ဘယ်လိုလူနဲ့တူနေသလဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့တစ်တွေက အဆုံးမသိ အစမရှိတဲ့ လူ့ဘ၀ဆိုတာကြီးထဲကိုရောက်လာတယ်။ ဘယ်ကစလာလို့ ဘယ်မှာ ဆုံးမယ်မှန်း ဘယ်သူမှ မသိနိုင်ဘူးထင်ပါတယ်။ ကျယ်ပြောလှတဲ့လူ့ဘ၀ပင်လယ်ပြင်ကြီးမှာ သွားလာကြရင်းနဲ့ လမ်းမှားသူတွေလည်းမှားတတ်ကြတာပေါ့။ လက်လျော့သူတွေ ဘ၀ပင်လယ်ပြင်ကျယ်ကြီးထဲမှာ နစ်မြုတ်သွားတတ်ကြလေရဲ့။ အဲဒီလိုနစ်မြုတ်သွားကြတဲ့အထဲ ကိုယ်မပါအောင်လည်း တတ်နိုင်သမျှ ကြိုးစားနေကြတယ်။ အဲဒီလိုကြိုးစားနေပေမယ့်လည်း ကံဆိုးမိုးမှောင်ကျတဲ့အချိန်မှာတော့ ဘ၀ပင်လယ်ပြင်ကြီးထဲမှာ နစ်မြုတ်ပျောက်ကွယ်သွား တတ်ကြပါသေးတယ်။ ဘ၀ ဆိုတာစာလုံးလေးနှစ်လုံးလောက်သာရှိလို့သာပဲ။ ဒီနေရာမှာ ဖတ်ဖူးတဲ့ စာလေးတွေထဲက မှတ်မိသမျှ ပြန်လည်ရေးချမျှဝေချင်ပါတယ်။
တစ်ခါက ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟာ လေပြင်းမုန်တိုင်းနဲ့တိုးပြီး သင်္ဘောပျက်သွားခဲ့တယ်။ ပင်လယ်ရေအောက်နစ်မြုတ်ပျောက်ကွယ်သွားကြတဲ့သူတွေအများအပြားရှိနေခဲ့တယ်ပေါ့။ ဒါပေမယ့် လူခုနှစ်ယောက်ကတော့ ကံကောင်းထောက်မစွာနဲ့ပဲ ဖောင်လေးတစ်ခုပေါ်ကို အလုအယက်တက်နိုင် ခဲ့ကြပြီး အသက်ဘေးကလွတ်ခဲ့ပါတယ်။ ဖောင်လို့ပြောတာဆိုပေမယ့် ပင်လယ်ပြင်မှာ ဖောင်ဟုတ်ချင်မှလည်းဟုတ်မှာပေါ့လေ။ အသက်ကယ်လှေလိုမျိုးဖြစ်မယ်ထင်ပါတယ်။ အဲဒီဖောင်ပေါ် မှာ အသက်ဘေးကလွတ်လာတဲ့ လူခုနှစ်ဦးပေါ့။ ဒီနေရာမှာ ပြောချင်တာက လူခုနှစ်ဦးရဲ့ စိတ်ဓာတ်နဲ့ သူတို့ရဲ့အမြင်လေးတွေကို ရေးပြလိုတာပါ။ ပထမလူတစ်ဦးက အဆိုးမြင်တတ်တဲ့သူလို့ပြောရမယ်။ ကံကောင်းလို့ အသက်ဘေးကလွတ်လာတယ်လို့မမြင်ပါဘူးတဲ့။ လူ့လောကကြီးမှာ ကောင်းတယ် ဆိုတဲ့အရာတွေက လူတွေကို ပိုပိုပြီး ဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့အရာတွေဖြစ်တယ်။ ကောင်းတယ်ဆိုတဲ့အရာတွေဟာ တကယ်တော့ ကောင်းတဲ့အရာတွေမဟုတ်ဘူးလို့ မြင်တတ်တဲ့ လူဖြစ်ပါတယ်။ အခုလည်း သူတို့တွေ ကံကောင်းလို့ အသက်ကယ်ဖောင်ပေါ်ရောက်လာတာမဟုတ်ပဲ လူ့လောကကြီးမှာရှိတဲ့ ဒုက္ခတွေကို ပိုပြီးခံစားရအောင်လို့ လောကကြီးက အချိန်ဆွဲထားတယ်လို့ မြင်ပါတယ်။
