ဘ၀အတွက် စာဖတ်ပါ (Read For Life)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်တို့ ကျောင်းနေစဉ်အခါကာလက ဇာတိချက်ကြွေ မွေးရပ်မြေလေးတွင် စာအုပ်ဆိုင်များ ပေါများလှပါသည်။ ကျွန်တော်သည်လည်း စာဖတ်ရသည်ကို အလွန်နှစ်သက်မြတ်နိုးခဲ့ပါသည်။ ထို့ကြောင့် တစ်မြို့လုံးတွင် ရှိသော စာအုပ်ဆိုင်မှန်သမျှ လိုက်လံငှားရမ်း ဖတ်ရှုခဲ့ပေသည်။ စာအုပ်ဆိုင်တိုင်းကလည်း ကျွန်တော့်အား မသိသည့် စာအုပ်ဆိုင်ပင် မရှိတော့ပါ။ ထိုသို့စာအုပ်အငှားဆိုင်များတွင် သွားရောက်ငှားရမ်းသည့်အခါ သတိထားမိသည်တစ်ခုက စာအုပ်အငှားဆိုင်တိုင်းတွင် တန်ဖိုးရှိသော စာတန်းလေးများကို ချိတ်ဆွဲခြင်းဖြင့်ဖြစ်စေ၊ ကပ်ထားခြင်းဖြင့်ဖြစ်စေ မြင်တွေ့နေခဲ့ရခြင်းဖြစ်ပါသည်။ ထိုစာတန်းလေးများထဲမှ စာအုပ် စာပေနှင့်ပတ်သက်သော မှတ်မှတ်ရရ စာသားလေး တစ်ခုမှာ "အပျော်ဖတ်စာပေမှသည် အကျိုးပြု စာပေသို့" ဟူသော စာတမ်းကလေးဖြစ်ပါသည်။ အခြားသူများ စာကို အဘယ်ကဲ့သို့ စတင်ဖတ်ရှုခဲ့သည်ကို မသိပါ။ ကျွန်တော်ကတော့ စာတစ်လုံးစ နှစ်လုံးစ ဖတ်တတ်သည့်အချိန်မှစတင်ကာ ရွှေသွေးဂျာနယ်၊ တေဇဂျာနယ်များကို ထော့နင်းထော့နင်းဖြင့် စာလုံးပေါင်းဖတ်ခဲ့ သည်ကို ယနေ့တိုင်မှတ်မိနေပါသည်။ ထိုမှ စာကိုကောင်းမွန်စွာဖတ်တတ်သောအချိန်တွင် ကာတွန်းများ၊ မိုးသောက်ပန်း ဂျာနယ်များကို ဖတ်ရှုတတ်လာပါသည်။ ထိုမှတစ်ဆင့် မဂ္ဂဇင်း၊ ၀တ္ထု စသည်ဖြင့် ရွေးချယ်ဖတ်ရှုလာခဲ့သည်။ အပျော်ဖတ်သော စာများမှတစ်ဆင့် မိမိတို့အတွက် အကျိုးရှိစေမည့် စာများကို ရွေးချယ်ဖတ်ရှုလာတတ်ခဲ့ပါသည်။ သင်္ကြန်ကာတွင်ဆိုလျှင် ကျွန်တော်သည် စာအုပ်များကို ခြင်းတောင်းနှင့်ထည့်သယ်ယူရလောက်အောင်ပင် ငှားရမ်းထားပါသည်။ အဘယ့်ကြောင့်ဆိုသော သင်္ကြန်ကာလအတွင်း စာအုပ်များကို တစ်အုပ်ပြီး တစ်အုပ်ဖတ်ရှုနေခဲ့ပါသည်။ အခြားသူငယ်ချင်းများနှင့်လည်း လည်ပတ်ရန်ဆန္ဓမရှိသောကြောင့် စာဖတ်နေသော နှစ်ကသာများပါသည်။
Image from google
ယနေ့ခေတ်တွင် ဂျာနယ်များ၊ စာစောင်များ၊ မဂ္ဂဇင်းများအများအပြားပေါ်ပေါက်လာကြပေသည်။ စာပေများအနေဖြင့်ကြည့်မည်ဆိုပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အလှအပရေးရာ၊ အမျိုးသမီးရေးရာ၊ သတင်းမျိးစုံ စသည်ဖြင့် မိမိတို့ ၀ါသနာပါရာ စာများကို အလွယ်တကူ ၀ယ်ယူဖတ်ရှုနိုင်ကြပြီဖြစ်ပါသည်။ သို့သော် ယနေ့ခေတ် စာဖတ်သူများကို လေ့လာ ကြည့်ရာတွင် စာဖတ်သူအများစုသည် စာပေကိုလိုလားသောစိတ်ဖြင့် ဖတ်ရှုသူအရေအတွက်အားဖြင့် အလွန်နည်းပါး