ဘ၀အတွက် နေ့စဉ်မှတ်တမ်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မိမိတို့ဘ၀ခရီးလမ်းဖြတ်သန်းကြရာတွင် နေ့စဉ် တွေ့ကြုံရသော အဖြစ်အပျက်များကို မှတ်တမ်း တစ်ခုအဖြစ် ရေးသားသင့်ပါသည်။ တစ်နေ့တာအတွင်းတွင် မိမိတို့ လုပ်ကိုင် ပြောဆိုခဲ့သောကိစ္စများ၊ တွေ့ကြုံခဲ့ရသော အတွေ့အကြုံ အဖြစ်အပျက်များကို ရေးမှတ်ခြင်းပြုလုပ်သင့်ပါသည်။ ထိုသို့ မှတ်မှတ်ရရ ရေးမှတ်ခြင်းကို နေ့စဉ်မှတ်တမ်းဟု ခေါ်ဆိုကြပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်မှတ်တမ်းရေးသားခြင်း အလေ့အကျင့် မရှိကြောင်းကိုလည်း တွေ့ရ ပါသည်။ ကျွန်တော်သည်လည်း နေ့စဉ်မှတ်တမ်း ရေးသားသောအလေ့အကျင့်မရှိပါ။ ယနေ့အချိန်ထိ မရှိသေးပါ။ အခြားသောသူများ ရေးသားခြင်း ရှိ မရှိတော့မသိပါ။ ထိုအကျင့်အား ပြုစုပျိုးထောင်ထား သင့်သည်ဟုလည်း ထင်မြင်မိပါသည်။ အချို့သောအဖြစ်အပျက်တို့အား နှစ်များစွာကြာမြင့်သောအခါ မေ့လျော့ကုန်ကြသည်သာဖြစ်ပါသည်။ တစ်ချို့တစ်ဝက်သာ မှတ်မိနိုင်သော်လည်း အများစုသည် မေ့လျော့သွားကုန်ကြသည်ထင်ပါသည်။ ထိုသို့ နေ့စဉ်မှတ်တမ်းရေးသွင်းခြင်း အလေ့အကျင့်သည် နောင်တစ်ချိန်ချိန်တွင် လူငယ်များအတွက် အလွန်အသုံးဝင် အသုံးတည့်သော လမ်းညွှန်စာအုပ် တစ်အုပ်အဖြစ်သို့ ရောက်ရှိနိုင်မည်ဟုလည်း ထင်မြင်မိပါသည်။ ထို့ကြောင့် လူတိုင်း လူတိုင်း နေ့စဉ်မှတ်တမ်း ရေးသားသင့်သည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် ယနေ့ခေတ်လူငယ်များ ပိုမို ရေးသားသင့်သည်ထင်ပါသည်။ ရှေးခေတ်လူသားများမှ နေထိုင်ရာ ဂူနံရံများပေါ်တွင် တတ်သိနားလည်သည့် အရာတို့ဖြင့် မှတ်တမ်းများ ထားခဲ့ကြခြင်းကြောင့် ယနေ့လူသားများ အနေဖြင့် ရှေးခေတ်အကြောင်းအရာတို့အား လေ့လာခွင့် သိရှိခွင့် ရနေကြခြင်းဖြစ်ပါသည်။
ထိုသို့နေ့စဉ်မှတ်တမ်းကို ရေးသွင်းထားခြင်းဖြင့် နောင်နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ ငယ်စဉ်က တွေ့ကြုံခဲ့ရသော အတွေ့အကြုံများနှင့် အသက်အရွယ်ကြီးရင့်လာသောအချိန်တွင် တွေ့ကြုံလာသော အတွေ့အကြုံများကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ထူးခြားသော အသိတရားများ ရရှိနိုင် မည်ထင်ပါသည်။ မိမိ၏ဘ၀တစ်လျောက်တွင် မည်သို့ မည်ပုံ ပြောင်းလဲလာခဲ့သည်ကိုလည်း အလွယ် တကူသိရှိနိုင်ပါသည်။ မိမိတို့၏ အကျင့်စာရိတ္တပိုင်းဆိုင်ရာများသည်လည်း ဆိုခဲ့သည်လား၊ ကောင်းခဲ့ သည်လား သုံးသပ်ဆင်ခြင်နိုင်မည်ထင်ပါသည်။ ပွေခဲ့ ရှုတ်ခဲ့လေသလော။ ရှင်းခဲ့လင်းခဲ့ရလေသလော စသည်ဖြင့် ဆင်ခြင်ကာ တရားအသိ အသိတရားလေးတစ်ခု ရရှိနိုင်မည်ထင်ပါ၏။ နေ့စဉ်မှတ်တမ်း သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအားရေးသားထားရခြင်းဖြစ်သော်လည်း နောင်တစ်ချိန်ချိန် တွင် ထိုမှတ်တမ်းသည် အရေးပါအရာရောက်နိုင်သော ကျမ်းတစ်စောင်ဖြစ်နိုင်ပါသေးသည်။ အဲဒီလိုလည်း ဖြစ်နိုင်ပါသေးသည်။ နောင်လာ နောက်သားများ မိမိအတွေ့အကြုံကို ဖတ်ရှုကာ သင်ခန်းစာ ရယူနိုင်ကြသည်လည်း ရှိနိုင်ပါသည်။ ဒီလူလို လူမိုက်ကြီး မလုပ်မိစေနဲ့ ဟုဆိုကာ လူငယ်များအား ဆိုဆုံးမစရာ ကျမ်းတစ်စောင်လည်း ဖြစ်နိုင်ပေသည်။ ဒီလူလို တော်အောင်ကြိုးစားကြ ဟု စံပြနမူနာထားစရာလည်း ဖြစ်နိုင်ပါသည်။ မတော်တရော်လုပ်ရပ်တစ်ခုအား မှတ်တမ်းတွင် ရေးသားထားခဲ့မိသော် မိမိတို့၏ ချစ်ဇနီး ချစ်ရသောသူတို့နှင့် နောင်ဂျိန်ချစရာလည်း ဖြစ်လာနိုင်ပါ သေးသည်။ ထိုထိုသောအကြောင်းများကြောင့် နေ့စဉ်မှတ်တမ်းအား လုံခြုံသောနေရာတွင် သိမ်းဆည်းထားရန်သည်လည်း ရတနာမြေပုံကဲ့သို့ အရေးကြီးမည်ထင်ပါသည်။
