ဘာမှမခက်ဘူး(No Hard)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်တို့တစ်တွေ Steemit Platform မှာ စာတွေ တောင်ရေးတင် မြောက်ရေးတင်လုပ်လာခဲ့ကြသည်မှာ နှစ်ဝက်ပင်ကျော်လာခဲ့ပေပြီ… ကိုယ့်ရဲ့အမည်ကဗ္ဗည်းလေးတစ်ခုကို Steemit မှာ ရေးခြစ်နိုင်ဖို့အတော်ကြိုးစား အားထုတ်နေကြရတယ်မဟုတ်လား… တစ်ပုစ်ကနေ နှစ်ပုဒ် ၊ နှစ်ပုဒ်ကနေ သုံးပုဒ် စသဖြင့် ရေးခြစ်လာခဲ့ကြတာ အတော်တောင်ကြာပါပကော… တကယ်တော့ ဘာရည်ရွယ်ချက်ရယ်လို့ သေချာမရှိကြပဲ စာတွေရေးနေကြခြင်းပဲ ဖြစ်ကြမယ်ထင်ပါတယ်…. သူများတွေတော့ မသိဘူးနော်… ကျွန်တော်ကတော့ Post တင်ရင် ပိုက်ဆံရတယ်ဆိုပြီး ရေးထားလို့ အဲဒါဆိုရင်တော့ ဖွဘွတ်ကြီးမသုံးတော့ဘူး… အဲဒီမှာပဲ post သွားတင်တော့မယ်ဆိုပြီး လုပ်လာရာက နေ အခုချိန်ထိ မြဲနေသေးတာပဲဗျို့… ကြာလေ ကြာလေ စာကိုဘယ်လိုရေးရမှန်းမသိဖြစ်နေတာတော့ ဟုတ်သေးဘူးပေါ့နော်… ခေါင်းစီးတစ်ခုရရင်တော့ အသေအချာရေးနိုင်ကြတာပေါ့… ရေးနိုင်တာမှ ပလူကိုပျံအောင်ရေးနိုင်ကြတာ…. ခေါင်းစီး ရှာမတွေ့တော့ ယောင်လည်လည်နဲ့ တစ်နေကုန်သွားတတ်ကြတာ ပေါ့… ကျွန်တော်လည်း ဒီလိုပါပဲလေ… စာစီစာကုံးတောင် ဖြောင့်အောင်ရေးခဲ့တာမှမဟုတ်ပဲ… စာတော့အတော်ဖတ်ခဲ့ဖူးတာပါ… ကာတွန်းတွေ သိုင်းဝတ္ထုတွေ အတော်ဖတ်ခဲ့တာဗျ… ဘာသာပြန်တော့ နာမည်တွေလိုက်မှတ်ရတာပျင်းလို့ ဖတ်ဖူး…
Image from google
ကျွန်တော်တို့တစ်တွေ သေချာမှတ်သားခြင်းမရှိလို့ စာမရေးနိုင်တာဖြစ်မယ်ဗျို့… စာရေးနိုင်ချင်ရင်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်သမျှလေးတွေကို သတိထားကြည့် သေချာမှတ်သားထားမယ်ဆိုရင် သေချာပါတယ် ကျွန်တော်တို့ စာရေးနိုင်မယ်ဆိုတာ… ဘာကြောင့်အဲလိုပြောနိုင်သလဲဆိုတော့ သူများတွေစာလိုက်ဖတ်ကြည့်လို့ပြောနိုင်တာဗျ… စာရေးဆရာကြီးတွေ ရေးခဲ့တာစာတွေ အခြားအခြားသော သူများရေးထားတဲ့စာတွေကို လိုက်ဖတ်ကြည့်တော့ သူတို့အနေနဲ့တွေ့ကြုံတာလေးတွေကို မှတ်မှတ်သားသား လုပ်ထားခဲ့ကြလို့ဆိုတာ တွေ့တယ်ဗျို့… အခု Steemit မှာ ကျွန်တော်တို့ရေးထားသမျှကို လိုက်ဖတ်ကြည့်မယ်ဆို ရင် မြင်တာတွေ ကြားတာတွေ သတိပြုမိတာတွေကိုပဲ ရေးထားကြရတာပဲ… ဒီတော့ ကျွန်တော်တို့လည်း လုပ်မိသမျှ မြင်မိသမျှ ကြားမိသမျှလေးတွေကို သေချာမှတ်သားထားပြီး ရေးရင်ဖြစ်တာပဲမဟုတ်လား… မြင်ရင် မြင်တာကို သေချာမှတ်မယ်… ကြားရင် ကြားတာကိုသေချာမှတ်မယ်… သိတာကို