အတတ်ပညာ အသိပညာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


လူတို့သည် ငယ်စဉ်ကာလ ကလေးဘ၀ကပင် အတတ်ပညာနောက်ကို တစ်ကောက်ကောက်လိုက်ရင်းဖြင့် ပညာရှာဖွေကြပါသည်။ သို့သော် တတ်လိုသော ပညာများအား သင်ယူ လေ့လာဆည်းပူးနေရင်းဖြင့်ပင် ဘ၀တစ်ခုကို အဆုံးသတ်သွားကြရပြီး အတတ်ပညာများကား ပြည့်ပြည့်စုံစုံ သင်ယူတတ်မြောက်နိုင်ခဲ့ခြင်း မရှိတော့ပါ။ ဆက်လက်သင်ကြားနိုင်စွမ်း မရှိကြတော့ပါ။ အတတ်ပညာသည်ကား သင်ယူရန် ပြည့်စုံကုံလုံနိုင် ခြင်းမရှိပါချေ။ ယခုခေတ်ကာလတွင် တတ်သင့်သော ပညာတို့သည် များပြားလှပေသည်။ ရည်မှန်းချက် ပန်းတိုင် ချမှတ်ထားခြင်းမရှိပါက မည်သို့သော အတတ်ပညာကိုမျှ သေချာစွာ သင်ကြားနိုင်ခြင်းရှိကြမည် မဟုတ်ပါ။ ဟိုပညာတစ်စ ဒီပညာတစ်စ နှင့် ကျွမ်းကျင်သော ပညာပင် မရှိသလောက်ဖြစ်သွားနိုင်ပါသည်။ အတတ်ပညာနောက်လိုက်ခြင်းသည် မလွယ်ကူလှပါ။ တတ်စရာပညာရပ်များ အလွန်များပြားလှသော်လည်း အတတ်ပညာတွင် အသက်မွေးဝမ်းကြောင်းရန်အတွက် ကျွမ်းကျင်ပိုင်နိုင်သော အတတ်ပညာရပ်တစ်ခုကို စူးစိုက် လေ့လာဆည်းပူးသင့်သည်ဟုလည်း ယူဆမိပါသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် မပြည့်မစုံ အတတ်ပညာများဖြင့် ဘ၀ခရီးလမ်းကို လျောက်လှမ်းနေသည်ဖြစ်ရာ မည်သည့်ကဏ္ဍမျှ အောင်မြင်ခြင်းမရှိခဲ့ကြောင်း မကြာခဏ ရေးသားခဲ့ဘူးပါသည်။ လက်တွေ့အသုံးကျသည့် အသုံးချနိုင်သည့် ပညာရပ်တို့အား အသက်မွေးဝမ်းကြောင်းပညာရပ်အဖြစ် စွဲမြဲစွာသင်ကြားတတ်မြောက်ပြီးလျှင် အခြားသော အတတ်ပညာတို့အား ဆက်လက်လေ့လာသင်ကြားခြင်းသည် မှန်ကန်သော ပညာရှာခြင်းဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။ ငယ်ရွယ်စဉ်အခါကလကပင် အသက်မွေးဝမ်းကြောင်းမည့် ပညာရပ်တစ်ခုခုအား ပိုင်နိုင်စွာ သင်ကြားထားသင့်ပါသည်။ ဘ၀တစ်ခုကို အောင်မြင်စွာ လျောက်လှမ်းနိုင်ရန်အတွက် အတတ်ပညာသည် အရေးပါသော နေရာတွင် တည်ရှိနေပါသည်။


03.png


ဘ၀တစ်ခုကို မှန်မှန်ကန်ကန် အသိဥာဏ်ပညာသည်လည်း အတတ်ပညာထက်ပင် ပိုမိုအရေးပါလှပါသည်။ အတတ်ပညာမည်မျှပင် တော်နေစေကာမူ ထိုအတတ်ပညာအား ထိန်းချုပ်နိုင်သော အသိဥာဏ်ပညာမရှိပါက မှန်ကန်စွာ အသုံးချနိုင်မည်မဟုတ်ပါချေ။ မှန်ကန်သောအသိဥာဏ်ပညာဖြင့် တတ်ကျွမ်းထားသော ပညာရပ် တို့အား ထိန်းချုပ်အသုံးချနိုင်လျှင် အကျိုးရလာဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ အသိဥာဏ်ပညာသည် အတတ်ပညာအား ထိန်းကျောင်းနိုင်သည်ဖြစ်ရာ အတတ်ပညာ ရှိခြင်း မရှိခြင်းထက် အသိဥာဏ်ပညာ ရှိခြင်း မရှိခြင်းက ပိုမိုအရေးကြီးပါသည်။ အသိဥာဏ်ပညာသည် အတတ်ပညာအား ထိန်းချုပ်သည်သာမက ဘ၀ခရီး တစ်လျောက်လုံးတွင် အပြောမှား အဆိုမှား လုပ်မှား ကိုင်မှား များအားလည်း နည်းပါးသွားစေနိုင်ပါသည်။ အသိပညာမပါသော အတတ်ပညာသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။ လူ့ဘ၀တွင် လူမှုပြဿနာများအား မည်သည့်သိပ္ပံပညာနှင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ လူမှုပြဿနာတို့အား ဖြေရှင်းနိုင်သော သိပ္ပံပညာရပ် မရှိပါ။ ဘ၀တွင်တွေ့ကြုံရသော လူမှုပြဿနာများအား အသိဥာဏ်ပညာဖြင့် သာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ လူမှုပြဿနာများအားဖြေရှင်းသောအခါတွင် ဖြစ်ပေါ်နေသော အခြေအနေ၊ အချိန်အခါ နှင့် နေရာဒေသတို့အား ကောင်းစွာသိနားလည်ပြီး အခြေအနေအရပ်ရပ်တို့အား သုံးသပ်ဆင်ခြင် ဖြေရှင်းခြင်းဖြင့်သာ လူမှုပြဿနာတို့အား လျော့နည်းစေမည်ဖြစ်ပါသည်။ အသိဥာဏ်ပညာတို့ဖြင့် လူမှုပြဿနာများအား နည်းနိုင်သမျှ နည်းစေရန် ကူညီဆောင်ရွက်ခြင်းဖြင့် ဘ၀ခရီးလမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်ကြပါစေ။


