အချိန်လေးစားမှု
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့ရဲ့ အသက်တမ်းတွေကို အချိန်ဆိုသောအရာက စားသုံးပြစ်လိုက်ပါသည်။ ငယ်ရွယ်စဉ် ကလေးဘ၀ကအစပြု၍ ကြီးရင့်လာသည်အထိ အချိန်ဆိုသောအရာအား ဖြတ်သန်းနေကြရပါသည်။ အချိန်တွေသည် တရွေ့ရွေ့ ပြောင်းလဲနေသလို လောကကြီးသည်လည်း တရွေ့ရွေ့ပြောင်းလဲနေပါသည်။ လူတို့ရဲ့အတွေးအခေါ်၊ ယူဆချက်များသည်လည်း အမြဲတစေ ပြောင်းလဲနေတတ်သည်က များမည်ထင်ပါသည်။ ကျွန်တော်ငယ်စဉ်က အလွန်ရယ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ရသော ကာတွန်းများ သည် ယနေ့အချိန်တွင် ရယ်စရာမဟုတ်တော့။ ငယ်စဉ်က အမှန်ဟု ယူဆခဲ့သည်တို့မှာ ယခုအချိန်တွင် မမှန်တော့သည်လည်းရှိသည်။ မှန်နေသေးသည်ဟုထင်နေသည်များလည်းရှိပါသည်။ သေချာတာတစ်ခု ကတော့ အယူအဆတွေ၊ ခံယူချက်တွေကတော့ ကလေးဘ၀နှင့်မတူ ပြောင်းလဲသွားတာကတော့ အမှန်ပဲဖြစ် ပါသည်။ လူတိုင်းလည်း ကျွန်တော်ကဲ့သို့ပင်ဖြစ်မည်ဟုလည်း ထင်ပါသည်။ ပညာရှင်များသည်လည်း ထို့အတူပင်ဖြစ်ပါမည်။ ယခင်ကတွေ့ရှိချက်၊ ယခုတွေ့ရှိချက်တို့သည် အမြဲမမှန်နိုင်ပါ။ မနေ့ကမှန်သည်ဟု ယူဆချက်သည် ယနေ့ မှားချင်မှားသွားနိုင်ကြောင်းတွေ့နိုင်ပါသည်။ ဗဟုသုတများများရှာ လေ အမှားများများတွေ့လေပင်ဖြစ်ပေမည်။ ထို့အတွက်လည်း လောကတွင် အသစ် အသစ်တို့ ထပ်ခါ ထပ်ခါ ပေါ်လာကြရပါသည်။ အသစ်အဆန်းဆိုသည်မှာလည်း ပြုလုပ်ဖန်တီးသောသူတို့၏ စိတ်ပြောင်းလဲမှုအပေါ်တွင် မူတည်နေမည်ဖြစ်ပါသည်။ အသစ်ဖန်တီးသူတို့သည် လူတို့၏ စိတ်အလိုကို ကျွမ်းကျင်သောသူများဖြစ်ကြပါ သည်။ အသစ် အသစ်တို့သည်လည်း အချိန်နှင့်အမျှ ထွက်ပေါ်လျက်ရှိနေပါသည်။
အချိန်ဆိုသောအရာသည် လူတိုင်းလူတိုင်း တူညီစွာပိုင်ဆိုင်ထားကြကြောင်းကိုယခင်ကလည်းရေးသားခဲ့ဖူးပါ သည်။ ယခုလည်း ထပ်မံရေးသားလိုပါသည်။ ငယ်စဉ်ကတည်းကပင် သူငယ်ချင်းများနှင့်ကျောင်းသွားရာတွင် အချိန်နောက်ကျသဖြင့် အမြဲစောင့်ရသောသူငယ်ချင်းများသည် ယနေ့အချိန်ထိ စောင့်ရဆဲပင်ဖြစ်ပါသည်။ ထိုသူငယ်ချင်းများတွင် ငွေကြေးချမ်းသာသူအချို့လည်းပါဝင်ပါသည်။ ငွေကြေးချမ်းသာသော သူငယ်ချင်းအချို့ သည် အခြားသူများ၏ အချိန်အား လေးစားမှုမရှိပဲ သူတို့၏ အချိန်ကိုသာလျှင် အရေးထားတတ်ကြသည်။ ထိုသူငယ်ချင်းများနှင့် တွေ့ဆုံရန်ချိန်းဆိုလျှင် အမြဲစောင့်ဆိုင်းရတတ်ပါသည်။ ထိုသူငယ်ချင်းများသည် လူအားလုံးသည် အချိန်ကို တူညီစွာရရှိထားခြင်းကိုမေ့လျော့နေလေသည်။ သူတို့သာလျှင် အချိန်ကိုလုကာ လုပ်ကိုင်နေကြသည်ဟု အထင်ရောက်နေတတ်ကြလေသည်။ အခြားသူများလည်း သူတို့နည်းတူ အချိန်လုကာ လုပ်ကိုင်ရှာဖွေနေကြရကြောင်းကို မေ့လျော့နေကြလေသည်။ သူတို့သည် အခြားသူများ၏ အချိန်ကုန်လေးစားမှု မရှိတော့ပဲ သူတို့၏ အချိန်ကိုသာ လေးစားနေတတ်ရာ ကျွန်တော်တို့သူငယ်ချင်းများသည် နောက်နောင် သူတို့အား (၁၅)မိနစ်ထက်ပိုမစောင့်နိုင်ကြောင်းပြောကြားရလေတော့သည်။ သူတို့အား စောင့်ဆိုင်းနေရခြင်းဖြင့် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်၏ ကိုယ်ပိုင်အချိန်များကို စောင့်ဆိုင်းခြင်းဖြင့် ကုန်ဆုံးလိုက်ကြရသည်။ ကြာလာတော့လည်း သူငယ်ချင်းအများစုက စောင့်ဆိုင်းရခြင်းကို မုန်းတီးလာကြသည်။ ငယ်ပေါင်း ကြီးဖော်များဖြစ်သော်လည်း ကြာတော့စိတ်ကုန်လာကြသည်။ အမှန်တကယ် လည်း နောက်နောင်တွင် ထိုသူငယ်ချင်းများအား (၁၅)မိနစ်ထက် ပိုမစောင့်တော့ပါ။
နှစ်ဦး နှစ်ဖက်အတွက် အကျိုးမရှိရပဲ စောင့်ဆိုင်းရခြင်းဖြင့် ကိုယ်ပိုင်အချိန်တို့အား အလဟဿ အကုန်မခံနိုင် ကြတော့ပေ။ စောင့်ဆိုင်းနေရခြင်းကြောင့် ကျွန်တော်တို့၏ လုပ်စရာအလုပ်များ နှောင့်နှေးကုန်ကြသည်။ အကျိုးမဲ့ ထိုင်စောင့်နေကြရသည်။ အချိန်ကို တန်ဖိုးမထားတတ်သောသူတို့သည် အောင်မြင် ကြီးပွားတိုးတက်ရန် ဖြစ်နိုင်ပါမည်လား။ မိဘတို့အခြေအနေကောင်းကို ပိုင်ဆိုင်ထားသဖြင့် အခြေအနေကောင်း နေခြင်းဖြစ်ရာ သူတို့လက်ထက်တွင် မည်သို့ စခန်းသွားမည်ကိုတော့ မသိပါ။ လုပ်ငန်းများလုပ်ကိုင်ရာတွင် ချိန်းဆိုချက်များအတိုင်း မှန်ကန်မှသာလျှင် လူတို့၏ ယုံကြည်မှု၊ လေးစားမှုကို ရရှိနိုင်မည်ဖြစ်ပါသည်။ သာမန်အနေဖြင့် ပေါင်းဖော်နေကြရသော ကျောင်းသားဘ၀များတွင် ထိုသို့သော အတွေးအမြင် မရှိခဲ့ကြပါ။ အချိန်မှန်သူ၊ ကတိတည်သူအား လေးစားရကောင်းမှန်းမသိခဲ့ကြပါ။ လောကအလယ် လှုပ်ရှားရုန်းကန်ကြရ သောအချိန်တွင်မူ အချိန်မှန်သူ၊ ကတိတည်သူတို့အား အလွန်လေးစားစရာအဖြစ် မြင်တွေ့လာခဲ့ရပါသည်။ တွေးတတ်သူတိုင်း သိနိုင် မြင်နိုင်ပါသည်။ မိမိတို့ အားစောင့်ဆိုင်းနေသူများ ရှိနေကြောင်း သိနေသော်လည်း