သေချာသိအောင်မှတ်မယ်….. အဲ ၀ိပဿနာသင်တန်းပေးနေတယ်မှတ်နေကြအုံးမယ်… စာရေးဖို့မှတ်ကြရတာကို ပြောနေတာပါဗျာ…. တော်ကြာ ၀ိပဿနာသင်တန်းပေးနေတယ်ထင်အုံးမယ်... ၀ိပဿနာက ဘာဆိုတာတော့ သေချာမသိဘူး... စာကတော့ ရေးရင်း ရေးရင်း နဲ့ အတော်သိနေပြီ ထင်တာပဲ... ထင်တာပြောတာနော်... စာရေးဆရာတွေဆိုရင်တောင် ဒီလို တောက်လျောက်ရေးနေဖို့ဆိုတာ အတော်မလွယ်တဲ့အလုပ်ပဲလေ.... ကျွန်တော်တို့အနေနဲ့ဆို အတော်အပင်ပန်းခံနိုင်မှ ရေးနိုင်လိမ့်မယ်ထင်တယ်ဗျ... တချို့ဆို အတော်တော်ကြပါပေတယ်ဗျာ... အခန်းဆက်တွေကို အရှည်ကြီး ရေးနိုင်တယ်... ကျွန်တော်တော့အခန်းဆက်မပြောနဲ့ တစ်ခန်းရပ်တောင် အနိုင်နိုင်ရေးနေရတယ်... အလျင်မမှီဘူးဗျို့...
Image from google
အကုန် အကုန် ရေးစရာတွေ အပုံ အပုံ ရှိတယ်…. မှတ်မှတ်သားသားဖြစ်ဖို့ပဲလိုတယ်… ငယ်စဉ်က သူငယ်တန်း တုံးကအကြောင်းကို ရေးချင်ရင် ရေးလို့ရတယ်… မှတ်မိတယ်ဆိုရင်ပေါ့လေ… ညအခါ လမင်းကြီးသာတဲ့အချိန် ကြည်နူးစွာမော့ကြည့်ရင်း အောက်က နွားချေးပုံနင်းမိတဲ့အကြောင်းလည်း ရေးလို့ရတယ်… မှတ်မိဖို့ မှတ်သားထား ဖို့ပဲလိုတာပါ… ကုန်ကုန်ပြောရရင် ထမင်းစားနေတာတောင် စာဖွဲ့ရေးပစ်လိုက်လို့ရပါတယ်လေ… ဒီနေ့ ငါးဟင်းနဲ့ ထမင်းစားတယ်… ချဉ်ရည်လေးတောင်ပါသေး… ထမင်းကမာလို့ စသည် စသည် အဲလို အဲလို ရေးကြည့်ကြပါ လေ…စာရေးဖို့ဆိုရင် အဓိကအနေနဲ့က ကိုယ်တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာလေးတွေ သတိထား ၀ီရိယစိုက် ပညာနဲ့ကြည့် အဲ ၀ိပဿနာနဲ့မရောနဲ့နော် စာရေးတာကို ပြောနေတာ…. အဲလိုအတွေ့အကြုံလေးတွေကိုရေးရင်း သဘောကျတယ် သဘောမကျဘူး ကြည်နူးမိတယ် စသဖြင့် ထပ်ထည့်ရေးရင် အဆင်ကိုပြောရော… စာကြောင်း လေးတွေကိုလည်း တိုတို ရှင်းရှင်း နားလည်အောင်ရေးပေါ့လေ…. ခက်သလား… ခက်ဘူးလို့တော့ထင်ပါတယ်… မရေးရင် ဘာမှမပေါ်လာဘူး…. ရေးမှပေါ်လာမယ်… အတွေး စိတ်ကူးလေးတွေပြောတာ… တခြားမတွေးနဲ့နော်… စာမေးပွဲ မအောင်ခဲ့ရတဲ့အကြောင်း ဒါမှမဟုတ် စာမေးပွဲအောင်မြင်ခဲ့တဲ့အကြောင်း ရေးပေါ့… စာမေးပွဲတော့ ဖြေဖူးကြမယ်ထင်ပါတယ်… ဟုတ်တယ်မလား…. စာမေးပွဲမအောင်လို့ ငိုလိုက်ရတာ နှာရည်တွေကိုထွက်လို့ ထမင်းထွက်မစားဘဲ ခေါက်ဆွဲတွေပဲ ခိုးဝယ်စားတယ်ဆိုတဲ့အကြောင်းလေးတွေရေး ရီတောင်ရီရသေးနော…
Image from google