ကြကြောင်းကို တွေ့ရှိရပါသည်။ အများစုသည် စာများကို အပြင်းပြေသဘောဖြင့် ဟိုလှန် ဒီလှန်ဖြင့်သာ ပြီးဆုံးသွားကြပါ သည်။ ဥပမာဆိုကြပါစို့။ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ကြပါက ကာတွန်းလေးများကို ဖတ်ကြည့်မည်။ ဗေဒင်ကဏ္ဍအားလှန်ကြည့်မည်။ ထိုနောက် မင်းသားများအကြောင်း၊ မင်းသမီးများအကြောင်းကို ရေးသားထားသော စာများကိုဖတ်မည်။ နိုင်ငံခြားမင်းသားမင်းသမီးများအကြောင်းကိုလည်း ဖတ်မည်။ အလှအပေရေးရာလေးများပါလျှင် ဖတ်မည်။ ထိုနောက်တွင်တော့ စာအုပ်ကို လက်ကချလိုက်ကြမည်ဖြစ်ပါသည်။ သုတတို့ ရသတို့ ဆိုသည်မှာ အရပ်ထဲက လူမိုက်များအလား မဆက်ဆံချင်၊ မလှန်လှောချင်ကြပေ။ အဆက်အဆံ မလုပ်ချင်ကြပေ။ စာရေးဆရာများ၏ စာအုပ်များသည်လည်း ထုတ်လုပ်သူ အရှုံးပေါ်ကုန်မည်စိုးသောကြောင့် ထုတ်လုပ်ရန်လက်တွန့်ကုန်ကြသည် ထင်ပါသည်။ အခြားနိုင်ငံခြားတိုင်းပြည်များတွင် စာအုပ်တစ်အုပ်ကို တစ်ကြိမ်ပုံနှိပ်ပါက အရေအတွက် သောင်းဂဏန်း၊ သိန်းဂဏန်း ရိုက်နှိပ်ထုတ်ဝေကြသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် တစ်ကြိမ် ပုံနှိပ်ထုတ်ဝေပါက အုပ်ရေ (၁၀၀၀)လောက်သာ ရိုက်နှိပ်ထုတ်ဝေနေရသည်ကို တွေ့မြင်ရပါသည်။ နာမည်ကြီး စာရေးဆရာများပင်လျှင် စာအုပ်ရေ ထောင်ဂဏန်း ရိုက်နှိပ်ထုတ်ဝေနိုင်ကြပါသေးရဲ့လားမသိပါ။ ထိုအရာနှစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စာဖတ်သူ အရေအတွက် မည်မျှရှိကြောင်းကို တွက်ဆနိုင်ကြမည်ဖြစ်ပေသည်။ စာအုပ်ရေ (၁၀၀၀)ရိုက်နှိပ် ထုတ်ဝေသည် ဆိုခြင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ထိုစာအုပ်အား ဖတ်ရှုသူဦးရေ (၁၀၀၀)သာ ရှိမည်ဖြစ်ကြောင်း ဖော်ပြနေသည် မဟုတ်ပါလား။ ရသစာပေများ၊ သုတစာပေများကို ဖတ်ရှုသူနည်းပါးလာနေကြပြီဖြစ်ပါသည်။ အပျော်ဖတ်စာပေများကိုသာ ဖတ်ရှုနေကြပေတော့သည်။ ထိုမှတစ်ဆင့်တက်ပြီး ဘ၀အတွက်အကျိုးပြုမည့် စာပေများကိုလည်း ဆက်လက်လေ့လာဖတ်ရှုသင့်ပါသည်။
Image from google
ယနေ့ခေတ်သည် IT ခေတ်ဟု ကြွေးကြော်ကာ စာအုပ်အစား မိုဘိုင်းဖုန်းများကိုသာ အသုံးပြုလာကြသည်။ စာအုပ်အငှား ဆိုင်များလည်း ရှားပါးလာကြပြီဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံထက် တိုးတက်နေကြသော နိုင်ငံများတွင်မူ စာအုပ်စာပေ များကို အမြတ်တနိုးဖတ်ရှုကြဆဲဖြစ်ပါသည်။ တန်ဖိုးထားဆဲဖြစ်ပါသည်။ ယခုမှ စတင်ကာ တိုးတက်မည့် မြန်မာနိုင်ငံတွင် စာအုပ်စာပေများကို