နေ့စဉ်မှတ်တမ်းရေးသားခြင်းဖြင့်သာ မိမိအကြောင်းအား မျိုးဆက်သစ်တို့သိရှိနိုင်ရန် အထောက်အကူ ဖြစ်နိုင်မည်ထင်ပါသည်။ ကင်းဝန်မင်းကြီးသည် နေ့စဉ်မှတ်တမ်း ရေးသားခဲ့ကြောင်း၊ ထိုမှတ်တမ်းသည်လည်း အလွန်အရေးပါကြောင်း မှတ်သားဖူးပါသည်။ ထင်ရှားကျော်ကြားသော မှတ်တမ်းတစ်ခုအဖြစ်လည်း ပုံနှိပ်ထုတ်ဝေခဲ့ကြောင်းလည်း သိရှိရပါသည်။ ထိုမှတ်တမ်းတွင် အဓိက အားဖြင့် ပုံနှိပ်ဖော်ပြခဲ့သည်မှာ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်စဉ် လေ့လာသိရှိခဲ့ရသည်များ ကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကင်းဝန်မင်းကြီး၏ နေ့စဉ်မှတ်တမ်းကို ဖတ်ရှုရသဖြင့် နိုင်ငံတကာ ဒေသန္တရ ဗဟုသုတများရရှိစေနိုင်ခဲ့ကြောင်း၊ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများအကြောင်း၊ ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေးအခြေအကြောင်း လေ့လာသိရှိနိုင်ရန် ရေးသားထားခဲ့ခြင်းဖြစ်ကြောင်းလည်း မှတ်သားဖူးပါသည်။ ထိုခေတ် တိုအခါက ယနေ့ခေတ်ကဲ့သို့ သတင်းအချက်အလက်များ အလွယ်တကူ သိရှီနိုင်သောအခြေအနေဖြစ်သည့်အတွက် ထိုမှတ်တမ်း သည် အလွန်ဗဟုသုတရရှိစေမည်ထင်ပါသည်။ ကင်းဝန်မင်း ဆိုသည်မှာ ရှေးခေတ်ကာလအခေါ် တစ်ခု ဖြစ်ပါသည်။ ကြည်းကင်း၊ ရေကင်း၊ အနီးကင်း၊ အဝေးကင်း စသည့် ကင်းလေးကို ထိန်းသိမ်းကာ အခွန်စည်းကြပ်ရသည့် ၀န်မင်းအား ကင်းဝန်ဟုခေါ်ဆိုကြောင်း သိရှိရပါသည်။ ယခုခေတ်အခေါ်ဆိုလျှင် ၀န်ကြီးတစ်ဦးဖြစ်မည်ထင်ပါသည်။ ထိုကင်းဝန်မင်းကြီးကား ရာဇ၀င်တွင် နာမည်ဆိုးကျန်ရစ်ခဲ့ရသည့် ကင်းဝန်မင်းကြီး ဦးကောင်း ဖြစ်မည်ထင်ပါသည်။
နေ့စဉ်ရေးခဲ့သော မှတ်တမ်းများမှ ၀တ္ထုများ၊ ဆောင်းပါးများလည်း ပေါ်ထွက်လာတတ်ပါသည်။ လူဦးတစ်ယောက်၏ တွေ့ကြုံဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်သော်လည်း လိုက်နာကျင့်သုံး သင့်သောအကြောင်းအရာများ၊ အတုယူဖွယ်ဖြစ်သော အကြောင်းအရာများ၊ ရှောင်ကြဉ်သင့်သော အကြောင်းအရာများအား သိခွင့်ရရှိပြီး သင်ခန်းစာယူသင့်သည်များ၊ အတုယူသင့်သည်များလည်း ရရှိစေနိုင်ပါသည်။ ယနေ့ခေတ်လူငယ်များအနေဖြင့် နေ့စဉ်မှတ်တမ်းများ ရေးသားထားခြင်းအားဖြင့် မိမိတို့၏ အတွေ့အကြုံများအား မျှဝေနိုင်မည်ဖြစ်ပေသည်။ ခရီးသွားလာရသော အတွေ့အကြုံများ၊ လေ့လာသိရှိသောအကြောင်းအရာတို့အားလည်း နေ့စဉ်မဟုတ်သော်လည်း အကြောင်းတိုက်ဆိုင် တိုင်း ရေးသားထားခဲ့ပါက နောင်တစ်ချိန်တွင် အသုံးတည့်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူသားတိုင်း နေ့စဉ်မှတ်တမ်းအား ရေးသားထားသင့်ပါကြောင်း တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
4-May-2018 သောကြာနေ့(Friday)