ဘယ်အသံပိုင်ရှင်လဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ နေ့စဉ်နေ့တိုင်းမဟုတ်ပေမယ့် မကြာခဏ ဒုက္ခဆိုတာနဲ့ တွေ့ကြုံနေ ကြရပါသည်။ အချို့က ဒုက္ခဆိုတာကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြသကဲ့သို့ တချို့က ဖြေရှင်းခြင်းမပြု ပုန်းအောင်းရှောင်တိမ်းနေတတ်ကြပါသည်။ ထိပ်တိုက်ရင်ဆိုင်တဲ့သူက လူနည်းစုသာဖြစ်မည်ထင်ပါ သည်။ ရှောင်တိမ်းပုန်းအောင်းနေကြတဲ့သူက ပိုများပြားပါလိမ့်မည်။ ရှောင်တိမ်းပုန်းအောင်းခြင်းသည် မှန်ကန်သော ဒုက္ခဖြေရှင်းနည်းမဖြစ်နိုင်ပါချေ။ ရှောင်တိမ်းပုန်းအောင်းလေလေ ဒုက္ခပိုများလာလေလေ ဖြစ်တတ်ပါသည်။ ထိပ်တိုက်ဖြေရှင်းခြင်းကသာ မှန်ကန်မည်ဟုလည်း ထင်ပါသည်။ ထိပ်တိုက်ဖြေရှင်း လျှင် တစ်ကြိမ်သာ ဖြေရှင်းရမည်ဖြစ်ပြီး ပုန်းအောင်းရှောင်တိမ်းခြင်းက ဒုက္ခကို အကြိမ်ကြိမ်ဖြေရှင်း ရတတ်ပါသည်။ ဒုက္ခဆိုသည်မှာလည်း တခါတရံ အခွင့်အရေးဖြစ်တတ်ပါသေးသည်။ ခံယူသည့် အပေါ်တွင် မူတည်မည်ထင်ပါသည်။ ဒုက္ခဆိုသည်မှာ ပြင်းထန်သော နေမင်း၏ရောင်ခြည်ကဲ့သို့ပင် ဖြစ်ပါသည်။ ပြင်းထန်သော နေရောင်သည် နွားနို့ကဲ့သို့သောအရာများကို ပျက်စီးသွားစေနိုင်ပြီး သစ်သီး သစ်နှံများအား ရင့်မှည့်စေပါသည်။ နေမင်း၏ အပူရှိန်သည် နွားနို့ကဲ့သို့သောအရာများအား ချဉ်သွားစေနိုင်ပြီး သစ်သီး သစ်နှံတို့အား ချိုမြိန်သွားစေပါသည်။ အပူရှိန်ကို အတူတူခံကြရသည့် အရာဝတ္ထုများဖြစ်သော်လည်း ပင်ကိုသဘာဝ ကွဲပြားသောကြောင့် ပျက်စီးသွားရသည့်အရာ နှင့် ကောင်းမွန်ချိုမြိန်သွားရသောအရာ ကွဲပြားသွားတတ်ပေသည်။ ချိုမြိန်သော သစ်သီးများသာ ဖြစ်စေချင်ပါသည်။