အခုတောင် ရေးရင်း ရေးရင်းနဲ့ post တစ်ခုရသွားပြီ… စာရေးနေရသမျှတော့ စာလုံးပေါင်းလေးတွေကိုလည်း တတ်နိုင်သမျှမှန်အောင် ကြိုးစားသင့်တယ်ဗျ… ကျွန်တော်တို့ အခုတင်လိုက်တဲ့ post တွေက ပျက်သွားမှာမဟုတ် သလို (၇)ရက်ကျော်သွားရင် ပြန်ဖျက်လို့လည်းမရတော့ဘူးလေ… နောင်တစ်ချိန် ကိုယ့်ရေးထားခဲ့တဲ့စာတွေကို ကိုယ့်သားသမီး မြေးမြစ်တီတွတ် စသဖြင့် ဖတ်ကြည့်မိရင် ရီစရာမဖြစ်အောင် ကြိုးစားရေးရမယ်ဗျ… မှားနေတာ တွေ့ရင်လည်း အချင်းချင်း လက်တို့ပြီးတော့ ပြောပေးလိုက်ကြပါ… ဒါမှလည်း အမှန်ကို ပြင်နိုင်မယ်… အမြဲလိုလို စာရေးတဲ့သူက စာတွေကို သေချာစစ်ပြီး ရေးကြတာမဟုတ်ကြလေဘူးလေ… ဒီတော့မှားတဲ့အခါလည်း မှားပေ မပေါ့… မှားတာကို ဒီအတိုင်းထားရင် ဖတ်ရတာ အဆင်မပြေဖြစ်တတ်တယ်လေ… ဒီတော့ပြင်နိုင်အောင် အသိပေး ကြပေါ့… သူငယ်ချင်း မင်းရေးထားတဲ့ ဒီစာလေးက ဟိုနေရာမှာ စာလုံးပေါင်းမှားနေတယ်… အဲလိုလေး အဲလိုလေး… တကယ်လို့ ဆဲရင်လဲခံလိုက်ကြပါလေ… နောင်တစ်ချိန်တော့ ကျေးဇူးတင်ပါလိမ့်မယ်… မြန်မာစာကို မြန်မာလူမျိုးတွေကမှ အလေးမထားရင် အခြားသူတွေဆိုတာက ထည့်တောင်မပြောနဲ့တော့… လှည့်တောင်ကြည့် မှာမဟုတ်ဘူးမလား…
Image from google
ရွာကအကြောင်းလေးတွေကို သတိရတဖြစ်နေတာလည်း အတော်ကြာပါပြီ… ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို မှတ်မှတ်သားသားမရှိထားတော့ ဘယ်ကစ ဘယ်လိုရေးရမှန်းမသိဖြစ်နေတာ… မရရအောင်တော့ ရေးအုံးမယ်ဗျို့… ကျေးလက်ဆိုတာ အင်မတန်သာယာတာကလား… ဒါ့အပြင် လေကောင်းလေသန့်ဆို ဘာ သန့်သလဲမမေးနဲ့… မြို့ပြအရိပ်မှာ ရူရတဲ့ လေနဲ့များ တခြားစီ… နေ့စဉ် ရှုနေရတဲ့လေတွေက ကျေးလက်တောရွာ လေးတွေကို ရောက်သွားမှ သန့်ရှင်းမှုမရှိမှန်း သိသာလာတယ်ဗျာ… အလကားရတဲ့ အောက်စီဂျင်ကိုတောင် ကျွန်တော်တို့မြို့ပေါ်မှာ အချို့သော လူတွေက ပိုက်ဆံနဲ့ဝယ်ရှုနေကြရသေးတယ်… ဒါတောင် အပြည့်အ၀မရူနိုင် … အလကားရတဲ့ အောက်စီဂျင်ခေါ်တဲ့ လေကို ဘယ်လိုလူတွေကများ ၀ယ်ရူနေကြတာလဲလို့ မေးချင်ကြလိမ့်မယ် ထင်တယ်… လူနာတွေပေါ့ဗျာ… သူတို့အတွက် အသက်ရူရတာခက်ခဲနေကြပြီလေ… မြင်ဖူးကြမှာပေါ့… အောက်စီဂျင်ပိုက်တန်းလန်းလေးတွေနဲ့… မြင်ရသူရ စိတ်မကောင်းစရာပေါ့… ကဲ ကဲ ပေါက်တတ်ကရလေးတွေ တော့ရေးပြီးသွားပါပြီ… post တင်လိုက်ပါအုံးမယ်ဗျ… အားပေးသွားကြပါအုံး… နောက်များကြုံရင်တော့ ရွာအကြောင်းလေးတွေ ရေးတင်အုံးမဗျို့…. ခုတော့ နားပါအုံးမယ်…
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-Feb-2018 ဗုဒ္ဓဟူးနေ့(Wednesday)