အရှက်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့ လူသားတွေရဲ့စိတ်တွေဟာ အရောင်အမျိုးမျိုးပြောင်းလဲနေတတ်ကြပါတယ်။ ဒါကိုလည်း လူတိုင်း သိကြပါတယ်။ ဒါပေမယ့် အဓိကအားဖြင့်တော့ စိတ်က အဆိုး နဲ့ အကောင်းပဲ ဖြစ်နေကြတာပါ။ တစ်ခါတစ်ရံမှ စိတ်က အဆိုးဖြစ်နေတတ်ပြီး တစ်ခါတရံမှာတော့ အကောင်းဖြစ်တတ်ပါတယ်။ ကိုယ့်ဆီမှာ ဘယ်စိတ်က အများဆုံးဖြစ်နေတတ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲသိကြမှာပါ။ မသိချင်ယောင်ဆောင်နေသူတွေလည်း ရှိနေမယ်ထင်ပါတယ်။ လိမ်ညာနေသူတွေလည်း ရှိနေနိုင်ပါတယ်။ ဘယ်လိုစိတ်မျိုးတွေ ဖြစ်ပေါ်လာတတ်သလဲ လို့ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်သူတွေ၊ စိတ်ကိုလိမ်လည်လှည့်ဖျားနေသူတွေကတော့ ကိုယ့်စိတ်ရင်း အမှန်ကို လက်မခံချင်ကြတာလို့ပဲ ထင်ပါတယ်။ အများအားဖြင့် လူတွေရဲ့စိတ်မှာတော့ စိတ်ကောင်းဖြစ်တဲ့ အချိန်က နည်းပါးပြီး မကောင်းတဲ့စိတ် တနည်းအားဖြင့် ဆိုးတဲ့စိတ်တွေက အတော်များများလွှမ်းမိုးထားမယ် ထင်ပါတယ်။ နေ့စဉ် လှုပ်ရှားသွားလာလုပ်ကိုင်ကြရာမှာ လောဘ ဒေါသ မောဟ တစ်ခုခုက လွှမ်းမိုးထားတတ် လို့ပဲဖြစ်ပါတယ်။ စိတ်ဆိုးတွေ ကို အသိစိတ်နဲ့ ထိန်းသိမ်းထားနိုင်ရင် လူတော် လူကောင်းတစ်ယောက် အဖြစ် ရောက်ရှိနိုင်ပါတယ်။ စိတ်တွေကို အရောင်ဆိုးတတ်တဲ့ ပတ်ဝန်းကျင်ကို ရောက်ရှိနေချိန်မှာ ပိုပြီး အသိ သတိနဲ့ နေထိုင်သင့်တယ်။ ဒါမှလည်း ပြုပြင်မရတဲ့အမှားကြီးတွေ မလုပ်မိအောင် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အရောင်ဆိုး တတ်တဲ့ ပတ်ဝန်းကျင်ကို မထီမဲ့မြင်ပြုပြီး နေသူတွေ အသိ သတိလွတ်ထွက်သွားတဲ့လူတွှေကတော့ ဒုက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်ကြရတတ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆို ကေတီဗွီ လိုနေရာမျိုးရောက်နေမယ်ဆိုရင် ကိုယ့်စိတ်ကို အရောင်ဆိုးမယ့်ပတ်ဝန်းကျင်ရဲ့အင်အားက အလွန်ပြင်းထန်ပါလိမ့်မယ်။ အဲဒီအရောင်ဆိုးတဲ့ ပတ်ဝန်းကျင်မှာ အသိလေးတွေ သတိလေးတွေ မထားတတ်ခဲ့ရင်တော့ မိသားစုပြဿနာဆိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ သေချာပေါက် ရောက်လာပါလိမ့်မယ်။(ငွေကို ရေလိုသုံးနိုင်သူတွေကိုတော့ မပြောလိုပါ)
