အပြန်အလှန်အကျိုးသက်ရောက်မှု (Interaction)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
အပြန်အလှန်အကျိုးသက်ရောက်မှုဆိုသော အကြောင်းအရာလေးကို စဉ်းစားမိပါသောကြောင့် ဆောင်းပါးတင်ရေးလိုက်ပါတယ်။ အမှားပါလျှင်ခွင့်လွှတ်ပေး ကြပါ အမျိုးများခင်ဗျာ။ အဲ ခွင့်လွှတ်ပေးရုံဖြင့်မရပါ ။ အမှားကို ပြုပြင်နိုင်ပါရန်လည်း ထောက်ပြ ဝေဖန် အကြံပြုပေးကြပါလို့လည်း မေတ္တာရပ် ပါတယ်ခင်ဗျာ။
အိုက်ဆက်နယူတန် Isaac Newton ဆိုသော ပညာရှိကြီးတစ်ဦးက သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် လို့ပြောကြားခဲ့ကြောင်း မှတ်သားဘူးပါတယ်။(နယူတန်ရဲ့တတိယနိယာမ လို့ဆိုကြပါတယ်၊ ဆာအိုက်ဆက်နယူတန်ကို အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးအဖြစ် အများက ယူဆထားကြပါသည်။) နယူတန်အကြောင်းမြန်မာလိုဖတ်ချင်ရင်တော့ ဒါကိုနှိပ်ပြီးဖတ်ကြည့်နိုင်ပါတယ်။ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာ ကျွန်တော်တို့သတိမထားမိတတ်ကြတဲ့ အချက်လေးတစ်ချက်ကိုသာ ရေးသားလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သတိမထားမိ တတ်သောအချက်ကလေးတစ်ချက်လို့ပြောရခြင်းကတော့ လူအတော်များများက အမှတ်တမဲ့အဖြစ် နေခဲ့ကြတာဖြစ်မည်ထင်ပါသောကြောင့်ပါခင်ဗျာ။ သတိထားမိပြီး ဆင်ခြင်ပြီး နေထိုင်ကြသူများလည်း ရှိပါလိမ့်မည်။
Image from google
ကျွန်တော်တို့၏ လူ့အသိုင်းအ၀ိုင်းတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှုများ ထားတတ်ကြသည်ကို လူတိုင်းနားလည်ကြပါသည်။ ကြီးသူကို ငယ်သူက လေးစားခြင်း၊ ရိုသေခြင်း၊ ဂါရ၀တရားဖြင့်နေထိုင်ကြသည်မှာရှေးယခင်ကတည်းကပင် လက်ခံကျင့်သုံးနေထိုင်လာခဲ့ ကြခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော် ယခုပြောလိုသော အကြောင်းအရာကတော့ ထိုသို့ကျယ်ဝန်းလှသော လူ့မှုအသိုင်းအ၀ိုင်းကြီးကို လက်လှမ်းမမီနိုင်ပါသောကြောင့် မိသားစုလေး တစ်ခုကိုသာ အခြေပြုစဉ်းစားရေးသားလိုက်ပါသည်ခင်ဗျာ။
ထိုကဲ့သို့ လူ့မှုအသိုင်းအ၀ိုင်းတွင် လူမှုဆက်ဆံရေးများပြုလုပ်ရာတွင် လူတိုင်းနီးပါးသည် နှုတ်ဆက်ရာမှအစ ယဉ်ကျေးသယောင်ရှိကြပါသည်။ "မင်္ဂလာပါ" "နေကောင်းပါရဲ့လားခင်ဗျာ" "နေကောင်းပါရဲ့လားရှင် "လုပ်ငန်းကိုင်ငန်းများအဆင်ပြေချောမွေ့ပါရဲ့လား" စသည်ဖြင့် နှုတ်ဆက်စကားပြောကြသည်ကိုတွေ့ရပါသည်။ ထိုသို့ ယဉ်ကျေးသော လူ့မှု့အသိုင်းအ၀ိုင်းတွင် စကားပြောဆိုရာတွင် ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြပါသော်လည်း