ဘာကြောင့်သင်ယူကြတာလဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
သင်ယူခြင်းဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားမိတော့ ဘာကြောင့်သင်ယူကြတာလဲဆိုတဲ့မေးခွန်းလေးပေါ် လာပါတယ်။ ဒါကြောင့်လဲ ဘာကြောင့်သင်ယူကြတာလဲ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စာရေးမိတာပါ။ သတ္တ၀ါတွေဟာ အူဝဲဆိုပြီး မွေးကာစကစပြီး သင်ယူခြင်းကို စတင်ခဲ့ကြပါတယ်။ သင်ယူခြင်းတွေ ဘယ်အချိန်မှာ အဆုံးသတ်သွားတာလဲ။ တကယ်တော့ သင်ယူခြင်းဆိုတာက သေသာသေသွားတယ် သင်ယူမှုတွေ မပြီးပြတ်သွားတတ်ကြပါဘူး။ အသစ်တွေ အသစ်တွေ ဆက်ကာ ဆက်ကာ သင်ယူနေကြပါတယ်။ သင်ယူတယ်ဆိုလို့ စာသင်ကျောင်းမှာ စာသင်တဲ့ကိစ္စကိုသာ ပြောဆိုခြင်း မဟုတ်ပါ။ သင်ယူစရာနေရာဆိုတာကလည်း စာသင်ကျောင်းတစ်ခုသာ ရှိနေတာမဟုတ်ပါဘူး။ နေရာတိုင်းမှာ သင်ယူစရာတွေ အများအပြားရှိနေပါတယ်။ ငယ်စဉ်ကတည်းက မိခင် ဖခင် ဆွေမျိုး အသိုင်းအ၀ိုင်းများထံမှ လူမှုပေါင်းသင်းဆက်ဆံရေးများကို စတင်သင်ယူခဲ့ကြပါတယ်။ မိခင် ဖခင်တို့ကို ကြည့်ပြီး အတုခိုးကြပါတယ်။ အဲဒီနောက် စာသင်ကျောင်းမှာ စာတွေသင်ကြပါတယ်။ ကျောင်းအားလပ်ချိန်များမှာ အခြားသော အတတ်ပညာများ(ပန်းချီ၊ ဒီဇိုင်း၊ အားကစား၊ ယဉ်ကျေးမှု) သင်ယူခဲ့ကြပါတယ်။ အဲဒီလိုနဲ့ အချို့လည်း ဘွဲ့ရသည်အထိ၊ အချို့လည်း ကျောင်းပညာတစ်ပိုင်း တစ်စနဲ့ ကျောင်းကထွက် အသက်မွေးဝမ်းကျောင်းကြခဲ့ကြပါတယ်။
ကျောင်းပညာကို ဘွဲ့တစ်ခုရအောင်သင်ကြားခဲ့ရသော အသိပညာ အတတ်ပညာ၊ ဘွဲ့မရရှိတော့ပဲ အပြင်လောကတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင် သို့ရောက်ရှိသွားကြရာတွင် သင်ကြားခဲ့ကြ ရသော အသက်မွေးဝမ်းကျောင်း အတတ်ပညာ တို့သည် အဘယ်အတွက် သင်ကြားခဲ့ကြပါသလဲ။ သင်ကြားတတ်မြောက်ထားသော အသိပညာ၊ အတတ်ပညာတို့အား အသုံးချခွင့်ရရှိကြပါသလား။ အသုံးချခွင့်ရရှိနေပါသော်လည်း အသုံးချဖြစ်ပါသလား။ စသည့်မေးခွန်းများအား မထင်မှတ်ပဲ ခေါင်းထဲ ပေါ်လာပါတယ်။ ပညာမည်မျှတတ်ပါသော်လည်း ထိုတတ်ထားသောပညာများအား အသုံးချပါမှ အသုံးကျပါမည်။ အသုံးမချလျင် ပညာသာမဟုတ်၊ မည်သည့်အရာမှ အသုံးမကျပါ။ တူတစ်လက်အား ၀ယ်ယူထားပြီး မှန်ဘီရိုထဲထည့်သိမ်းထားခြင်းသည် တူ ကို အသုံးမချသင့် ထိုပစ္စည်းသည် အသုံးမကျ သောပစ္စည်းတစ်ခုသာဖြစ်မယ်။ လူသားတို့ပညာသင်ကြားခြင်းသည် အသုံးချရန်အတွက် သင်ကြား ကြခြင်းသာ ဖြစ်မည်ထင်ပါတယ်။ သငကြာ်းထားပြီး အသုံးမချခြင်းဟာ မတတ်သောသူနှင့်ဘာမှ မခြားနားပါ။ မျက်စိပါလျက်မကြည့်ခြင်းသည် မျက်ကန်းနှင့်အတူတူပင်။ အသုံးချမှ အသုံးကျမှုာ မဟုတ်လားဗျာ။ ဒီတော့ အသုံးချပေးသင့်ပါတယ်။
အသုံးချဆိုတဲ့အခါမှာလည်း ဘယ်လိုအသုံးချသင့်သလဲ။ ကောင်းတဲ့နေရာ လူအများအတွက် အကျိုးရှိတဲ့နေရာမျိုးမှာ အသုံးချသင့်တယ်လို့ထင်ပါတယ်။ ပြင်ပလောကမှာ အသုံးချတတ်ရပါမယ်။ သင်ကြားလေ့ကြရခြင်းရဲ့ အဓိကရည်ရွယ်ချက်က တကယ့်လူ့လောကမှာ အသုံးချနိုင်အောင် လို့လည်း ထင်ပါတယ်။ ကျောင်းမှာ သင်ကြားခဲ့တဲ့စာတွေက လက်တွေ့ အပြင်လောမှာ အသုံးချတဲ့အခါ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ခဲ့ရတာတွေဖြစ်နိုင်ပါတယ်။ တခါတလေ စာတွေ့နဲ့ လက်တွေ့ မကိုက်ညီတာတွေကို အသုံးချတဲ့အချိန်မှသာ သိခွင့်ရှိပါတယ်။ လက်တွေ့ အသုံးချခြင်း မပြုသူအတွက် စာတွေ့ကသာ အမှန်ဖြစ်တယ်လို့ထင်နေမှာပါပဲ။ စာတွေ့က အသုံးမကျလို့မယူဆ လိုက်ပါနဲ့။ လိုအပ်ချက်တွေကို ညှိနှိုင်းအဖြေရှာရာမှာလည်း စာတွေ့ကလိုအပ်ပါတယ်။ ဘာပြောပြော ပညာတွေကို အချိန်ကုန်ခံသင်ကြားရ၊ ငွေကုန်ခံသင်ကြားရ၊ အပင်ပန်းခံသင်ကြားရခြင်းက ပြန်လည် အသုံးချရန်အတွက်ပဲ ဖြစ်ပါတယ်။ ဒီတော့ အသုံးကျအောင် အသုံးချပေးကြရပါမယ်။ အသုံးချတဲ့အချိန်မှာလည်း ကျွမ်းကျင်မှုရှိလေ အဖိုးတန်လေပါပဲ။ ကျွမ်းကျင်မှုမရှိပဲနဲ့ အလုပ်လုပ်နေရင် လူတွေရဲ့ ယုံကြည်မှုကင်းမဲ့ခြင်းတွေကို ရရှိလာတတ်ပါတယ်။ ဒီတော့ ကျွမ်းကျင်မှုရှိအောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။