လွှင့်ပစ်သင့်ပါပြီလော။ မိုဘိုင်းဖုန်းများအတွင်းမှ စာများကို ဖတ်ရှုနိုင်ပါသည်ဟု ပြောဆိုကြမည်ထင်ပါသည်။ မှန်ပါသည်။ မိုဘိုင်းဖုန်းအတွင်းမှလည်း စာများကို ဖတ်ရှုနိုင်ပါသည်။ သို့သော် ကျန်းမာရေးအရ တော့ ကောင်းမွန်ခြင်းသိပ်မရှိကြောင်းကိုလည်း သတိပြုဆင်ခြင်အပ်လှပါသည်။ မိုဘိုင်းဖုန်းဖြင့်ပင် စာဖတ်သည်ဖြစ်စေ၊ စာအုပ်များမှပင် ဖတ်ရှုကြသည်ဖြစ်စေ မိမိတို့အတွက် အကျိုးတရားရရှိစေမည့် သုတစာပေများ၊ ရသစာပေများကို ဦးစာပေး ဖတ်ရှုနိုင်လျှင် ကောင်းပါသည်။ အပျော်ဖတ်စာပေများကိုလည်း ပစ်ပယ်မထားပဲဖတ်ရှုသင့်ပါသည်။ အပျော်ဖတ်စာပေများ သည် အပျော်ဖတ်ဟု သိထားလျှင် ကောင်းမွန်နိုင်သော်လည်း တကယ့်လက်တွေ့ဘ၀ဟု ထင်မြင်လာလျှင်တော့ ပြသနာ ရှိလာနိုင်ကြောင်းကိုလည်း သိထားရန်လိုအပ်ပါသည်။ အချို့သောသူများသည် အပျော်ဖတ်စာပေတွင်ရေးသားချက်များသည် အပြင်တွင် အမှန်တကယ်ဖြစ်နေသည်ဟု ထင်မြင်နေတတ်ကြပေသည်။ သို့အတွက် သတိပြုသင့်ပါသည်။
ယခုခေတ်ကာလတွင် မိဘများသည် မိမိတို့၏ သားသမီးများအား သွန်သင်ဆုံးမ လမ်းညွှန်ပြကြရာတွင် စာဖတ်ခြင်းကိုလည်း ညွန်ကြားပေးသင့်ပါသည်။ ထိုသို့ညွှန်ကြားရန်အတွက် မိမိတို့ကိုယ်တိုင်ကပင် မည်သည့် စာအုပ်အမျိုးအစားသည် ဖတ်ရှုရန်သင့်တော်သည်ကို လမ်းညွှန်ပေးနိုင်ရန် ကိုယ်တိုင် စာဖတ်ဖူးမှသာ လမ်းညွှန်ပေးနိုင်ပါလိမ့်မည်။ အသက်(၄၀) တန်းသို့ရောက်ရှိလာပြီဖြစ်သော မိဘ အဖြစ်သို့ရောက်ရှိနေကြပြီဖြစ်ကြသော လူအများစုသည် သူတို့ကိုယ်တိုင်ပင်လျှင် စာပေများကို လမ်းညွှန်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း တွေ့မြင်ရပါသည်။ ဘာသာရေးတွင်လည်း ထို့အတူတူပင်။ လူမှုရေး ကိုလုံးဝနားမလည်ကြသော မိဘများပင် ရှိနေပါသေးသည်။ ကျွန်တော်တို့ငယ်စဉ်အခါက စာအုပ်ဖတ်ရန်အတွက် အလွန် ရှားပါးပါသည်။ စာအုပ်အငှားဆိုင်များသာ အားကိုးနေရပါသည်။ စာအုပ်အငှားဆိုင်များကလည်း အများစုဖတ်သော စာပေများကိုသာ ၀ယ်ယူပြီး ငှားခြင်းဖြစ်ပါသည်။ ရသစာပေများကို ဖတ်ရှုလိုပါက မိမိတို့ကိုယ်တိုင် ၀ယ်ယူဖတ်ရှုရသည်က များပါသည်။ ယနေ့ခေတ်တွင် အလွယ်တကူ ဖတ်ရှုနိုင်သည့် နည်းလမ်းမျိုးစုံ ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အတွက် အကျိုးရရှိစေမည့် စာပေများကို ဦးစားပေး ဖတ်ရှုကြပါဟု အကြံပြုပါသည်။ ယခုကာလသည် ယခင်ကာများနှင့်မတူတော့ပါ။ ပညာဟူသောစကားသည် စာသင်ခန်းအတွင်းမှ ကျောက်သင်ပုန်း