မိမိတို့၏ အရင်းအနှီးဆုံး မိသားစုဝင်များနှင့် ဆက်ဆံသောအခါတွင် ထိုကဲ့သို့သော အသုံးအနှုန်းများ သုံးနှုန်းရန်မလို ယဉ်ကျေးချိုသာ နေစရာမလိုသော်လည်း ကောင်းကောင်းမွန်မွန် ချိုချိုသာသာ ပြောဆိုဆက်ဆံသင့်သည်ဟုထင်ပါသည်။ ယဉ်ကျေးချိုသာသော အသုံးအနှုန်းများကို အိမ်အမိုးအောက်ရောက်သည်နှင့် အိမ်အပြင်ဘက်တွင် လွှင့်ပစ်ခဲ့ လိုက်သည်လားမသိပါ။ လူအတော်များများသည် မိသားစုများနေထိုင်ရာ အိမ်အသိုက်အ၀န်းတွင်မူ မိမိတို့၏ ဖခင် မိခင် ဇနီး သားသမီး များကို ဆက်ဆံသောအခါ ယဉ်ကျေးသော အပြော အဆိုဖြင့် သုံးနှုန်းခြင်းမရှိတော့ကြောင်းကိုလည်း နေ့စဉ်တွေ့ရှိရပါသည်။ အဘယ်သို့သော အကြောင်းကြောင့် ယဉ်ကျေးချိုသာစွာ ဆက်ဆံခြင်းမပြုတော့ပါနည်း။
လုပ်ငန်းခွင်လူမှုဆက်ဆံရေးတွင် အဆင်ပြေပြေဆက်ဆံနိုင်သောသူများပင်လျှင် မိမိတို့၏ မိသားစုများနှင့်ဆက်ဆံရာတွင် အဆင်မပြေဖြစ်နေ ကြသည်မှာ အဘယ်သို့သောအကြောင်းကြောင့်ပါနည်း။ အမှန်တကယ်တော့ ကျွန်တော်အပါအ၀င် လူတော်တော်များများသည် လုပ်ငန်းခွင်တွင် အဆင်ပြေအောင်ဆက်ဆံနေခြင်းသည် စီးပွားရေးအတွက်ဖြစ်သည်ဟု ပြောဆိုမည်ဖြစ်ပါသည်။ လုပ်ငန်းခွင် ဆက်ဆံရေးသည် ကိုယ်ပြောချင်ရာကိုပြောလျှင် ဆတ်ဆတ်ထိမခံပြန်ပြောလျှင် ကိုယ့်အတွက်မကောင်းနိုင်သလို လူမုန်းများနိုင်သည်ကိုလည်း လူအများ နည်းလည်နေကြသောကြောင့် မချစ်သော်လည်း အောင့်ကာနမ်း နေကြခြင်းဖြစ်သည်ကို ငြင်းဆိုနိုင်မထင်ပါ။
မိသားစုဝင်များနှင့်ဆက်ဆံသောအခါတွင် ဆန်ရင်းနာနာဖွတ် ဆိုသာစကားကိုကိုင်ဆွဲကာ အပြောဆိုများက ယဉ်ကျေးမှု လေးစားမှု နည်းပါးသွားကြသည်ကို တွေ့ကြရပါသည်။ မချစ်လို့ သံယောဇဉ်မရှိလို့တော့ဟုတ်မည်မထင်ပါ။့ အနိုင်ယူလိုသော အတ္တကြောင့်လား၊ ဆရာအဖြစ်နေလိုသောကြောင့်လားတော့ မသိပါ။ ဆက်ဆံရေးခြင်းတော့မတူသော အိမ်ထောင်စုအများအပြားကို တွေ့ကြုံရပါသည်။ အိမ်ထောင်စုတိုင်း လူတိုင်း လူတိုင်းကိုတော့ မဟုတ်ပါ။ အဆင်ပြေချောမွေ့ကာ အပြန်အလှန် လေးစားပြီး ချစ်ချစ်ခင်ခင် နေထိုင်ကြသော မိသားစုများကိုလည်း တွေ့မြင်ရပါသည်။ သို့သော်လည်း ထိုသို့သော အိမ်ထောင်စုမှာ အနည်းငယ်သော အရေအတွက်သာရှိမည်ထင်ပါသည်။ အသိတရားလေးများဖြင့် အခြးသော သူစိမ်းများကိုပင် ယဉ်ကျေး ပျူငှာ ဆက်ဆံနိုင်သေးလျှင် မိမိတို့၏ မိသားစုဝင်များအား သူစိမ်းများအား ဆက်ဆံသည်ထက် အဆပေါင်းများစွာ ချိုသာစွာဆက်ဆံသင့်လှပေသည်။ သို့သော် မိသားစုအများစုသည် အခြားသူများနှင့် အဆင်ပြေပြေ ဆက် ဆံသော်လည်း မိသားစုအတွင်းတွင် အဆင်ပြေပြေမဆက်ဆံကြပါချေ။
Image from google
မိသားစုတစ်စု ဖြစ်စေ မိတ်ဆွေများပင်ဖြစ်စေ မိမိတို့၏ လုပ်ဆောင်ချက်သည် မိမိနှင့်သာဆိုင်သည်ဟု အထင်မရောက်စေလိုပါ။ မိမိအပြု အမူသည် မိသားစု အပေါင်းအသင်းမိတ်ဆွေများအားလည်း အပြန်အလှန် အကျိုးသက်ရောက်မှုရှိပါသည်။ ငါလုပ်တာ မင်းတို့နှင့်မဆိုင်ဘူး ငါ့မိသားစုနှင့်မဆိုင်ဘူးဟု မမှတ်ယူပါလေနှင့်။ အဘယ်သို့ အကျိုးသက်ရောက်မှုရှိပါသနည်း။ မိမိပြုမူလိုက်သော အပြောအဆို အပြုအမူတစ်ခုသည် မိမိ၏ မိသားစုအသိုင်းအ၀ိုင်း မိတ်ဆွေအပေါင်းအသင်းများအား အကျိုးသက်ရောက်မှုသည် အင်မတန်ကြာရှည်စွာ တည် တံ့ပေသည်။ မိသားစုအသိုင်းအ၀ိုင်းကို အသရေမညှိုးစေရန်လည်း သတိထားပြောဆို လုပ်ကိုင်သင့်လှပေသည်။ မိမိတို့၏ မျိုးရိုး ဇာတိ တို့သည် မိသားစုဝင်များမှ ဖြစ်ပေါ်ဆင်းသက်လာကြခြင်းဖြစ်ပါသည်။ ဘိုးဘွားမိဘများ၏ ဂုဏ်သိက္ခာ၊ မိမိ သားသမီး သားမယားတို့၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းစေရန်၊ မျက်နှာမငယ်ကြစေရန် မိမိတို့၏ လုပ်ဆောင်ချက်များကို ထိန်းသိမ်းသင့်သင့်လှပေသည်။ "ဘယ်သူ့ကိုမှ ငဲ့ညှာ ထောက်ထားနေစရာမလိုဘူး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်ချင်ရာဖြစ်" ဆိုသော ငဲ့ညှာထောက်ထားရန်မရှိသော တကောင်ကြွက် များကိုတော့မဆိုလိုပါ။
တကယ်လို့များ ကျွန်တော်သည် "လူယုတ်မာ ၊ ဆေးသမား ၊ အရက်သမား ၊ ရာဇ၀တ်မှုများကျူးလွန်နေသော ကျူးလွန်ခဲ့ဘူးသော ရာဇ၀တ်ကောင် ၊ လူဆိုး လူမိုက် တစ်ယောက်ဖြစ်နေခဲ့သော် ကျွန်တော်၏ အဘိုး အဘွားများ ၊ အမိ အဖများ ၊ ဇနီး နှင့် သား သမီးများ သည် လူ့လောက လူ့အသိုင်းအ၀ိုင်း လူတို့၏အကြားတွင် လက်သီးလက်မောင်းဆန့်တန်းကာ"ဒါမှ ငါ့သား ငါ့မြေး ငါ့အဖေ ငါ့ယောက်ျား" ဟုဂုဏ်ယူ ၀င့်ကြွားနေကြမည်လား သို့တည်းမဟုတ် အရှက်ရကာ မျက်နှာ်မပြရဲအောင် ဖြစ်နေကြမည်လား။ မည်ကဲ့သို့ ဖြစ်နေမည်ထင်ပါသနည်း။ မိမိပြုလုပ်ခဲ့သော အကြောင်းတရားများက မိမိတစ်ဦးတစ်ယောက်တည်းကိုသာ ထိခိုက်နေခြင်းဟုတ်မဟုတ် မှန်မမှန် စဉ်းစားကြည့်ကြပါခင်ဗျာ။
Image from google
ထိုသို့မဟုတ်ပါဘဲနှင့် ကျွန်တော်သည် "မြို့တော်ဝန်တစ်ယောက် ၊ ရပ်ရွာအကျိုးကိုသယ်ပိုးဆောင်ရွက်နေသောသူ ၊ လူအများကိုကူညီနေသောသူ ၊ အလွန်တော်သော ဘောလုံးသမားတစ်ယောက် ၊ အလွန်တော်သော နိုင်ငံကျော် စုံထောက်တစ်ယောက်" ဖြစ်နေပါလျှင်ကော "ဒါမှ ငါ့သား ငါ့မြေး ငါ့အဖေ ငါ့ယောက်ျား" ဟုဂုဏ်ယူ ၀င့်ကြွားနေကြမည်လား သို့တည်းမဟုတ် အရှက်ရကာ မျက်နှာ်မပြရဲအောင် ဖြစ်နေကြမည်လား။ မည်ကဲ့သို့ ဖြစ်နေမည်ထင်ပါသနည်း။ ကိုယ်တိုင်စဉ်းစားအဖြေရှာပါတော့ခင်ဗျာ။ အဖြေကိုပြောကြားရန် မလိုအပ်ဟုထင်ပါသည်။