01.png


ယခုအချိန်တွင် ဒုက္ခရောက်နေသည်ဟု မိမိကိုယ်ကိုယ် မှတ်ယူထားသူများရှိကြမည်ဆိုပါက မည်သည့် အတွက် ဒုက္ခဖြစ်နေရပါသနည်း။ ဒုက္ခတစ်ခုတည်းသာဖြစ်နေပါသလား။ သို့တည်းမဟုတ် တစ်ခုထက် ပိုသော ဒုက္ခများဖြစ်နေကြပါသလား။ ဖြစ်သမျှ ဒုက္ခအားလုံးကို စာရွက်တစ်ရွက်ပေါ် ချရေးကြည့်ပါ။ ထို့နောက် စဉ်းစား ဆင်ခြင် သုံးသပ် ဖြေရှင်းရန်နည်းလမ်းရှာကြည့်ပါက ဒုက္ခသည် ဘာမှ မဟုတ် အတုအယောင်သာများနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ဒုက္ခအများစုသည် မိမိ၏ စိတ်အတွင်းတွင်သာ မိမိထင်မြင်ချက်ဖြင့် ဒုက္ခဖြစ်နေသည်က ပိုမိုများပြားမည်ထင်ပါသည်။ မဖြစ်သေး သောအရာ၊ မသိသောအရာတို့အတွက် ပူပန်ခြင်းများက စိတ်တွင် နေရာယူမှုများပြားနေမည်သာ ဖြစ်ပါသည်။ မနက်ဖန်၊ သဘက်ခါ ဟိုလူနဲ့ မတွေ့လို၊ ဒီလူနဲ့မတွေ့လို စသည်ဖြင့် တစ်ဖက်ကိုမသိပဲ မိမိစိတ်တွင် ကောက်ချက်ဆွဲ ဒုက္ခများနေကြရပါသည်။ ကျန်းမာရေးချို့ယွင်းမှုကြောင့်ဖြစ်ပေါ်နေသော ဒုက္ခများကိုတော့ မဆိုလိုပါ။ ဒုက္ခဆိုသည့်အရာ အတော်များများသည်လည်း မိမိတို့ကိုယ်တိုင် ဖန်တီးခဲ့ ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သည်ကိုလည်း မေ့လျော့နေတတ်ပါသည်။ ဥပမာအားဖြင့် အချစ်ကို လိုက်ရှာခဲ့သောကြောင့် နောင်တစ်ချိန်တွင် ဒုက္ခနှင့်တွေ့ကြုံသောအခါ မိမိကိုယ်တိုင် ရှာခဲ့သော အချစ်ကပင် မိမိကိုပြန်လည်ဒုက္ခပေးနေသည်ကို မေ့လျော့ကာ အခြားအရာတို့အား အပြစ်တင်နေ တတ်ကြပါသည်။ ဒုက္ခများထဲတွင် အကြီးဆုံးသော ဒုက္ခသည် အသက်ဘေးအန္တရာယ် ကျရောက်နေသော ဒုက္ခသာ ဖြစ်မည်ထင်ပါသည်။ ဒုက္ခတွေများလှပါသည်ဟု ငြီးငြူနေသောသူများအနေဖြင့် ဘယ်လောက်များသနည်းဟု သိရှိရန် ဒုက္ခဖြစ်နေသည်ဆိုသော အရာများအား ချရေးကြည့်လျှင်သိနိုင်မည်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ချရေးမကြည့်ကြပါသနည်း။ မည်သို့ပင်ဖြစ်စေ ဒုက္ခအား လက်သင့်မခံပဲ တစ်စစီဖြစ်အောင် ချေမှုန်းသင့်ပါသည်။


03 copy.png


ဘ၀ခရီးကို လျောက်လှမ်းကြရာတွင် စိတ်ဓာတ်ခိုင်မာကြံ့ခိုင်ခြင်း၊ မှန်မှန်ကန်ကန်ရှုမြင်တတ်သော အသိဥာဏ်ရှိခြင်းတို့သည် အလွန်အရေးကြီးမည်ပါသည်။ ခိုင်မာသောစိတ်ဓာတ်မရှိလျင် စိတ်ပျက်လွယ်မည်ဖြစ်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသောသူများပင် အများအပြား ရှိပါသည်။ ထိုသို့ သတ်သေသွားကြခြင်းသည်လည်း မှန်ကန်သောအသိဥာဏ်ဖြင့် မကြည့်မြင်နိုင်သော ကြောင့်သာ ဖြစ်ပါသည်။ ဓိတ်ဓာတ်ကြံ့ခိုင်ခြင်း နှင့် မှန်ကန်သော အသိဥာဏ်သည်လည်း ဆက်စပ်နေ မည် သာဖြစ်ပါသည်။ စိတ်ဓာတ်မကြံ့ခိုင်သူသည် မှန်ကန်သော အသိမရှိနိုင်သလို မှန်ကန်သော အသိမရှိသူသည် စိတ်ဓာတ်မကြံ့ခိုင်နိုင်ပါ။ ဒီဘ၀မှာဖြင့် ဒီမျှသာဆိုကာ လက်လျော့သွားသူများလည်း ရှိသကဲ့သို့ ဒီဘ၀မှာ ဒါလိုအဆင့်က ငါနဲ့ဘာမှမဆိုင်ဘူးဆိုသူများလည်း ရှိမည်ဖြစ်ပါသည်။ ထိုအရာတို့သည် ခံယူသည့်သူ၏ အခြေခံစိတ်ဓာတ်ခိုင်မာမှု၊ မှန်ကန်သောအသိဥာဏ်ရှိမှုတို့နှင့် ကွဲပြားသွားမည်ဖြစ်ပါသည်။ ထိုသို့ကွဲပြားသွားသလို ဘ၀လမ်းခရီးတို့သည်လည်း ခြားနားသွားကြ မည်ဖြစ်ပါသည်။ စိတ်ဓာတ်ခိုင်မာမှု မရှိသူတို့သည် ဘ၀တွင်ကျရှုံးသွားကြပြီး စိတ်ဓာတ်ခိုင်မာသူ တို့သည် အောင်မြင်သောဘ၀ကို ပိုင်ဆိုင်သွားကြလေသည်။ စိတ်ဓာတ်ခိုင်မာသူတို့သည် မိမိတို့၏ လိုအင်ဆန္ဒများဖြစ်တဲ့ ဖြစ်ချင်စိတ်၊ ရယူလိုစိတ်၊ ဘ၀အောင်မြင်လိုစိတ်တို့ကို အသိဥာဏ်၏ အကူအညီရယူကာ ယုံကြည်မှု ခိုင်မာကြပါသည်။ ခိုင်မာသော ယုံကြည်မှု၊ ခိုင်မာသောဆုံးဖြတ်ချက်၊ တည်ကြည်သော အသိဥာဏ်တို့ဖြင့် ဘ၀ခရီးအား လျောက်လှမ်းကြသည်ဖြစ်ရာ အောင်မြင်ကြသောသူ အများအပြားပင်ရှိပါသည်။