လူ့လောကကြီးကို စောင့်ရှောက်နေတာ အရှက်တရား နဲ့ အကြောက်တရား နှစ်ပါးဖြစ်တယ်လို့ ကြားဖူးပါတယ်။ ဟုတ်မယ်လို့လည်း ထင်ပါတယ်။ အရှက် မရှိတော့ရင် လူတွေရဲ့အမြင် ဘယ်လိုမြင်မလဲလို့ စဉ်းစား ကြည့်မိခဲ့တယ်။ ဘာကိုမှ မရှက်တတ်တော့တဲ့ သူတစ်ယောက်ကိုလည်း မြင်ယောင်ကြည့်မိတယ်။ အရက် အလွန်အကျွံ သောက်စားမူးယစ်လာတဲ့ လူတစ်ယောက်ဆိုပါစို့။ အလွန်အကျွံမူးယစ်နေတဲ့အတွက် အရှက်ဆိုတဲ့အရာကို သူမသိတော့ဘူး။ အရင်ကတည်းက မသိတာလည်းဖြစ်နိုင်တာပေါ့။ အလွန်အကျွံမူးနေ လေတော့ မကြားဝံမနာသာတွေဆဲတတ်သလို မကြည့်ဝံ့ မမြင်ဝံ့တဲ့ ပုဆိုးကွင်းသိုင်းတွေနဲ့ လမ်းလျှောက် လာတာကို မြင်ကြရသူအတွက် ဘယ်လိုမှတ်ချက်မျိုးကို ပေးကြမလဲ။ အများစုကတော့ အရှက်မရှိလိုက်တာ လို့မှတ်ချက်ပေးကြလိမ့်မယ်ထင်ပါတယ်။ အသိ သတိရှိသူတစ်ယောက်အနေနဲ့တော့ အဲဒီလောက်ထိ အရက်ကို အလွန်အကျွံ သောက်မိမှာမဟုတ်သလို အရှက်မဲ့တဲ့ လုပ်ရပ်တွေကိုလည်း လုပ်မိလိမ့်မယ်မဟုတ်ပါဘူး။ ထိုသို့ အရှက်မဲ့ခြင်းက မကောင်းသောစိတ် ဆိုးသောစိတ်ကို ဖြစ်ပေါ်စေပါသည်။ မကောင်းသောစိတ်သည် လောကကြီးကို ပျက်စီးစေနိုင်ပါတယ်။ လူ့လောက လူ့ဘောင် လူ့အဖွဲ့အစည်းကို အရှက်တရားက ထိန်းကွပ် ထားခြင်းဖြစ်ပါတယ်။ အရှက်တရားမဲ့သောသူက မကောင်းတာပြုလုပ်ရန်၊ လောဘ ဒေါသ မာန်မာနကြီးကာ ကျေးဇူးတရားမသိတာ မဖွယ်မရာကိစ္စပြုလုပ်တာ တာဝန်မသိ သီလမစောင့် မမှန်မကန်ပြု အကြင်နာတရား ကင်းမဲ့ စတာတွေ ပြုလုပ်ရန် ၀န်မလေးတတ်ပါဘူး။ ထိုအရာတို့ကိုလည်း ရှက်ရမည့် အရှက်တရားဖြစ်တယ်ဆိုတာကိုလည်း မသိပါဘူး။ အဲဒီလို အရှက်ကင်းမဲ့သူဟာ လူလောကကြီးကိုထိန်းဖို့ မဆိုထားနဲ့ သူ့ကိုယ်သူတောင် မထိန်းနိုင်တော့တာ အသေအချာပါ။
ရှက်စရာကို ရှက်စရာကောင်းမှန်းမသိ၊ ရှက်ရမည့်ကိစ္စကို မရှက်၊ မရှက်ရမည့် ကိစ္စကို ရှက်ကြတယ်။ မမှန်မကန်တာ မတရားတဲ့အလုပ်တွေကိုလုပ်တယ်။ အကြင်နာကင်းမဲ့တဲ့လုပ်ရပ်တွေ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ မိဘကျေးဇူး ဆရာ့ကျေးဇူးစတဲ့ ကျေးဇူးတရားမသိတာတွေ ကျေးဇူးကန်းတဲ့လုပ်ရပ်တွေကို လုပ်ဆောင်တတ်ကြတာ အရှက်တရား မရှိတော့လို့ပါ။ အရှက်ကင်းမဲ့လို့ပါ။ ယနေ့လူ့လောကကြီးမှာ အဲဒီလိုလူငယ်တွေပိုပိုများလာနေသလိုထင်မှတ်မိပါတယ်။ အဲဒီလိုလူတွေကိုမြင်ရရင်လည်း စိတ်မကောင်း ဖြစ်မိတာအမှန်ပါ။ ဆုံးမစကားများကို နားခါးတတ်ပြီး လူကြီးများ၏ ဆုံးမမှုကို ရယ်စရာ ဟာသတစ်ခုလို သတ်မှတ်နေတတ်ကြတယ်။ ဆုံးမသူကို ရန်လုပ်လိုကြတယ်။ အရှက်မဲ့လာကြတဲ့အတွက် အမှားပေါင်းများစွာ လွန်ကျူးလာကြတယ်။ လူမှုရေးဆိုတာဘာလဲ? ကိုယ်ကျင့် သီလ ဆိုတာဘာလဲ? စဉ်းတောင်မစဉ်းစားမိကြ တော့တာက အရှက်ကင်းမဲ့လာတာ အရှက်တရားမရှိတော့တာပါပဲ။ သူတစ်ပါးဆီကနေ ငွေကြေးတွေချေးယူ ပြန်လည်ပေးဆပ်ခြင်းမရှိတာတွေဟာလည်း အရှက်တရားမရှိတော့တာပါပဲ။ အရှက်တရားမဲ့လာကြတဲ့ လူ့လောကအသိုင်းအ၀ိုင်းကြီးမှာ ကိုယ် နှုတ် စိတ် ဆိုတဲ့ ကံသုံးပါးကိုလည်း ထိန်းသိမ်းခြင်း မရှိကြတော့ပါဘူး။ ကံသုံးပါးကို