ဘ၀အောင်မြင်ရေးနှုင့်ပတ်ဝန်းကျင်(Success And Surroundings)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
လူတို့သည် အူဝဲကနဲ မွေးဖွားလာသည့်အချိန်မှစတင်ပြီး သေဆုံးသွားချိန်တိုင်အောင် တစ်ဦး တစ်ယောက်တည်း အသက်ရှင်နေထိုင်ရန်မဖြစ်နိုင်ပါချေ။ ထို့ကြောင့် မွေးသည်မှစ အနည်းဆုံးသော ပတ်ဝန်းကျင်သည် မိသားစုဖြစ်ပြီး ထိုမှတစ်ဆင့်တက်လျှင် အိမ်အနီးအနား၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ တိုင်းပြည်နိုင်ငံများ အဆင်ဆင့်ဖြင့် တက်လှမ်းကာ လူသားပတ်ဝန်းကျင်ကို တည်ဆောက်ကြရပေသည်။ လူဟူသူမှာ တစ်ဦးတစ်ယောက်တည်းရပ်တည်ရပ် မဖြစ်နိုင်ပါသောကြောင့် မိမိတို့ မွေးဖွားလာရာ ပတ်ဝန်းကျင်သည် ကောင်းမွန်နေရန်လည်း အလွန်အရေးပါလှပါသည်။ ပထမ မွေးဖွားလာစဉ်ကာလတွင် မိသားစု၊ အိမ်အနီးအနားဝန်းကျင် လူများနှင့် ရင်းနှီးကြရမည်ဖြစ်ပေသည်။ ထိုသို့ မိသားစု ပတ်ဝန်းကျင်သည် ကောင်းမွန်သောလူ့ပတ်ဝန်းကျင်ဖြစ်နေစေရန် အလွန်အရေးကြီးပါသည်။ ထိုသို့ မိမိမွေးဖွားလာရာ ပတ်ဝန်းကျင် ကောင်းမွန်လျှင် လူ့ဘ၀အောင်မြင်ရေး၊ တိုးတက်ရေး၊ ချမ်းမြေ့စွာနေထိုင်နိုင်ရေး တို့အတွက် ကောင်းမွန်သော အထောက်အပံ့ကို ရရှိကြမည်ဖြစ်ပေသည်။ မွေးဖွားရာပတ်ဝန်းကျင် ကောင်းမွန်မှုမရှိလျှင် ဘ၀အောင်မြင်တိုးတက်ရေးသည် လုံးဝမရရှိနိုင်ဟုပြောဆိုခြင်းတော့မဟုတ်ပါ။ သို့သော် ကောင်းမွန်သော လူ့ပတ်ဝန်းကျင်မရရှိပါက မိမိအား အထောက်အပံ့ ပြုရန်မလွယ်ကူနိုင်သည့်အပြင် ဘ၀ အောင်မြင်ရေး၊ တိုးတက်ရေး၊ ချမ်းမြေ့သာယာရေးတို့တွင် အနှောင့်အယှက်တစ်ခုလိုပင် ဖြစ်လာနိုင်ပေသည်။ လူတို့၏ဘ၀အောင်မြင်ရေး၊ ဘ၀တိုးတက်ရေး၊ ဘ၀ချမ်းမြေ့ရေးတို့တွင် မိမိတို့၏ ပတ်ဝန်းကျင်သည်အလွန် အရေးပါလှပေသည်။
Image from google
ကောင်းသောပတ်ဝန်းကျင်တွင် မွေးဖွားလာရသူများသည် ကောင်းသောဘ၀ အောင်မြင်တိုးတက်ရေးကို လွယ်ကူစွာရရှိနိုင်သကဲ့သို့ မိမိတို့ ကိုယ်တိုင်သည်ပင်လျှင် ကောင်းမွန်သော ဘ၀ခံယူချက်ဖြင့် လျှောက်လှမ်း နိုင်မည်ဖြစ်ပါသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် မွေးဖွားလာသူတိုင်းက အောင်မြင်မှုရရှိမည်ဟုလည်း မဆိုလိုနိုင်ပါ။ အချို့သော လူငယ်များသည် ကောင်းမွန်သော ပတ်ဝန်းကျင်တွင် မွေးဖွားလာကြသော်လည်း မကောင်းသော အကျင့်စရိုက်များကို