နောက်ထပ်တစ်ဦးကတော့ ကိုယ့်အကျိုးတစ်ခုတည်းကိုသာကြည့်တတ်တဲ့ အတ္တသမားတစ်ဦးဖြစ်ပါ တယ်။ သူ့ရဲ့အမြင်နဲ့စွဲကိုင်ထားတဲ့ဝါဒကတော့ ဒီနေ့မှာ အသက်မသေးသေးလို့ ခံစားလို့ရသမျှ ကာမဂုဏ်အာရုံတွေကို ခံစားနိုင်သမျှ ခံစားမယ်။ သက်သက်သာသာ နဲ့သာသာယာယာနေလိုက်မယ်။ အခုလည်း အသက်ကယ်ဖောင်ပေါ်မှာ အတ္တသမားပီပီ သူသက်သက်သာသာနေရဖို့အတွက် နေရာတွေ ရသလောက် ယူထားတယ်။ သူအိပ်လို့ရအောင် နေရာကျယ်ကျယ်ဝန်းဝန်းကိုယူထားလိုက်တယ်။ နောက်တစ်ယောက်ကတော့ လောကကြီးကို အမြဲတမ်းအကောင်းမြင်နေတတ်တဲ့ အကောင်းမြင်သမား ဖြစ်ပါတယ်။ အကောင်းမြင်ဝါဒသမားများရဲ့ ထုံးစံအတိုင်း မမြင်ရတဲ့ကမ်းကို မျှော်ကြည့်ပြီးတော့ မကြာခင်မှာ ကမ်းကို မြင်ကြရတော့မှာပါလို့ပဲ ထပ်ခါ ထပ်ခါပြောဆိုနေပါတယ်တဲ့။ နောက်တစ်ဦးကတော့ လေ့လာစူးစမ်းခြင်းကို ၀ါသနာပါတဲ့ စူးစမ်း လေ့လာရေးသမားတစ်ဦးဖြစ်ပါတယ်။ သူကတော့ စူးစမ်းလေ့လာရေးသမားများရဲ့ သဘောသဘာဝ အတိုင်း ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သဘာဝတွေဖြစ်တဲ့ လှိုင်းအနေအထား၊ လေတိုက်နှုန်း၊ အသက်ကယ်ဖောင်ပေါ်မှာပါလာတဲ့လူတွေရဲ့ တစ်ဦးချင်းစီရဲ့အပြုအမူတွေကို လိုက်လံမှတ်သားနေပါ တယ်။ သူတို့ကြုံတွေ့နေကြရတဲ့အခြေအနေတွေမှန်သမျှကို မှတ်တမ်းပြုစုဖို့ ကြိုးစားနေပါတယ်။ နောက်တစ်ယောက်ကတော့ အများအကျိုးကို ဆောင်ရွက်ရတာကို ကောင်းမွန်တယ်လို့ ခံယူထားတဲ့ ပရဟိတလုပ်ငန်းဝါသနာပါတဲ့လူတစ်ဦးဖြစ်ပါတယ်။ သူ့ကပရဟိတသမားပီပီ အကူအညီပေးတယ်ဆို တာက ဘယ်သူ့ကိုဖြစ်ဖြစ် အကူအညီပေးရမယ်။ သူ့မို့လို့ ငါ့မို့လို့ ခွဲခြားနေစရာမလိုပါဘူး။ အများအကျိုးဆောင်တယ်ဆိုတာ ကောင်းတယ်ဆိုတဲ့ သူ့အဆယူအဆတွေခိုင်မာဖို့အတွက်လဲ သက်သေတွေကို ရှာဖွေစုဆောင်းနေပါသတဲ့။ နောက်တစ်ဦးကတော့ အကောင်းကိုလည်း မယုံဘူး။ အဆိုးကိုလည်းမယုံဘူး။ ဘာကိုမှလည်း ယုံကြည်မှု မရှိဘူးဆိုတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူယုံကြည်နေတာကတော့ ပင်လယ်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်လိုက်ချင်တယ် ဆိုတဲ့ စိတ်ကူးပေါ်လာတိုင်း အဲဒီလို အဆုံးမစီရင်ဖြစ်အောင် လုပ်ဆောင်နေတဲ့သူ့ယူဆချက်ကိုတော့ မှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ နောက်ဆုံး တစ်ဦးကတော့ လူ့လောကကြီးအကြောင်းကို ဘာဆိုဘာမှ မသိသေးတဲ့ ကလေးငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ ဘာကိုဘာမှ မသိတဲ့ကလေးဖြစ် တဲ့အတွက် ဖောင်ပျက်တော့မယ့်အကြောင်းကိုလည်းမသိပါဘူး။ ရေပြတ်လပ်တော့မယ့်အကြောင်းကို လည်း မသိပါဘူး။ ညအမှောင်ရောက်လာပြီး မုန်တိုင်းနဲ့ထပ်မံတွေ့နိုင်တဲ့အကြောင်းကိုလည်း မသိပါဘူး။ ကြောက်ရကောင်းမှန်းလည်းမသိဘူး။ သေရမယ်ဆိုတာကိုလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်ခြင်းလည်း စိုးစဉ်းမှ မရှိပါဘူး။ ဖောင်ပျက်ရင်လည်း ပျက်တဲ့အတိုင်း ဒါမှမဟုတ် ကံကောင်းလို့ ကမ်းကိုဖောင်ဆိုက်နိုင်ခဲ့ရင်လည်း ဖောင်ဆိုက်ကပ်နိုင်တဲ့အတိုင်း အခြေအနေတွေကနေ ဖန်တီးပေးတဲ့အတိုင်းသာ သူ့ဘ၀က ဖြစ်လာမှာပါပဲ။
တကယ်တော့ အသက်ကယ်ဖောင်ပေါ်က လူခုနှစ်ဦးဆိုတာက လူ့လောကကြီးမှာ လှုပ်ရှားနေထိုင်တဲ့ လူတွေရဲ့ ရှိတတ်တဲ့သဘော ခုနှစ်မျိုးကို ညွှန်းဆိုလိုခြင်းသာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ လူခုနှစ်မျိုးကို ဖော်ပြခြင်းသာဖြစ်ပါတယ်။ လူ့လောကကြီးမှာ လောကကို အကောင်းမြင်၊ ဘ၀ကို အကောင်းမြင်တတ်တဲ့လူမျိုးတွေရှိတယ်။ မကောင်းမြင်တတ်တဲ့ အဆိုးမြင်သမားတွေလည်းရှိတယ်။ လောကကြီးမှာ ကိုယ့်အတွက်ကိုယ်သာသိတဲ့ အတ္တသမားတွေလည်းရှိပါတယ်။ အများအကျိုးကို ဆောင်ရွက်ရတာကို ကောင်းတယ်လို့မြင်တတ်တဲ့ ပရဟိတသမားများလည်းရှိပါတယ်။ လောကမှာ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ပျက်မှာပဲဆိုတဲ့ အသက်ကယ်ဖောင်ပေါ်က ကလေးငယ်လို လူမျိုးတွေလည်း လောကကြီးမှာ ရှိပါတယ်။
လောကကြီးမှာ ကိုယ်က ဘယ်လိုလူမျိုး၊ ဘယ်လိုအမျိုးအစားဖြစ်နေတယ်ဆိုတာကတော့ မိမိတို့ ကိုယ်တိုင်သာ လေ့လာဆန်းစစ်ကြည့်ကြပါ။ လောကကြီးကို အကောင်းမြင်သဘောထားသာရှိပြီး ကောင်းတာတွေကို လက်တွေ့မလုပ်နိုင်ရင်လည်း အသုံးမတည့်နိုင်ပါဘူး။ လောကကို အဆိုးမြင်တတ် တဲ့သူတွေကလည်း အဆိုးမြင်နေရာကနေ စိတ်ဓာတ်တွေကျ စိတ်ဆင်းရဲစရာတွေနဲ့ အမြဲတမ်းကြုံတွေ့ နေနိုင်ပြီး ဘ၀မှာ ပြိုလဲသွားနိုင်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသူများ၊ ငါကောင်းစားရင်ပြီးရော ကျန်တဲ့သူတွေဘယ်သူတွေဒုက္ခရောက်ရောက်ဆိုသူများကလည်း ကိုယ့်စီးပွားကိုယ်ရှာရင်း ကိုယ့်အကျိုးတစ်ခုသာကြည့်နေရင် လောကကြီးကို အရုပ်ဆိုးအကျည်းတန် နေစေမှာ အမှန်ပါပဲ။ ပရဟိတသမားများကတော့ လောကကြီးမှာ အလွန်နည်းပါးပါလိမ့်မယ်။ ရှိတော့ ရှိတယ် ရှားတယ်ဆိုသလိုပါပဲ။ ကလေးငယ်တစ်ယောက်လို သူ့သဘောသူဆောင်သွားပါလိမ့်မယ် ဆိုတဲ့သူများသည်လည်း ဖြစ်သမျှကံကိုပုံချနေရင်လည်း လူ့လောကကြီး တိုးတက်သာယာလိမ့်မယ် မဟုတ်ပါဘူးဆိုတာရေးသားရင်း ရပ်နားလိုက်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-Apr-2018 ကြာသပတေးနေ့(Thursday)