ဘာကိုရှာနေတာလဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်ကာလမှာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပြီ။ သိလိုတဲ့ အကြောင်းအရာတစ်ခုကို အဲဒီရွာကြီးထဲ အလွယ်တကူ ရှာဖွေနိုင်နေကြပြီ။ တချို့ကလည်း အဲဒီရွာကြီးကို အမှိုက်ပုံကြီးတစ်ခုလို မြင်ကြတယ်။ အချို့ကလည်း ရွာထဲမှာ လူလည်ကျဖို့ စဉ်းစားကြတယ်။ အချို့ကလည်း အဖိုးတန်တွေကို ရှာဖွေကြတယ်။ ပညာရပ်တွေရှာဖွေကြတယ်။ တကယ်တော့ အဲဒီရွာကြီးက အပြစ်တွေကို လုပ်နေတာမဟုတ်သလို အချစ်တွေကို ပေးနေတာလည်းမဟုတ်ပါဘူး။ ပညာတွေကို ဖော်ထုတ်နေတာမဟုတ်သလို အညာတွေကို ဖန်တီးနေတာလည်းမဟုတ်ပါဘူး။ ရှာဖွေသူ အသုံးချသူတွေအပေါ်မှာသာ မူတည်နေခြင်းဖြစ်ပါတယ်။ ဘာကို ရှာပြီး ဘယ်လိုအသုံးချနေသလဲဆိုတာပေါ်မှာသာ မူတည်နေတာပါ။ အချို့သောသူများက ငွေကြေးအပေါ်မှာ မြင်ကြသလိုပါပဲ။ အကောင်းမြင်တဲ့သူ အဆိုးမြင်တဲ့သူ အကောင်းအဆိုးမမြင်တဲ့သူ စသည်ဖြင့် လူအမျိုးမျိုးအထွေထွေကတော့ နေရာတကာမှာ ရှိမြဲဖြစ်ပါတယ်။ ငွေကြေးက ဘာမှ မလုပ်တတ်ပါဘူး။ ငွေကြေးကို အသုံးချတဲ့သူက ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ်မှာ မူတည်နေတာပါ။ ငွေကို အလှူအတန်းလုပ်တာလား။ KTV မှာ ဖြုန်းတာလားဆိုတာကတော့ ငွေကလုပ်တာမဟုတ်ရပါဘူး။ အသုံးချသူ ဒါမှမဟုတ် လူတွေကလုပ်နေတာမဟုတ်လား။ ဘာမှ မသိနားမလည်တဲ့ ငွေကြေးမှာတော့ ဘာမသိ ညာမသိ အပြစ်တင်ခံလိုက်ရ ချီးကျူးခံလိုက်ရနဲ့။ ဒီလိုပါပဲ ကမ္ဘာဆိုတဲ့ရွာကြီးကို အလွယ်တကူဆက်သွယ်သိမြင်နိုင်တဲ့ အင်တာနက်ကိုလည်း ရှာကြ ဖွေကြ လိမ်ကြ ပတ်ကြနဲ့ အင်တာနက်ရွာကြိးခမြာ ဘာမသိညာမသိ ချီးကျူးလိုက် အပြစ်တင်လိုက်နဲ့ ခံနေရတာပါပဲ။ အသုံးချသူ လူသားတွေက ဘယ်လိုအသုံးချတာလဲဆိုတာကို မတွေးမိပဲနဲ့ ဘာမသိညာမသိ အင်တာနက်ကို အပြစ်တင်ကြတာတွေ ချီးကျူးကြတာတွေကို မှန်တယ်လို့တော့ မထင်မိပါဘူး။
အင်တာနက်ရွာကြီးမှာ အမှိုက်တွေရှာနေသလား ရတနာရှာနေတာလားဆိုတာကတော့ အသုံးချသူကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ အင်တာနက်ရွာကြီးကတော့ သူ့မှာ ရှိသမျှ အန်ထုတ်ဖွင့်ပြပေးနေတာပဲ။ အမှိုက်တွေကို ရှာနေတဲ့သူဆိုရင် သူ့ဆီမှာ အမှိုက်တွေစုနေပါလိမ့်မယ်။ ရတနာရှာနေသူဆိုရင်တော့ ရတနာတွေစုနေမှာပေါ့။ ဒီတော့ အင်တာနက်မှာ ဘာရှာနေတာလဲဆိုတာက ကိုယ်တိုင်ပြန်မေးရမယ့် မေးခွန်းတစ်ခုပဲဖြစ်သလို ကိုယ်တိုင်ဖြေရမယ့် မေးခွန်းလည်းဖြစ်ပါတယ်။ ကိုယ်ရှာတဲ့အရာကို ပြတ်ပြတ်သားသားသိနေရပါမယ်။ လူအများစုက ကိုယ်ဘာလိုချင်တယ် ဘာကိုရှာနေတယ်ဆိုတာကို မသိကြပဲ ယောင်ဝါးဝါးဖြစ်နေတတ်လို့ပါ။ အင်တာနက်ဆိုတဲ့ရွာကြီးမှာ ကိုယ်လိုအပ်တာကို အချိန်မဆိုင်း စက္ကန့်ပိုင်းအတွင်း ရှာဖွေရရှိတတ်ပါတယ်(အ၀ိုင်းမလည်ရင်ပေါ့)။ စီးပွားရေးလုပ်ငန်းတွေ ပညာရေးသင်ကြား မှုတွေ ဆွေမျိုးမိတ်ဆွေတွေ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် အဆက်အသွယ်တွေလည်း လျင်မြန်လာ တယ်။ ကမ္ဘာ့တစ်ဖက်ခြမ်းစီမှာနေပေမယ့် ကိုယ်အနီးအနားမှာ ရှိနေသလို ခံစားနေရတယ်။ ဒါကိုအစွဲပြုပြီး ရွာတစ်ရွာလို့ သတ်မှတ်လာကြတယ်။ ရွာထဲမှာ ရှိနေသလိုထင်မှတ်နေကြရလို့ပဲဖြစ်မယ်။ အင်တာနက် ဆိုတာကြီးကတော့ သူကိုယ်တိုင် ဘာမှ ထမလုပ်နိုင်ပါဘူး။ အကောင်းရှာရင် အကောင်းတွေရမယ်၊ အစုတ်တွေရှာနေရင် အစုတ်တွေရမယ်။ သူလုပ်ပေးနိုင်တာက အမြန်ဆုံးလိုအပ်တာကို ဖော်ပြပေးနိုင်တာပါပဲ။
တနေ့က Facebook ပေါ်မှာ လက်ကိုင်ဖုန်းတွေထဲမှာ ညစ်ညမ်းကားတွေတွေ့ရင် ထောင်(၆)လ ချနိုင်တယ်ဆိုတဲ့ သတင်းတွေ ပလူပျံအောင်တက်လာတာတွေ့ရတယ်။ သတင်းအမှန် ဟုတ်မဟုတ်တော့ မသိဘူး။ အမှန်လည်းမဟုတ်နိုင်ဘူးထင်ပါတယ်။ အဲဒီမှာလည်း အချို့သောသူတွေက အင်တာနက်ကြောင့်ဆိုပြီး အပြစ်တင်ကြတယ်။ မုဒိန်းမှုတွေ ဖြစ်ကြတော့လည်း အင်တာနက်ကြောင့်ဆိုပြီး အပြစ်တင်ကြပြန်တယ်။ အင်တာနက်ကြီးက ဘာထလုပ်နေလို့ ပါလိမ့်ဗျာ။ ညစ်ညမ်းတာတွေကို လိုချင်သူအဖို့ ညစ်ညမ်းတာတွေကိုရှာဖွေနေလေတော့ အင်တာနက်မရှိလည်း ရှာမှာပါပဲ။ မုဒိန်းမှုကျူးလွန်ချင်သူအဖို့ အခွင့်အရေးကိုချောင်းပြီး ကျူးလွန်ဖို့ကြိုးစားနေမှာပါပဲ။ အင်တာနက်ကြီး ကတော့ မုဒိန်းမှု မကျူးလွန်လောက်ပါဘူး။ အင်တာနက်ပေါ်ကနေ လိမ်ညာနေသူတွေလည်း ထို့အတူပါပဲ။ အင်တာနက်ဆိုတဲ့ ရွာကြီးထဲမှာ ကိုယ်တိုင်က ဘာတွေရှာဖွေနေသလဲဆိုတာ ကိုယ်တိုင်သိရပါမယ်။ အွန်လိုင်းငွေရှာနေသူအဖို့ ချမ်းသာတာ မချမ်းသာတာ အသာထား ငွေကို ရှာဖွေနေတာဖြစ်လေတော့ ထိုက်သင့်တဲ့ငွေကြေးတော့ရနေကြပါလိမ့်မယ်။ နည်းတာ များတာကတော့ ရှိပေမပေါ့။ အလိမ်ခံရတယ်ဆိုရင် လည်း ကိုယ့်လောဘနဲ့ ကိုယ်ပါပဲ။ မတော်လောဘများလေလေ များများကုန်လေလေပဲ။ မတော်လောဘ ရှိသူကို လိမ်လို့ရမယ်ဆိုတာကို လိမ်တဲ့သူတွေက သိပ်နားလည်တာပေါ့။ မတော်လောဘမရှိတဲ့သူကို သွားလိမ်လို့မရတာ လည်း သူတို့သိတာပဲ။ ဒီတော့ အလိမ်မခံချင်ရင် ဘယ်နေရာ ဘယ်အချိန် ဘယ်ဒေသမှာပဲဖြစ်ဖြစ် မတော်လောဘ မထွက်မိစေနဲ့ပေါ့။ ဒါဆိုရင်အလိမ်ခံရနိုင်ချေ နည်းသွားတာပေါ့။
လူ့ဘ၀ကြီးမှာလည်း ကိုယ်လိုချင်တာကို ရှာရမှာ၊ ကိုယ်က ဘာကိုရှာနေတာလဲ? ဘာတွေကိုစုဆောင်း နေတာလဲ? ကိုယ်တိုင်သိဖို့လိုပါလိမ့်မယ်။ ဒါမှ ကိုယ့်အတွက် အချိန်ကုန်ရကျိုးနပ်ပါလိမ့်မယ်။ ကိုယ်ရှာဖွေတာတွေ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း များပြားလာမှာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ အမှိုက်တွေကို စုဆောင်းရှာဖွေနေသူဆိုရင်တော့ နှစ်အနည်းငယ်အတွင်းမှာပဲ အမှိုက်တွေ အများအပြားစုဆောင်းမိပါလိမ့်မယ်။ ပညာကို ရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ ပညာတွေစုဆောင်းမိပါလိမ့်မယ်။ ဒီလိုပဲ အချစ်ကိုရှာဖွေသူ၊ အမုန်းကိုရှာနေသူ၊ တရားကိုရှာနေသူ၊ မယားကိုဖွေရှာသူ အချိန်တစ်ခုမှာတော့ သေချာပေါက်ရပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်တိုင်ကလည်း ကိုယ်ရှာဖွေနေတဲ့အရာအကြောင်းကို မိတ်ဆွေအပေါင်းအသင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားရမှာပေါ့။ မပွင့်မလင်းနဲ့ ရှက်တာလိုလို၊ ကြောက်တာတာလိုလိုလုပ်နေမယ်ဆိုရင် လည်း ကိုယ်လိုချင်တာနဲ့ ရလာတာက တလွဲစီဖြစ်နေမှာ အမှန်ပါပဲ။ အချစ်ကို ရှာဖွေနေသူက အချစ်ကို မသိ ယောင်ဆောင်နေရင် ဒါကအမှားလုပ်တာလို့မြင်ပါတယ်။ ဒီလိုလူမျိုးက အပျိုကြီး လူပျိုကြီးပဲဖြစ်သွားလိမ့်မယ်။ သေသည်ထိ အချစ်နဲ့တွေ့မှာမဟုတ်ပါတော့ဘူး။ လူပျိုကြီး အပျိုကြီးများ ကိုယ်လိုချင်တာကို ပွင့်ပွင့်လင်းလင်း ပြောကြမယ်ဆိုရင် မိတ်ဆွေတွေက ၀ိုင်းဝန်းကူညီကြပါလိမ့်မယ်။ မကြာမီမှာပဲ ဆန္ဒနဲ့ဘ၀ ပူပူလောင်လောင်နဲ့ ပြည့်စုံသွားပါလိမ့်မယ်။ တလွဲတချော်မတွေးလေနဲ့နော်။ ကဲဗျာ စိတ်ထဲပေါ်သမျှ ရေးချင်တာတွေလည်း ထိုက်သင့်သလောက်ရေးပြီးသွားပြီမို့ တော်လောက်ပါပြီဗျာ။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-Aug-2018 စနေနေ့(Saturday)