်စီးတတ်ပါသည်။ ထို့ကြောင့် ပျက်စီးခြင်း တစ်ခုဖြစ်ပေါ်လာပါက အလုံးအရင်းနှင့် ပျက်စီးခြင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတတ်ပါသည်။ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးများပျက်စီးခြင်း၊ ကျန်းမာရေးပျက်ယွင်းခြင်း၊ အကျိုးစီးပွားပျက်ယွင်းခြင်းတို့သည် စီးပွားပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်း နှင့် ရောဂါရခြင်းဆိုသော အရာများကိုသာ ပေးစွမ်းနိုင်ပါသည်။ သီလပျက်ယွင်းခြင်း နှင့် အယူပျက်ယွင်းခြင်း ဖြစ်ပေါ်လာပါက နောင်သံသရာအထိ ဒုက္ခပေးနိုင်စွမ်းရှိသည့်အပြင် ငရဲသို့ရောက်ရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။
Photo Source : https://www.ctvnews.ca/
ကမ္ဘာအရပ်ရပ်တွင် လောဘတရားများ ပေါများလာသည်နှင့်အတူ ဒေါသတရားများလည်း ထွန်းကားလာကြသည်ဖြစ်ရာ ပျက်စီးခြင်းများ နေရာအနှံ့တွင် နေ့စဉ်ဖြစ်ပေါ်နေကြောင်း လူတိုင်းအလွယ်သိနိုင်ပါသည်။ လောဘ ဖြင့် သယံဇာတများဖော်ထုတ်သုံးစွဲခြင်း၊ ဒေါသဖြင့် အဖျက်စွမ်းအားကြီးမားသော လက်နက်ကိရိယာများ တီထွင်ဖျက်ဆီးလာကြခြင်းကြောင့် သဘာဝဘေးအန္တရာယ်တို့သည် အလိုအလျောက် ဒုက္ခပေးလာကြပါသည်။ ယနေ့နိုင်ငံအရပ်ရပ်တို့တွင် မုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ ငလျင်များလှုပ်ခြင်း၊ နေရာအနှံ့ရေကြီးခြင်း တို့သည် သဘာဝတရားကြီး၏ တုန့်ပြန်မှုပင်ဖြစ်ပါသည်။ ပျက်စီးခြင်းများအား ထိန်းသိမ်းရန်ကြိုးစားနေသော်လည်း ပျက်စီးခြင်းသည် ရှေ့ကသွားပြီး ထိန်းသိမ်းရန်ကြိုးစားခြင်းက နောက်ကလိုက်နေခြင်းဖြစ်ရာ ထိရောက်မှု နည်းပါးသည်ဟုပင် ဆိုချင်ပါသည်။ အဓိကကျသည့် ကိုယ်ကျင့်တရားပျက်စီးခြင်းအား လူသားတစ်ဦးချင်းစီမှ မထိန်းသိမ်းနိုင်သေးသမျှ ကာလပတ်လုံး သဘာဝ၏ ဒုက္ခပေးနေမှုများအား တွန်းလှန်ရန်မလွယ်ကူနိုင်ဟုလည်း ထင်မြင်မိပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားသည် ကောင်းမွန်လာခဲ့ပါက သဘာဝ၏ ဘေးအန္တရာယ် တို့သည်လည်း အလွယ်တကူမကျရောက်နိုင်၊ အလွယ်တကူ ဒုက္ခမပေးနိုင်ကြပါ။ ထိုပျက်စီးခြင်းတရားတို့တွင် အဓိက တာဝန်ရှိသည်မှာ မိမိတို့ပင်ဖြစ်ပါသည်။ မိမိတစ်ဦးတည်းကိုသာ မိမိကိုယ်တိုင် တာဝန်ယူကာ ကိုယ်ကျင့်တရားတည်ဆောက်သင့်ပါသည်။ မီးကို မီးဖြင့်ငြိမ်းသတ်မရနိုင်သကဲ့သို့ပင် ဒေါသကို ဒေါသဖြင့် တုန့်ပြန်ခြင်း၊ လောဘကို လောဘဖြင့်ဖြေရှင်းမရနိုင်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-Jul-2018 ဗုဒ္ဓဟူးနေ့(Wednesday)