02.png


ထိုသို့အရေးပါလှသော အသိဥာဏ်ပညာရှာဖွေခြင်းထက် လူတို့သည် အတတ်ပညာရှာဖွေရန်သာ ကြိုးစားအားထုတ်နေကြပါသည်။ အတတ်ပညာသည် လက်ဆုပ်လက်ကိုင်ပြနိုင်ပေသည်။ အသိဥာဏ်ပညာကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့်အရာမဟုတ်သည့်အတွက်လည်း လူတို့၏ လေးစား အရေးထားခြင်း မခံရခြင်း လည်း ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရသော် အင်ဂျင်နီယာအတတ်အား တတ်သောသူသည် အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြင့် လက်တွေ့ဖော်ပြနိုင်မည်ဖြစ်သော်လည်း အသိဥာဏ်ပညာအတွက်မူ ထိုသို့ သိသာထင်ရှားသောသက်သေပြစရာသည် ပြဿနာဖြစ်ပေါ်သောအချိန်တွင်မှ သိသာနိုင်မည်ဖြစ်ပါ သည်။ အသိဥာဏ်ပညာသည် အခြေအနေအရပ်ရပ်တို့အား သုံးသပ်ခြင်း၊ ဆင်ခြင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော လူမှုပြဿနာတို့အား ပြေပြေလည်လည်ဖြစ်စေရန် ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအတွက် သုံးသပ်ခြင်း အား လက်ဆုပ်လက်ကိုင်ပြစရာမရှိပါ။ မည်သို့ မည်ပုံဖြစ်နိုင်သည်ဆိုသော စကားဖြင့်သာ ပြောဆိုနိုင်ပါသည်။ အင်ဂျင်နီယာသည်ကား ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများအား သူဆောက်လုပ်ခဲ့တဲ့ အဆောက် အအုံများဖြစ်ကြောင်း လက်ဆုပ်လက်ကိုင် ဖော်ပြနိုင်ပေသည်။ ထို့ကြောင့်လည်း လက်ဆုပ်လက်ကိုင်မပြသ နိုင်သော အသိဥာဏ်ပညာအား လူတို့၏အရေးမထား မလေးမစားပြုခြင်းကို ခံနေကြရပေသည်။ ထို့အတူ အတွေးအခေါ်ပညာရှင်ကြီးများသည် အများအားဖြင့် သူတို့သေလွန်ပြီးမှသာ သူတို့၏ စာများအား ထုတ်ဖော် ပြောဆိုကြခြင်းသာ များမည်ထင်ပါသည်။ အသက်ရှင်စဉ်ကာလတွင် ထိုအတွေးအခေါ်ပညာရှင်ကြီးတို့အား အရူးတစ်ယောက်သာသာလောက် ဆက်ဆံကြကြောင်း စာများတွင် ရေးသားခဲ့ကြပါသည်။ အတွေးအခေါ် နှင့် အသိဥာဏ်ပညာသည် သဘောခြင်းသာတူပါသည်။ အသုံးဝင်မှုခြင်းကား အလွန်ကွဲပြားခြားနားမည် ထင်ပါသည်။ လောကတွင် လက်ဆုပ်လက်ကိုင် မပြနိုင်သောအရာအတွက် သက်သေသည် မခိုင်လုံဖြစ်နေ တတ်ပါသည်။ အသိဥာဏ်ပညာသည်လည်း ထိုနည်းတူ လက်ဆုပ်လက်ကိုင်မရှိဖြစ်နေသည်မှာလည်း နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ အကြံပြုလိုသည်မှာ လူငယ် လူရွယ်များအနေဖြင့် အတတ်ပညာများကိုလည်း တတ်စွမ်းသလောက် လေ့လာ ဆည်းပူးသင်ယူကြပါ။ အသိဥာဏ်ပညာပိုင်းဆိုင်ရာအတွက်လည်း လေ့လာဆည်းပူးကြစေချင်ပါသည်။ သင်ယူတတ်မြောက်လာသော အတတ်ပညာတို့အား လေ့လာဆည်းပူးထားသော အသိဥာဏ်ပညာတို့ဖြင့် လောကကောင်းကျိုးရရှိစေနိုင်မည့် တီထွင်ဖန်တီးမှုများအား ပြုလုပ်ဆောင်ရွက်နိုင်ကြရန် အားထုတ်သင့်လှပါကြောင်း တိုက်တွန်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit

အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ရေးသားသူ(Author) ___

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

12-Aug-2018 တနင်္ဂနွေနေ့(Sunday)