ကျွန်တော့တို့ လူ့လောကအသိုင်းအ၀ိုင်းတွင် ထိုကဲ့သို့ အပြန်အလှန်အကျိုးသက်ရောက်မှုများရှိနေသည်မှာလည်း အမှန်အကန်ဖြစ်ပါသည်။ ငဲ့ကွက်စရာများလည်း ရှိပါသည်။ မိမိတို့ မိသားစုဆွေမျိုးများထဲတွင်လည်း ဂုဏ်ယူစရာ ရှိလျှင်ဝမ်းသာကျေနပ်စရာဖြစ်ပါပေမည်။ လက်သီးလက်မောင်းတန်းကာကြွေးကြော်ရပေမည်။ အမိ အဖများကတော့ သားသမီးများကို ငဲ့ကွက်ခြင်းဖြင့် မကောင်းမှုများကို ရှောင်ရှားနိုင် သလောက် နာမည်ဆိုးမဖြစ်စေရန် သားသမီးများ မျက်နှာ်မငယ်ရလေအောင် ဆင်ခြင်ကြပေသည်။ သားသမီးများကလည်း မိဘများ မျက်နှာငယ် အရှက်မရစေရန် လူဆိုး လူမိုက် ဖဲသမား ဆေးသမား တို့၏ အဖေ အမေများအဖြစ်သို့ မရောက်ရှိစေရန်အတွက်လည်း ကြိုးစားသင့်လှပေသည်။ သားသမီးမကောင်း မိဘ ခေါင်း ဆိုသော စကားပုံနှင့်ပင်အဆုံးမသတ်ချင်ပါပေ။ မိဘမကောင်းလျှင်လည်း သားသမီးခေါင်း သို့ပင်သွားမည်ဖြစ်ပါသည်။
မိသားစုအသိုင်းအ၀ိုင်းကိုထိန်းသိမ်းခြင်းမှ ရပ် ရွာ မြို့ နိုင်ငံ အဆင့်ဆင့် တိုးမြှင့်ထိန်းသိမ်းနိုင်လျှင် ပိုလို့ပင်ဂုဏ်ယူစရာကောင်းကြပေမည်။ ယခု ကျွန်တော်တို့ မြန်မာသည် Steemit Platform တွင် အတန်အသင့်တော့ နာမည်ရရှိနေပြီဖြစ်ပါသည်။ မြန်မာကို အသိအမှတ်ပြုအောင် ကျွန်တော်တို့ကြိုးစားရပါမည်။ ကျွန်တော်တို့၏လုပ်ဆောင်မှုကြောင့် မြန်မာနာမည် မပျက်အောင်ကြိုးစားကြပါလို့လည်း ပြောချင်ပါသည်။ "မြန်မာတွေက အင်မတန် အလုပ်ကြိုးစားကြတယ်။ ရိုးသားဖြောင့်မတ်လိုက်ကြတာလည်းအလွန်ပါပဲ။ တည်ကြည်တယ်။ ဂုဏ်သိက္ခာရှိတယ် သူတစ်ပါးကိုလည်း အင်မတန်ကူညီတတ်ကြတယ်" ဆိုသော မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ပြုမူလုပ်ဆောင်ချက်အတွက် အကျိုးသက်ရောက်မှုကောင်းကောင်းလေးကို မြန်မာနိုင်ငံကို ချစ်သော တန်ဘိုးထားသော လူတိုင်း လူတိုင်းက အမှန်တကယ်လိုလားကြမည်ထင်ပါသည်။
မိမိ မိသားစု မျိုးရိုးဂုဏ်သိက္ခာ မိမိလူမျိုး ဂုဏ်သိက္ခာ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ထောက်ထားငဲ့ညှာသောအားဖြင့် မကောင်းမှုမှန်သမျှမလုပ်မိစေရန် ရှောင်ရှားကြခြင်းဖြင့် မိမိတို့၏ ဘ၀တိုးတက်ရေး ၊ ကိုယ်ကျင့်သိက္ခာ နာမည် ဒဏ်ရာ စင်ကြယ်စေရေးတို့အတွက် မိမိတို့ကိုယ်ကို ကောင်းစွာထိန်းသိမ်း နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
10-9-2017(Sunday)