ဘယ်လမ်းရွေးမလဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


သတ္တ၀ါများ စုဝေးနေထိုင်ကြရာလောကကြီးတစ်ခုလုံးတွင် ကျွန်တော်တို့လူသားများနေထိုင်ရာ လူ့လောကကြီးသည် ရွေးချယ်စရာများ အများအပြားပင်ရှိပါသည်။ ရွေးချယ်ရန်မှာ လူသားတို့၏ တာဝန်သာဖြစ်ပါသည်။ ရွေးချယ်ခဲ့သောအရာများအား ပိုင်ဆိုင်ပြီးပါကလည်း ရွေးချယ်ရာလမ်းအတိုင်း လျောက်လှမ်းကြရမည်ဖြစ်ပါသည်။ ကောင်းသောလမ်း၊ ကောင်းသောအရာတို့အား ရွေးချယ်မိပါက ကောင်းမွန်သောအကျိုးတရားများကို ခံစားကြရမည်ဖြစ်ပြီး မကောင်းသောအရာ၊ မကောင်းသောလမ်း ကို ရွေးချယ်မိပါက မကောင်းကျိုးကို ခံစားကြရမည်ဖြစ်ပါသည်။ ထိုခံစားရသည်ဆိုသော ကောင်းခြင်း၊ မကောင်းခြင်းတို့သည် ကိုယ်တိုင်ရွေးချယ်လုပ်ကိုင်လိုက်သောကြောင့် ဖြစ်ပေါ်လာသော အကျိုးပင် ဖြစ်ပေသည်။ လူ့အဖြစ်သို့ရောက်ရှိလာရခြင်းသည် အလွန်ကောင်းမွန်ကြောင်း လူတိုင်းနားလည် လက်ခံကြပါသည်။ သို့သော် လူအဖြစ်ကိုရရှိသော်လည်း လူအဖြစ်မှ အောက်သို့ပြုတ်ကျမည့် အရာတို့အား မပြုလုပ်မိစေရန်ကိုကား စဉ်းစားသူအနည်းငယ်လောက်သာ ရှိမည်ထင်ပါသည်။ လူအဖြစ်မှ အောက်တန်းသို့မရောက်သွားကြစေရန် သို့မဟုတ် လူအဖြစ်မှ အရှုံးနှင့်လူ့လောကကြီးမှ ပြန်လည်ထွက်ခွာမသွားကြစေရန်အတွက် စဉ်းစားသင့်သည်ဟု ထင်ပါသည်။ အခြားသော ကုန်ပစ္စည်းအရောင်းအ၀ယ်များအား အရှုံးပြမည်ကို အလွန်စိုးရိမ်တတ်ကြပါသည်။ အခြားအရာများ အရှုံးပြသော်လည်း လူအဖြစ်မှ ဆုံးရှုံးသွားမည်မဟုတ်ပါ။ လူအဖြစ်မှ ဆုံးရှုံးလျှင် လူအဖြစ်သို့ ပြန်လည် ရောက်ရှိရန် မသေချာကြောင်း တရားစာများတွင် ဖတ်ဖူး မှတ်ဖူးပါသည်။