ယခုအခါတွင် အများစုတို့သည် တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ သင်တန်းမှန်သမျှ ပိုက်ဆံပေးလိုက်တက်၊ သင်တန်းဆင်းလက်မှတ်ရပြီးရော၊ အမှန်တကယ်တတ်ကျွမ်းကျင်မှုတော့ မရှိတာသေချာပါတယ်။ အလုပ်လျောက်တဲ့အခါမှာလည်း ခန့်တဲ့လူတွေက လက်မှတ်ကိုသာကြည့်ပြီး ခန့်တယ်။ တကယ်တတ်လား မတတ်လား မစစ်ဆေး၊ မစမ်းသပ်ကြတာလည်း တွေ့ရပါတယ်။ တစ်ခါက ကျွန်တော့်အစ်ကိုလိုခင်သော သူငယ်ချင်းတစ်ယောက်က ကာလာဖလင်ခွဲပေးရသောနေရာ တွင် တာဝန်ယူထားသည်ဖြစ်ရာ ကုမ္ပဏီများမှ ကွန်ပျူတာနှင့်ပတ်သက်သော အလုပ်ခေါ်ပါက အကူ အညီပေးရလေ့ရှိပါတယ်။ အဲဒီလို အကူအညီတောင်းလို့ စာစီ စာရိုက်အတွက် စာမေးပွဲစစ်ပေးရာတွင် သတင်းစာ ဖြတ်ပိုင်းမှ ဆောင်းပါးတစ်ပုဒ်အား လာရောက်ဖြေဆိုသူများအား နာရီဝက်အချိန်ပေးကာ ရိုက်ခိုင်းခဲ့ပါတယ်။ ထိုစာရိုက်ခိုင်းပြီး ထိုင်ခုံမှ စောင့်ကြည့်နေရာ ငါးမိနစ်ခန့်ကြာသည်အထိ စာရိုက်သည်ကိုမတွေ့သောကြောင့် စာရိုက်ပြီးပြီလား မေးရာ မပြီးသေးကြောင်း ပြန်ပြောကြရာ ထိုင်ရာမှထကာ သွားကြည့်ရာ စာရိုက်ရန်မဆိုထားနှင့် ကွန်ပျူတာများတစ်လုံးမှပင် ဖွင့်ထားခြင်းမရှိပေ။ ကွန်ပျူတာဖွင့် စာရိုက်လေဟု ပြောတော့ ကွန်ပျူတာ မဖွင့်တတ်ကြောင်း အားလုံးက ပြန်ပြောရာ မျက်လုံးပြူးကာ အံ့သြတကြီးမေးမိတယ်တဲ့။ ကွန်ပျူတာမဖွင့်တတ်ပဲနဲ့ စာရိုက်တဲ့နေရာကို ဘာလို့လာလျောက်ကြတာလဲ၊ သင်တန်းဆင်းလက်မှတ်တွေကလည်း အဆင့်မြင့် တွေပဲလို့ မေးတော့ ကွန်ပျူတာဖွင့်ထားရင်တော့ စာရိုက်တတ်ပါတယ် လို့ပြန်ဖြေသဖြင့် ကွန်ပျူတာများကို လိုက်လံဖွင့်ပေးခဲ့ရပါတယ်တဲ့။ အဆုံးသတ်တိုက်တွန်းလိုတာကတော့ ပညာတွေကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လူအပင်ပန်းခံပြီးသင်ကြားခဲ့ကြရပါတယ်။ အမှန်တကယ် တတ်ကျွမ်းအောင်သင်ကြားကြပြီး လက်မှတ်လေးတစ်ခုရပြီးရောဆိုတဲ့ စိတ်မျိုးနဲ့ မသင်ကြားသင့်ပါဘူး။ သင်ကြားလိုတဲ့ ရည်ရွယ်ချက်ကလည်း ဘာလဲဆိုတာကို နားလည်ထားသင့်ပါ တယ်။ သင်ထားပြီးရင် မေ့မသွားအောင် ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့် အသုံးချသင့်ပါတယ်။ လေ့ကျင့်တတ်ကျွမ်းထားပြီးတဲ့ပညာကိုလည်း မိမိတို့လုပ်ငန်းခွင်၊ လူ့အသိုင်းအ၀ိုင်းမှာ အသုံးကျ အောင် အသုံးချနိုင်ကြပါစေလို့ ရေးသားတိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-May-2018 စနေနေ့(Saturday)