နှင့် ကျောင်းမှပြဌာန်းထားသော စာအုပ်များအတွင်းတွင် သာ ရှိနေသည်မဟုတ်တော့ပါချေ။ နည်းပညာတိုးတက်လာသောခေတ်ဖြစ်သဖြင့် မိမိတို့ သိလိုရာအကြောင်းအရာတို့ကို မိုဘိုင်းဖုန်းကလေးများဖြင့် အလွယ်တကူ ရှာဖွေနိုင်သောခေတ်ဖြစ်နေပြီဖြစ်ပါသည်။ ထိုသို့ရှာဖွေဖတ်ရှုကြရာတွင် အပျော်ဖတ်စာပေများကို ဖတ်ရှုကြရာမှ ဘ၀အတွက် အကျိုးရှိစေမည့်စာများကိုလည်း ဦးတည်ဖတ်ရှုစေချင်ပါသည်။
Image from google
စာဖတ်ရင်ဘာဖြစ်မလဲ၊ ဘာအကျိုးတွေ ရရှိနိုင်မှာလဲဟု မေးခွန်းများမေးလာမည်ဆိုသော် စာဖတ်ခြင်းသည် လူအများ၏ စိတ်ဓာတ်များကို ရင့်ကျက်လာစေနိုင်ပါသည်။ ဆရာတော်ရှင်မဟာရဋ္ဌသာရက "စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာ" ဟုလည်းကောင်း၊ ဆရာဇော်ဂျီက "စာကောင်း ပေကောင်းများကို ဖတ်ရလျှင် ပတ်ဝန်းကျင်ဘ၀ကိုလည်း သတိပြုလာနိုင်သည်" ဟုလည်းကောင်း၊ ဆရာကြီး ဇေယျက "မှတ်သားဖွယ်ရာ စာပေများကို ရှာဖွေ ဖတ်ရှုခဲ့လျှင် မိမိတို့၏ ကိုယ်တိုင်သာမက မိမိနှင့်သက်ဆိုင်ရာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကိုပါ အကျိုးဖြစ်စေနိုင်ပေသည်" ဟုလည်းကောင်း ဆုံးမ ခဲ့ကြပေသည်။ "မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့ပြည်ကို မြတ်နိုးပါ" ဟု ရှေးကလူကြီးသူမများက အလေးထား ကြွေးကြော်ခဲ့ကြကြောင်းကို လူတိုင်း သိမည်ထင်ပါသည်။ သို့သော် ကျွန်တော်တို့သည် ထိုစကားလုံးများကို ပါးစပ်ကြီးပြဲနေအောင်အော်နေရုံမျှနှင့် မရနိုင်ပါ။ လက်တွေ့ကျကျဖြင့် မိမိတို့၏ မြန်မာစာ၊ မိမိတို့၏ မြန်မာစကားကို မိမိတို့ကိုယ်တိုင်ကပင် လေးလေးစားစားနှင့် လိုက်နာကျင့်သုံးမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း သိစေချင်ပါသည်။ Myanmar Steemit Community တွင် စာရေးသားနေကြသောသူများထဲတွင် English စာကို ကျွမ်းကျင်သူများ ပါရှိကြသည် ကိုလည်း သိရှိပါသည်။ ကျွန်တော်ကတော့ English လို ကောင်းစွာမတတ်ကျွမ်းပါ။ သို့သော် မိမိတို့၏ မိခင်ဘာသာစကားကိုလည်း ထိန်းသိမ်း စောင့်ရှောက်ကြပါလို့လည်း ပြောကြားလိုပါသည်။ မြန်မာစာသည် တို့စာ မြန်မာစကားသည် တို့စကား ဟု ကြွေးကြော်ခဲ့ကြသော ဘိုးဘွား၊ မိဘများကို ကျွန်တော်တို့လက်ထက်ရောက်မှ လျော့ပါးနိမ့်ကျ သွားကြရတော့်မှာလား၊ တို့ခေတ်ရောက်မှ ညံ့ကျတော့မှာလားဟု မေးမြန်းရင်းဖြင့် နိဂုံးချုပ် အဆုံးသတ်လိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
15-11-2017 ဗုဒ္ဓဟူးနေ့(Wednesday)