03.png


လူတို့လောက လူတို့နေထိုင်ရာအရပ်သည် ကောင်းမှုများပြုလုပ်နိုင်သကဲ့သို့ မကောင်းများလည်း ပြုလုပ်နိုင်ပေသည်။ မိမိတို့ပြုလုပ်သောကောင်းမှု မကောင်းမှုပေါ်တွင်မူတည်ကာ သွားရမည့်လမ်းကို ရွေးချယ်ပေးသွားမည်သာဖြစ်ပါသည်။ မည်သူကမျှ ရွေးချယ်ပေးခြင်းမဟုတ်ပါ။ မိမိတို့ကိုယ်တိုင်က ရွေးချယ်ကာ လှမ်းလျောက်ကြရသည်သာဖြစ်ပါသည်။ မကောင်းမှုကြောင့် လျောက်လှမ်းရမည့် အခြားသော တိရစ္ဆာန်တို့နေထိုင်ရာ၊ ငရဲသားများနေထိုင်ရာအရပ်ဒေသတို့တွင်လည်းကောင်း၊ နတ်တို့ နေထိုင်ရာ၊ တန်ခိုးကြီးသော ဗြဟ္မာများနေထိုင်ရာအရပ်တို့တွင် ကောင်းမှု မကောင်းမှု ပြုလုပ်ရန်မလွယ်ကူပါ။ လူတို့နေထိုင်ရာအရပ်တွင်သာ ကောင်းမှု နှင့် မကောင်းမှုကို ပြုလုပ်ရန်လွယ်ကူသည်။ ကောင်းမှုများကို လုပ်ပြီး ကောင်းသောလမ်းကိုရွေးမည်လား၊ မကောင်းမှုများ ကိုပြုလုပ်ပြီး မကောင်းသောလမ်းကိုရွေးမည်လား။ ထိုကိစ္စသည် မိမိတို့ကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါ သည်။ လမ်းများစွာရှိနေသော လူ့တို့နေထိုင်ရာအရပ်တွင် ရပ်နေပြီး ကောင်းမှုလည်းမလုပ် မကောင်းမှုလည်းမလုပ်ဖြစ်ပဲ မှိုင်တွေနေ၊ တွေဝေနေခြင်းသည်လည်း မကောင်းသောလမ်းကိုလျောက် လှမ်းရန် ခြေလှမ်းပြင်နေခြင်းသာဖြစ်ပေမည်။ ထိုသို့ကောင်းမှု မကောင်းမှုများကို ပြုလုပ်နိုင်သော ကြောင့်သာ လူအဖြစ်သို့ရခြင်းသည် မြတ်သည်ဟုဆိုကြခြင်းဖြစ်ပါသည်။ ကောင်းမှုပြုလုပ်ရန်လူအဖြစ် ကိုရရှိသော်လည်း ကောင်းမှုမပြုလုပ်မိပဲ မကောင်းမှုများကို ပြုလုပ်ခဲ့သည်ရှိသော် လျောက်လှမ်းရမည့် လမ်းသည် မကောင်းသောလမ်းသာဖြစ်ပေမည်။ မကောင်းသောလမ်းအားလျောက်လှမ်းမိပါက ကောင်းသောလမ်းသို့ပြန်လည်ရောက်ရောက် အလွန်ခက်ခဲမည်ဖြစ်ပါသည်။ တချို့သည်လည်း လမ်းပေါင်းစုံသည့် လမ်းဆုံတွင် ရပ်ကာ မည်သည့်အရပ်မျှမသွားလိုတော့ပဲ စီးပွားရေးလုပ်ရန်သာ အားထုတ်နေကြပေသည်။ လမ်းဆုံဆိုသည်မှာလည်း စီးပွားရေးလုပ်ရန် အချက်အခြာကျသည် မဟုတ်ပါလား။ အောက်တွင် ရယ်စရာအဖြစ်အမြင်လိုက မြင်နိုင်သကဲ့သို့ အတုယူလိုကလည်း အတုယူနိုင်စေရန်အတွက် ကြားဖူးခဲ့သော ပုံပြင်လေးတစ်ပုဒ်အား မှတ်မိသလောက်ပြန်လည်ဖော်ပြ လိုက်ပါသည်။