အတုယူမှား၊ အတုခိုးမှားကြသဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်တွင် နေထိုင်သူ မိသားစုဝင်များမှ အလိုလိုက်ထားခဲ့ခြင်းဖြင့်လည်းကောင်း၊ ကောင်းမွန်စွာ ဆုံးမပေးနိုင်ခြင်းမရှိသဖြင့် လည်းကောင်း မှားယွင်းသောအယူအဆများကို လက်ခံသွားကြသဖြင့် ပျက်စီးခြင်းတို့နှင့်ကြုံရတတ်ပေသေးသည်။ မွေးဖွားလာသောပတ်ဝန်းကျင်သည် ငွေကြေးအင်အား တောင့်တင်း ပြည့်စုံသော ပတ်ဝန်းကျင်ဖြစ်ခဲ့ပါက ငွေကြေး ကို စည်းကမ်းတကျ သုံးစွဲစေတတ်သောအကျင့်ကို မရရှိခဲ့ပါမူ ပိုမိုပျက်စီးနိုင်ကြပေသည်။ လူငယ်များအကြိုက် အားလုံးကို လိုက်လျောတတ်သော လူကြီးမိဘများကြောင့်လည်း ပျက်စီးတတ်ကြပေသေးသည်။ ငွေကို အချိန်ပြည့်ရှာဖွေနေကြပြီး သားသမီးများ ဆုံးမရန် အချိန်မပေးနိုင်ကြပါသော မိဘများကြောင့်လည်း လူငယ်များ ပျက်စီးခြင်းသို့ရောက်ကြရပေသည်။ ထိုသို့သောလူငယ်များအဖို့ ကောင်းမွန်သော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် မွေးဖွားခဲ့ကြရပါသော်လည်း ထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့် ဘ၀တိုးတက်မှုမရရှိကြပေ။ နှမြောစရာအလွန် ကောင်းသည်ထင်ပါသသည်။ ငွေကြေး တတ်နိုင်သော ပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းခဲ့ရသဖြင့် ငွေကြေးအတွက်ပူပင်ရန်မလို။ မိမိတို့ စိတ်ပါဝင်စားမည်ဆိုပါက နိုင်ငံရပ်ခြား၊ ရေခြားမြေခြားသို့ပင် သွားရောက် ပညာသင်ကြားနိုင်သော အခွင့်အရေးများလည်း ရှိနေကြပေသည်။ ကောင်းမွန်သော ရည်ရွယ်ချက်များကို စိတ်ဆန္ဒရှိမည်ဆိုလျှင် လုပ်နိုင်သောအခွင့်အရေးများ၊ အလှူဒါနပြုမည်ဆိုပါကလည်း အလွယ်တကူ ပြုလုပ်နိုင်သော အခွင့်အရေးများလည်း ရရှိပိုင်ဆိုင်နေကြပါသည်။
Image from google
ထိုကဲ့သို့သော အခွင့်အလမ်းများ အလွယ်တကူရရှိနေကြပါလျက်နှင့် အဘယ်ကြောင့် ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းများ နှင့်ကြုံတွေ့နေရပါသနည်း။ ပျက်စီးခြင်းနှင့်တွေ့ကြုံရခြင်း၊ အများအားကျလောက်အောင် တိုးတက်အောင်မြင်သွားကြခြင်းများသည် များသောအားဖြင့် ထိုလူငယ်များ၏ ပတ်ဝန်းကျင်တွင်ရှိနေကြသော အနီးကပ်ဆုံးဖြစ်နေကြသော လူများကြောင့် အများဆုံးဖြစ်တတ် ပါသည်။ ပတ်ဝန်းကျင်မှလူများမှ ကောင်းမှုကို ညွှန်ပြခြင်း၊ မကောင်းမှုကို တားမြစ်ခြင်းပြုလုပ်ကြရာတွင် လူငယ်များ၏ စိတ်နေသဘော သဘာဝကိုလည်း ထည့်သွင်း စဉ်းစားသင့်လှပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ထုံးတမ်းအစဉ်အလာများအရ တချို့သည် ဘောင်မ၀င်တော့သော၊ ခေတ်မမီတော့သော အယူအဆများရှိနေပေသေးသည်။ ငါကအဖေလား မင်းကအဖေလားဆိုသော တစ်ဖက်သန်ဆန်သည့် အယူအဆများကို စွန့်လွှတ်သင့်ပါသည်။ မိမိဖြစ်စေချင်သည့် အတိုင်း ဇွတ်တွန်းတင်ခြင်းသည် လူငယ်များ၏ဘ၀ကို ကျရှုံးခြင်းသို့ ရောက်စေတတ်ပါသည်။ တစ်ချို့သောလူငယ်များသည် စိတ်ကူးဥာဏ်ကောင်းမွန်ကြပေသည်။ သူတို့၏ စိတ်ကူးဥာဏ်များသည် ကောင်းမွန် သောအကျိုးများဖြစ်ထွန်းပေါ်ပေါက်နိုင်သည်ဆိုပါက အားပေးသင့်လှပေသည်။ လူငယ်တစ်ဦးက အလုပ်တစ်ခုကို စိတ်ဝင်တစားလုပ်ကိုင်ချင်လာသည်ဆိုပါက ထိုလုပ်ငန်းအား အောင်မြင်အောင်ပံ့ပိုးပေးနိုင်သည့် အဓိကလူများမှာ ပတ်ဝန်းကျင်ရှိလူများဖြစ်ကြသကဲ့သို့ ကျရှုံးအောင်လုပ်ကြမည့်သူများမှာလည်း ပတ်ဝန်းကျင်မှ လူများပင်ဖြစ်ပါ သည်။ အဘယ့်ကြောင့် အောင်မြင်ခြင်း ကျရှုံးခြင်းတွင် ပတ်ဝန်းကျင်ရှိလူများကြောင့်ဖြစ်သနည်း ဟု မေးလာသည် ရှိသော် ထိုကဲ့သို့ လုပ်ငန်းများ အောင်မြင်အောင် ပံ့ပိုးပေးကြသည့်လူများမှာ ပတ်ဝန်းကျင်မှလူများသာဖြစ်ကြပြီး အခြားသူစိမ်းများမဟုတ်ကြသည်မှာ သေချာပါသည်။ မည်သည့်သူစိမ်းတစ်ယောက်ကမျှ မအောင်မြင်စေရန် မဟန့်တားနိုင်ကြပါ။ အနီးကပ်ဆုံး အများအားဖြင့်ဆိုရသော် မိသားစုဝင်များပင်ဖြစ်ပါသည်။ အဖေ အမေ ညီအစ်ကို မောင်နှမများမှသာ ဟန့်တားခြင်းပြုလုပ်နိုင်ပါသည်။ တိုက်တွန်းခြင်းပြုလုပ်နိုင်ပါသည်။ လုပ်ငန်းအောင်မြင်ခဲ့လျှင် ဒါမှငါ့သား၊ ဒါမှငါ့မောင်၊ ဒါမှငါ့ညီ၊ ဒါမှငါ့အစ်ကို ဟု ဂုဏ်ယူမည့်သူများမှာလည်း အဓိက အားဖြင့် မိသားစုဝင်များသာဖြစ်ကြပါသည်။
မကောင်းသောပတ်ဝန်းကျင်တွင်မွေးဖွားလာရသူများအဖို့ ငွေကြေးမပြည့်မစုံလည်းဖြစ်နိုင်သည်။ လူဆိုး၊ လူမိုက်၊ သူခိုး၊ ဓားပြ များလည်းဖြစ်နိုင်ပေသည်။ ထိုသို့သော လူများအဖို့ ပတ်ဝန်းကျင်၏ အထောက်အပံ့သည်လည်း ကောင်းနိုင်ရန်မလွယ်ကူလှပါချေ။ မိမိတို့ ကိုယ်တိုင် အသိဥာဏ်ပညာဖြင့် ထိုးဖောက်ထွက်မည်ဆိုလျှင်ပင် လွယ်ကူသောအလုပ်ဖြစ်နိုင်မည်မဟုတ်ပါ။ ရေခြားမြေခြား နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားရန်မဆိုထား နှင့်။ ပညာတတ်ရန်ပင်အလွန်ကြိုးစားမှ ရနိုင်ကြပေလိမ့်မည်။ အလှူဒါနပြုရန်မဆိုထားနှင့် နေ့ညအလျင်မီအောင် ထမင်းစားရန်ပင်မလွယ်ကူသောအခြေနေများဖြစ်နေနိုင်ပါသည်။ သို့သော် ထိုသို့ ကောင်းမွန်မှုမရှိသော ပတ်ဝန်းကျင်တွင် မွေးဖွားလာသူအဖို့ လူတိုင်းမအောင်မြင်နိုင်ဟု မဆိုသာပါ။ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် မွေးဖွားလာသော သူများလောက် မလွယ်ကူကြကြောင်းကို ပြောလိုခြင်းဖြစ်ပါသည်။ မိမိတို့ကိုယ်တိုင်မှ မကောင်းမှု ကိုမကောင်းမှုမှန်းသိရှိခြင်းဖြင့်လည်းကောင်း၊ မကောင်းမှုအား စက်ဆုပ်ရွံရှာဖွယ်အဖြစ်လည်းကောင်း သိရှိလာသူ များအနေဖြင့် ပြုပြင်ပြောင်းလဲကြမည်ဆိုပါက အောင်မြင်ခြင်းလမ်းမပေါ်သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Image from google
ငယ်စဉ်က ကျောင်းစာတွင် သင်ကြားခဲ့ကြရသော ကျေးညီနောင် ဇာတ်လမ်းလေးကို လူတိုင်းကြားဖူးကြ မည်ဖြစ်ပါသည်။ လေပြင်းတိုက်ခတ်တဲ့အတွက် အတူနေကြတဲ့ ကျေးညီနောင်သည် တစ်ကွဲတစ်ပြားဆီ လွင့်စင်သွားကြရာတွင် တစ်ကောင်က သူတော်စင် ရသေ့များနေရာသို့ ရောက်ရှိသွားခဲ့ပြီး အခြားတစ်ကောင်ကတော့ လူဆိုး ဓားပြများ ပတ်ဝန်းကျင်သို့ ရောက်ရှိသွားခဲ့ကြသည်။ ရသေ့များရှိရာကို ကျရောက်ခဲ့တဲ့ ကျေးကလေးကတော့ ယဉ်ကျေးလိမ္မာပြီး သူခိုးဓားပြများရှိရာကို ကျရောက်သွားတဲ့ ကျေးကလေးကတော့ မကောင်းသောအကျင့်စရိုက်များကို တတ်မြောက်သွားကြပါသည်။ ကောင်းမွန်သော ပတ်ဝန်းကျင်သို့ ရောက်ရှိသွားသော ကျေး နှင့် မကောင်းသောပတ်ဝန်းကျင်သို့ ရောက်ရှိသွားသော ကျေးညီနောင်တို့သည် တစ်အူတုံဆင်းညီအစ်ကိုရင်းများပင်ဖြစ်ကြသော်လည်း မကောင်းသောစရိုက် နှင့် ကောင်းသောစရိုက်ကွာခြား သွားကြကြောင်းကိုလည်း လူတိုင်းသိကြမည်ဖြစ်ပါသည်။
ထို့ကြောင့် ပတ်ဝန်းကျင်သည် လူအများ၏ ဘ၀ တိုးတက်ရေး၊ အောင်မြင်ရေး၊ ချမ်းမြေ့သာယာရှိရေးတို့သည် အလွန်အရေးပါလှကြောင်းကိုသတိပြုနိုင်ကြပါရန်နှင့် လူငယ်များအား အချိန်ပေးပြုပြင်ပေးနိုင်ကြပါစေ။ လူငယ်တို့၏ လမ်းကြောင်းမှန်ရောက်ကြစေရန်အတွက်၊ ဘ၀လမ်းခရီးအတွက်၊ တိုင်းပြည် နိုင်ငံရှေ့ရေးအတွက် တိုးတက်စေနိုင်သော အကျိုးပြု စေနိုင်သော လူငယ်များ ဖြစ်ကြစေရန် ဆုံးမပဲ့ပြင်ပေးသင့်ကြပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-11-2017 တနင်္ဂနွေနေ့(Sunday)