အခြားသူများက အချိန်ပိုပေးနေရခြင်းကို နားမလည်ခြင်းသည် ကောင်းမွန်သောအလေ့အကျင့်ဖြစ်နိုင်မည် မထင်ပါ။ အကြောင်းမဲ့မဖြစ်ပဲ အကျိုးရှိရှိအသုံးချိနေသည်ဆိုပါမူ စောင့်ဆိုင်းနေရသူတို့ စောင့်ဆိုင်းရကျိုးနပ် ပါသည်။ မိမိကိုယ်ကျိုးစီးပွားအတွက်သာ လုပ်ကိုင်နေသည်ကို အခြားသူများက အချိန်ပိုပေးကာ ထိုင်စောင့်နေ ရခြင်းဖြစ်ပါက မကောင်းသော အလေ့အထဟုသာ မြင်မိပါသည်။
ချိန်းဆိုထားခြင်းအား သိနေသော်လည်း အမြဲနောက်ကျနေခြင်းသည် မဖြစ်သင့်ပါ။ တစ်ခါတစ်ရံနောက်ကျခြင်း အား သူငယ်ချင်းအများစုက လက်ခံနိုင်သော်လည်း ရေရှည်တွင်မူ စိတ်မရှည်ကြတော့ပါ။ ဒါကလည်း စောင့်ဆိုင်းနေရသူများ အပြစ်မဟုတ်ပါ။ သူတို့၏ အချိန်အားကုန်ဆုံးစေပြီး ကိုယ်တိုင်ကတော့ လုပ်ချင်ရာလုပ် နေတတ်ခြင်းသည် အခြားသူများ၏ အချိန်ကို ဖြုန်းတီးပစ်ခြင်းဖြစ်ကြောင်း ပြောသော်လည်း ခဏသာပြင်ပါ သည်။ နောက်တော့လည်း မူရင်းအတိုင်းပြန်ဖြစ်သွားလေသည်။ သူငယ်ချင်းပင်ဖြစ်သော်လည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လေးစားမှုရှိရပါမည်။ တိကျသော သတ်မှတ်ချိန်ကို အလေးပြုသင့်သော်လည်း မကောင်းသည့်အကျင့်စွဲနေသော ထိုသူငယ်ချင်းအား နောက်နောင်ဘယ်သောအခါမှ အချိန်းအချက်မလုပ်ကြ တော့ပါ။ သူ၏ လာမည်ခဏစောင့်ဆိုသော စကားအား မည်သူမျှ မယုံကြည်တော့ပါ။ ယနေ့လူငယ်များသည် အချိန်လေးစားတတ်သူများ ဖြစ်အောင်ကြိုးစားသင့်ပါသည်။ အချိန်ကိုလေးစားမှသာလျှင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အောင်မြင်ရန်လွယ်ကူမည်ဟုလည်း ထင်မှတ်မိပါသည်။ ယနေ့ခေတ်တွင် လူပင်ငယ် သော်လည်း တိကျမှုရှိသော လူငယ်အချို့အား တွေ့မြင်နေရသော်လည်း အများစုတို့သည် အချိန်ဖြုန်းနေကြ သည်ကိုလည်း မြင်တွေ့နိုင်ကြပါသည်။ အချိန်ကိုတူညီစွာပိုင်ဆိုင်ထားကြပြီး အသက်မသေဆုံးမီ အချိန်အတွင်း လူအများအတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း ကောင်းမွန်သော အလုပ်များလုပ်ကိုင်ဆောင်ရွက်နိုင်လျှင်ကောင်းလေစွ။ အချိန်ကိုသာမက အရာအားလုံးတွင် လေးစားမှုရှိနိုင်ကြ ပြီး လူအများနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းနိုင်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-Jul-2018 တနင်္လာနေ့(Monday)