ဘ၀ဆိုတာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီတစ်ခါ ဘ၀နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို မြင်တဲ့အမြင်တစ်ခုကို ရေးသားချင်ပါတယ်…. ဘ၀အတွက် အမြင်လေးတစ်ခုလောက်ကို မျှဝေရေးသား လိုပါတယ်… ဘ၀ကို အတွေးအခေါ်ပညာရှင်တွေကလည်း အမြင်အမျိုးမျိုးထွက်ကြတယ်… တစ်ယောက်နဲ့ တစ်ယောက် အမြင်တူချင်မှ တူနိုင်မယ်… တူညီဖို့တော့ သိပ်မမြင်ပါဘူး… ဘာကြောင့်လည်း ဆိုတော့ လူတွေက ဘ၀ကို သုံးသပ်ကြ ရှုမြင်ကြ အဓိပ္ပါယ်ဖော်ကြ တဲ့အခါမှာ ကိုယ့်ဥာဏ်မီ သလောက် ကိုယ့်ရဲ့အတွေ့အကြုံနဲ့ ဖော်ပြကြတာဖြစ်လို့ပဲ ဖြစ်ပါတယ်… ဒီတော့ လူတွေဟာ တစ်ဦး နဲ့ တစ်ဦး အတွေ့အကြုံတွေ မတူညီနိုင်ကြပါဘူး… ဒီလိုအတွေ့အကြုံတွေ မတူညီကြတော့ အဓိပ္ပါယ်ဖော်တဲ့အခါမှာလည်း မတူညီတာတွေ ရှိလာ တတ်ကြတာပေါ့… တူညီတာလေးတွေလည်း ရှိနေနိုင်ပါတယ်… တကယ်တော့ ဘ၀ကို အကောင်းမြင်ဝါဒနဲ့ ကြည့်တဲ့သူတွေရှိသလို အဆိုးမြင်ဝါဒနဲ့ ကြည့်တဲ့သူတွေလည်း ရှိပါတယ်… ဒါကလည်း လူတွေရဲ့ အခြေခံစိတ်ဓာတ်ပေါ်မှာ မူတည်ကွဲပြားသွားကြတာဖြစ်မယ် ထင်ပါတယ်… မျှဝေချင်တဲ့ ဘ၀အတွေးအမြင်လေးက လီယိုတော်စတွိုင်း ရဲ့အမြင်လေးဖြစ်ပါတယ်… လီယိုတော်စတွိုင်းရဲ့ ဘ၀အပေါ် ရှုမြင်သုံးသပ်ချက်ကိုလည်း သဘောကျမိတာ ကြောင့်လည်း ဖြစ်ပါတယ်… ချစ်မိတ်ဆွေများလည်း ကြိုက်နှစ်သက်မယ်ဆိုရင် မှတ်သားထားနိုင်အောင်ပေါ့…
Image from google
တစ်ခါတုန်းကပေါ့ ခရီးသွားတစ်ယောက်က အလွန်နက်တဲ့ တောကြီးမျက်မဲထဲကို အစာရှာဖို့ ထွက်လာခဲ့တယ်… အဲဒီလို အစာရှာ ထွက်လာတဲ့အခါမှာ တောကောင်ကြီးဖြစ်တဲ့ ကျားကြီး တစ်ကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ပါလေရော… ဒီတော့ ခရီးသွားခမျာ အစာရှာဖို့ထွက်လာ ရာမှာ အစာမရသေးချိန်မှာတင် အန္တရာယ်ကောင်နဲ့ ထိပ်တိုက်လာတိုးနေတော့ ဘာလုပ်မယ် ထင်သလဲ… ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးတာပေါ့… ကျွန်တော်ဆိုလည်း ပြေးမှာပဲလေ… တောရဲ့အရှင်သခင် ကျားကြီးကို တော်ရုံအစွမ်းသတ္တိနဲ့ တော့ ယှဉ်ပြိုင်သတ်ဖို့ ဘယ်လွယ်လိမ့်မတုံး… ဒီလိုနဲ့ ခရီးသွားက ရှေ့က ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေး… နောက်က ကျားကြီးကလည်း အမဲကောင်ဆိုပြီး မရမကလိုက် တော့တာပေါ့… ခရီးသွားဟာ ပြေးရင်း လွှားရင်းနဲ့ ရှေ့မှာ ချောက်ကမ်းကြီးတစ်ခုက ခံနေတယ်တဲ့… ခရီးသွားဟာ ဘာလုပ်ရမှန်းမသိဖြစ်သွားတာပေါ့… ဆက်ပြေးစရာမြေက ကုန်နေတာကိုး… ဒီတော့မထူးဘူး ချောက်ထဲခုန်ချမယ်ဆိုပြီး ချောက်ကမ်းကနေ အောက်ကို ကြည့်လိုက်တော့ အောက်မှာ ဧရာမမြွေကြီးကာ ပါးပျဉ်းကြီး ထောင်လို့ စောင့်နေသတဲ့… ဒီတော့ ခရီးသွားကလည်း အောက်ကိုလည်း ခုန်ချမရပြန်ဘူးဖြစ်သွားတာပေါ့…
Image from google