လွန်ကျူးဖို့လည်း အဆင်သင့်ပဲဟေ့ ဖြစ်နေတတ်တော့တာပါပဲ။ သူတစ်ပါးပေးသမျှယူ ကျွေးသမျှစား ရှက်ရကောင်းမှန်းမသိတတ်ကြတော့သူတွေ များလာတာနဲ့အမျှ ဒုစရိုက်မှုတွေလည်း အလွန်များပြားလာတာ တွေ့နိုင်ပါတယ်။ အရှက်တရားဆိုတာက လူ့လောကတစ်ခုကိုသာ စောင့်ရှောက်တဲ့ တရားတစ်ခုဆိုလေတော့ အရှက်မဲ့ရင် လောကကို မစောင့်ရှောက်နိုင်တော့ပါဘူး။ ဘယ်အရာမဆို သံသရာ ဆိုတာရှိနေစမြဲဆိုတာ ရှိစမြဲပါ။ သံသရာအထိ ယူလိုသူများ ယူကြပါစေ။
ဆင်းရဲနေတာက ရှက်စရာမဟုတ်၊ ရုပ်ဆိုးနေတာ ရှက်စရာမဟုတ်၊ အနာရောဂါထူပြောနေတာရှက်စရာမဟုတ်၊ လူမှုရေးလုပ်နေတာ ရှက်စရာမဟုတ်၊ ဘာသာတရားလိုက်စားတာ ရှက်စရာမဟုတ်။ ရှက်စရာ မဟုတ်တာတွေကိုတော့ ရှက်နေတတ်ကြတယ်။ သံသရာဆိုတာ ရှိစမြဲပဲဆိုတာကိုလက်ခံတယ် ဆိုရင် အဲဒီလို လက်ရှိဘ၀မှာ ရုပ်ဆိုးစေတဲ့ ဆင်းရဲမွဲတေစေတဲ့ အနာရောဂါ ထူပြောစေတဲ့ သံသရာမှာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံကို ရှက်သင့်ပါတယ်။ လက်ရှိဘ၀မှာ ကောင်းကျိုးရစေမယ့် အပြုအမူ အလုပ်အကိုင်ကိုသာ လုပ်ကိုင်ခဲ့ရင် သံသရာမှာလည်း အရုပ်မဆိုး အကျည်းမတန် မဆင်းမရဲ မမွဲမတေ အနာမပေါ စေတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမှာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းကျိုး (ဆိုးကျိုး) ခံစားရမှာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီတော့ လူအများစုက ခုချက်ချင်း ကောင်းတာလုပ်ရင် ကောင်းကျိုးတွေခံစားရမယ်လို့ ယူဆတတ်သလို မကောင်းတာလုပ်ရင် ချက်ချင်းလက်ငင်း ငရဲရောက်မယ်လို့ ထင်နေတတ်ကြတယ်။ ဘယ်အရာမဆို အချိန်လိုအပ်ပါတယ်။ ဘ၀တစ်ခု အဆုံးသတ်ပြီးမှ ဖြစ်ချင်ဖြစ်မယ်။ ဘ၀တစ်ခု အဆုံးမသတ်ခင်အချိန်မှာ ဖြစ်ချင်လည်းဖြစ်မယ်။ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်မှာပါ။ သစ်ပင်တစ်ပင် အသီးသီးဖို့အတွက် ခုသစ်ပင်စိုက် ခုအသီးခူးစားလို့မရနိုင်တာ လူတိုင်းနားလည်ပါတယ်။ ဒါပေမယ့် ခုသစ်ပင်စိုက် ခုအသီးခူးစားချင်သူတွေက အများစုဖြစ်တော့ ကောင်းမှု မကောင်းမှုကို ယုံကြည်မှု နည်းပါးလာကြတယ်လို့ ထင်မိပါတယ်။ သံသရာကို ယုံကြည်သူများအတွက် သတိပေးစကားလက်ဆောင်လေး တစ်ခု ဖော်ပြပေးလိုပါတယ်။
ကောင်းမှုလုပ်ခြင်း မလုပ်ခြင်း၊ မကောင်းမှုလုပ်ခြင်း မလုပ်ခြင်းတို့ကို လူ့လောကတွင် အသက်ရှင်သန် နေထိုင်စဉ်ကာလအတွင်းမှာ လူတွေအားလုံးကို လိမ်ညာလို့ရနိုင်ပေမယ့် သံသရာခရီးကို ထွက်ကြရတော့မယ့် တမလွန်မှာတော့ လိမ်ညာလို့မရနိုင်ပါဘူး လို့ သတိပေးရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-Sept-2018 ကြာသပတေးနေ့(Thursday)