02 copy.png


လူတိုင်း လူတိုင်း အမြဲလိုလိုကြားဖူးကြသော စကားများ၊ လူအများစုပြောတတ်သော စကားများအား နေ့စဉ် နေရာအနှံ့တွင် ကြားရတတ်ပါသည်။ ထိုစကားများသည် “ဖြစ်ကို ဖြစ်ရမယ်” ဆိုတဲ့စကားသံ၊ “ဖြစ်မှဖြစ်ပါ့မလား” ဆိုသောစကားသံ နှင့် “ဖြစ်မှာ မဟုတ်ပါဘူး” ဆိုသော စကားသံ သုံးမျိုးဖြစ်ပါ သည်။ မိတ်ဆွေတို့သည် ပထမအသံကို ပြောဆိုတတ်တဲ့ အမျိုးအစားလား၊ ဒုတိယလား၊ တတိယလား မိမိကိုယ်တိုင် ဆန်းစစ်ကြပါကုန်။ ထိုစကားသံသုံးမျိုးတွင် ခံယူသူတို့၏ ဆန္ဒသဘောများ ပါနေမည်ဖြစ်ပါသည်။ ပထမအသံကို ကြွေးကြော်ပြောဆိုတတ်သောသူတို့သည် အောင်မြင်မှု ရရှိနိုင်ရန် အခွင့်အလမ်းများသူများဖြစ်ပေသည်။ ထိုသူတို့သည် အောင်မြင်သူဖြစ်နိုင်ပါသည်။ အောင်မြင်သူဖြစ်မည်ဟု မဆိုလိုပါ။ လက်တွေ့လုပ်ဆောင်မှုကလည်း လိုအပ်သည်ဖြစ်ရာ ကြွေးကြော်ပြီး မလုပ်ဆောင်သူများအနေဖြင့်လည်း အောင်မြင်နိုင်မည်မဟုတ်ပါ။ ဒုတိယ အသံကို ပြောဆိုတတ်သောသူတို့သည် အောင်မြင်မှုကို လက်ခံရန် ကြောက်ရွံ့နေသူ၊ လွဲချော်နေသူ များဖြစ်နိုင်ပါသည်။ နောက်ဆုံး တတိယအသံကို ပြောဆိုတတ်သူတို့သည် စစ်မဖြစ်မီက မြှားကုန်နေသူများဖြစ်ရာ အောင်မြင်မှုဆိုသည်မှာ သူတို့နှင့်မဆိုင်တော့ပေ။ မည်သည့်ကိစ္စကိုမမျှ မလုပ်ရသေးခင်မှာပင် တတိယအသံရှင်တို့သည် မဖြစ်နိုင်ပါဟု ပြောဆိုနေသောကြောင့် မည်သည့် အလုပ်ကိုမျှလည်း သေချာစွာလုပ်ကြတော့မည်မဟုတ်သည်မှာလည်း သေချာသလောက်ဖြစ်ပါသည်။ ချစ်မိတ်ဆွေအားလုံး မည်သည့်အသံကို ကြွေးကြော်နေကြသည့် အသံပိုင်ရှင်များဖြစ်ကြပါသနည်းဟု မိမိကိုယ်တိုင် ဆန်းစစ်နိုင်ကြပါစေ ပထမအသံရှင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့တိုက်တွန်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-Jun-2018 အင်္ဂါနေ့(Tuesday)