ဒီတော့ ဟိုကြည့် ဒီကြည့် လျောက်ကြည့်တော့ ချောက်ကမ်းပါးမှာ ကပ်ပေါက်နေတဲ့ ပြုတ်ထွက်ခါနီး ပြတ်ခါနီးဖြစ်နေတဲ့ သစ်ပင်လေးကို ခိုတွယ်ပြီး အသက်ဆက်ရှင်သန်နိုင်အောင် နေရပါသတဲ့… ပြတ်လု ပြတ်ခင်ဖြစ်နေတဲ့ သစ်ပင်ကို မှီတွယ်ပြီး အသက်ရှင်သန်ရေးအတွက် ကြိုးစားနေရတဲ့ ခရီးသွားကို ချောက်ကမ်းပါးရဲ့ထိပ်မှာရှိတဲ့ ကျားကြီးကလည်း ငုံ့ကြည့်နေတယ်… ချောက်အောက်မှာလည်း အင်မတန်ကြီးမားတဲ့ မြွေကြီးက အဆင်သင့်စောင့်ကြိုနေတယ်… အန္တရာယ်ပေးမယ့် ချောက်ထိပ်က ကျားကြီး နဲ့ ချောက်အောက်က မြွေကြီးတွေက စောင့်စား နေတဲ့ ဒုက္ခက ခရီးသွားဆီကို ကျရောက်နေတော့တာပေါ့… ကဲဗျာ ကျွန်တော်တို့သာ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ကြမယ်ဆို ဘယ်လိုများလုပ်ရပါ့… ချောက်ကမ်းပါးထိပ်မှာ ပေါက်နေတဲ့သစ်ပင်ပေါ်မှာ ပျားရည်တစ်စက်စက်ကျနေတဲ့ ပျားအုံကလည်း ရှိနေသတဲ့… အဲဒီခရီးသွားဟာ ခေတ္တခဏ ကျရောက်နေတဲ့ ဘေးအန္တရာယ်တွေကို မေ့ပျောက်သွားပြီး ကျလာတဲ့ ပျားရည်စက်ကို လျှာထိုးခံပြီး အရသာခံနေတော့ပါသတဲ့…
Image from google
အဲဒါက လီယိုတော်စတွိုင်းလို့ခေါ်တဲ့ အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်ရဲ့ ဘ၀အပေါ် ရှုမြင်သုံးသပ်ခဲ့တဲ့အမြင်ပါပဲ… လီယိုတော်စတွိုင်းဆိုတဲ့ စကားလုံးကိုတောင် အင်္ဂလိပ်လို မှန်အောင်မရေးနိုင်လို့ ထည့်မရေးတော့ပါဘူး… ဘယ်စာအုပ် ဘယ်အထဲမှာရေးထားမှန်း မသိတော့ပါဘူး… ဒါပေမယ့် စာသားတွေကို သဘောကျလို့ မှတ်စုစာအုပ်ထဲမှာ ကူးယူထားခဲ့ မိလို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်… သူဖော်ပြခဲ့တာကို ကျွန်တော်နားလည်သလို တွေးတော ကြည့်မိပါတယ်… ခရီးသွား ဆိုတာက ကျွန်တော်တို့ ယနေ့လူသားများကို ညွှန်းဆိုထားတယ် လို့ထင်ပါတယ်… ကျွန်တော်တို့ဟာ သံသရာခရီးသွားတွေပဲလေ… အဲဒီလိုပဲ ကျားကြီးနဲ့တူတဲ့ ဒုက္ခတွေ မြွေကြီးနဲ့တူတဲ့ ဒုက္ခတွေ စသည်ဖြင့် ဒုက္ခတစ်ခုမဟုတ် တစ်ခု တွေ့ကြုံနေရစမြဲပဲ… ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ အဲဒီလို ဒုက္ခတွေကို မေ့ပျောက်သွားပြီး ချိုမြိန်တယ်လို့ ထင်ရတဲ့ သုခလို့ထင်မှတ်ရတဲ့ ပျားရည်စက်ကို အငမ်းမရ လျှာထိုးခံပြီး အရသာခံနေကြတာ ကို ဖော်ပြချင်တာလို့လည်း တွေးချင်ရာ တွေးထင်မိပါတယ်ဗျာ… သူက အဲဒီလိုသဘောနဲ့ ရေး ဖွဲ့ခြင်း ဟုတ်သလား မဟုတ်ဘူးလား ဆိုတာတော့ မသိပါဘူးဗျာ… ကျွန်တော့်အမြင်နဲ့ ကျွန်တော်ရေးလိုက်တာသာဖြစ်ပါတယ်… မိတ်ဆွေတွေရဲ့ အမြင်များလည်း ရှိနိုင်ပါတယ်… ဒါပေမယ့်အငြင်းအခုံလုပ်ရန်မဟုတ်ပါဘူး… ကြိုက်သလိုတွေးခေါ် ယူဆနိုင်ပါတယ်… နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရတာကိုက ဘ၀ လို့ပဲ ခေါ်ရမလား တွေးရင်းနဲ့ ရပ်နားခွင့်ပြုပါဗျာ….
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
24-Feb-2018 စနေနေ့(Saturday)