04.png


လွန်လေပြီးသော ရှေးအခါက တန်ခိုးကြီးသော တန်ခိုးရှင်တစ်ယောက်သည် လူတစ်ယောက်အား ကောင်းမွန်သော လမ်းကောင်း လမ်းမြတ်အား ညွှန်ပြလိုသောကြောင့် နေရာတစ်ခုသို့ ခေါ်ဆောင်သွား ခဲ့လေသည်။ အရေးပါသော လမ်းကောင်း လမ်းမြတ်အား ညွှန်ပြရန်နေရာသို့ရောက်ရှိလေသောအခါ တန်ခိုးရှင်က ထိုသူအား လမ်းညွှန်ပြလေသည်။ ဒီဘက်လမ်းက သွားရင် ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံကို ရောက်မယ်။ ဟိုဘက်လမ်းကိုသွားရင် ငရဲသားများနေထိုင်ရတဲ့ ငရဲကိုရောက်မယ်။ ယခု သင်ရောက်ရှိနေသောနေရာသည် အလွန် အရေးကြီးနေရာဖြစ်ပါတယ်။ သွားချင်ရာသွားလို့ရတဲ့ လမ်းဆုံ ဖြစ်ပါတယ်။ သင်ဘယ်လမ်းကိုသွားချင်ပါသလဲ။ သင်ကြိုက်ရာလမ်းကို ရွေးပေတော့ တန်ခိုးရှင်ကြီးစကားဆုံးတဲ့အခါမှာ ထိုသူက သူရဲ့ဆုံးဖြတ်ချက်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။ ကျေးဇူးအထူးတင်ပါတယ် တန်ခိုးရှင်ကြီးခင်ဗျာ။ ကျွန်ုပ်အနေနဲ့ ငရဲဘုံသို့လည်း မသွားရောက်လိုပါဘူး။ အေးချမ်းတဲ့ ကောင်းကင်ဘုံသို့လည်း မသွားလိုပါဘူး။ ကျုပ် အခုရောက်နေတဲ့ နေရာကိုပဲ သဘောကျပါတယ်။ ဒီလမ်းဆုံနေရာကိုသာ ရွေးချယ်ပါတယ်ဗျာ မိတ်တွေတို့ဆိုရင် ဘယ်လမ်းရွေးကြမလဲဗျ။ ကျွန်တော်ဆိုရင်လည်း လမ်းဆုံကိုပဲရွေးမိမယ်ထင်ပါတယ်။ ထိုသူရဲ့အဖြေ စကားကို ကြားရတဲ့ တန်ခိုးရှင်ခမြာ အတော်လေး ဦးနှောက်ခြောက်သွားပါသတဲ့။ ဘာကြောင့် ဟိုမရောက် ဒီမရောက် လမ်းဆုံးမရောက်တဲ့ လမ်းဆုံနေရာကိုသာ ရွေးချယ်ပါသလဲ၊ ရှင်းပြပါဦး လို့ ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာလည်း ထိုလူက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အလွယ်တကူပြန်ဖြေလိုက်ပါတယ်။ ဒီလိုပါ လမ်းဆုံဆိုတာ လူအများ ဖြတ်သန်းသွားလာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ လူပေါင်းစုံလာရောက် တဲ့နေရာ၊ လူစည်ကားတဲ့နေရာ၊ စီးပွားရေးလုပ်ရန်အတွက် အချက်အချာအကျဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့် ကျုပ်က ဒီနေရာမှာ စားသောက်ဆိုင်ကောင်းကောင်းဖွင့်ပြီး စီးပွားရှာဖို့ ဆုံးဖြတ်ပြီး ဒီလမ်းဆုံ နေရာကို ရွေးချယ်ခြင်းဖြစ်ပါတယ်၊ လမ်းညွှန်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် တဲ့။


05.png


အထက်ပါလူကဲ့သို့သောလူအများအပြားရှိမည်ထင်ပါသည်။ တကယ့်လက်တွေ့တွင်မည်ကဲ့သို့ဖြစ်မည် မသိနိုင်သော်လည်း နတ်ပြည်၊ ငရဲပြည်၊ ဗြဟ္မာပြည်၊ တစ္ဆေ သရဲတို့နေထိုင်ရာတို့တွင် ဘီယာမရောင်း သကဲ့သို့ ကွမ်းယာလည်းမရနိုင်ပါ။ KTV ဆိုရန်တော့ ဖြစ်နိုင်မည်ထင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရွေးချယ်ရမည်မှာ မိမိတို့ကိုယ်တိုင်သာဖြစ်ပါသည်။ မည်သည့်လမ်းကို ရွေးချယ်လျောက်လှမ်းမည် နည်း။ တကယ်တော့ ကိုယ်တိုင်ရွေးပြီး လျောက်သောလမ်းများသာဖြစ်ပါသည်။ ကောင်းသောလမ်း အား ရွေးချယ်ပြီး လျောက်လှမ်းနိုင်ပါစေကြောင်းနှင့် လူဖြစ်ရှုံးသည်ဆိုသော စကားလုံးအား တလွဲ ဆံပင်မကောင်းကြပါစေရန် အကြံပြုရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-May-2018 တနင်္လာနေ့(Monday)