ဒီနေ့ စာမရေးတော့ဘူး (I Don't Write Post, Today.)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ခုရက်ပိုင်းစာရေးနေတာက နည်းနည်းပျင်းစရာကောင်းနေတယ်ထင်တယ်ဗျ... ဘာကြောင့်လည်းဆိုတော့ တိုးတက်ရေး၊ အောင်မြင်ရေးတွေကိုပဲ ဆက်တိုက်ရေးနေမိတာဆိုတော့ ဖတ်တဲ့သူတွေလည်းပျင်းနေမယ် ထင်တယ်... ပျင်းချင်မှလည်း ပျင်းမှာပါ... ဒါပေမဲ့လို့ MSC ကလူတွေကတော့ တိုးတက်ချင်နေကြတာဆိုတော့ မပျင်းလောက်ပါ ဘူး... ဟုတ်တယ် မဟုတ်လား... မဟုတ်လည်း ဟုတ်လိုက်ပါဗျာ...တကယ်တော့စာရေးဖို့ စိတ်ကူးမရ... အာရုံမပေါ်... လေးလေးနက်နက် တွေးကြည့်တော့လည်း လေးနက် တာဆို သံတုံးကြီးပဲ မျက်စိထဲပြေးမြင်နေတယ်...ပေါ့ပေါ့ပါးပါးရေးဖို့ကြလည်း ဟိုက်ဒရိုဂျင်အကြောင်းကလည်းမသိ... ကျောင်းနေစဉ်တုံးကတော့ သင်ခဲ့ဖူးပါရဲ့ဗျာ... အဲဒီသင်ခဲ့တဲ့စာတွေလည်း ကျောင်းကိုပြန်ကုန်ကြီပြီဆိုတော့ ဘာရေးရမယ်မှန်းမသိတော့... Review လေးရေးမလို့စိတ်ကူးပါတယ်... ကိုယ့်ထက်အရင်ဦးတဲ့သူနဲ့တိုးနေတော့ နောက်ဆုတ်လိုက်ရတာပေါ့... ရီစရာရေးရင်ကောင်းမလား စဉ်းစားမိတယ်... ရီစရာဆိုလဲ ဟုတ်တိ ပတ်တိ ဘာမှ အဖြစ်မရှိ....ကဲ အဲဒါဆိုဘာရေးရမလဲ... စဉ်းစားရင်းနဲ့ ဦးနှောက်စားလာတယ်...ဆိတ်ဦးနှောက်ပါ... လူဦးနှောက်တော့မစားရဲဖူးရယ်...
အတတ်ပညာတွေအကြောင်းရေုးမယ်စဉ်းစားပြန်တော့လည်း အချိန်တွေအများကြီးလိုလာပြန်တယ်... ဒါနဲ့စဉ်းစား လိုက် ခေါင်းကုတ်လိုက်... ခေါင်းကုတ်လိုက် စဉ်းစားလိုက်လုပ်နေတာ... နေ့တစ်ပိုင်းကျိုးရောပဲ... နေပူတော့ရေချိုးတော့မလို့ထလိုက်တယ်...ခေါင်းကလည်း ခဏတိုင်းကုတ်ထားတော့ဖွာလန်ကြဲနေတဲ့ဆံပင်... အင်း ရေမချိုးခင် ဆံပင် သွားညှပ်ချေအုံးမပါ... စဉ်းစားရင်း တစ်ထောင်တန်တစ်ရွက်အိပ်ထဲကောက်ထည့် ဆိုင်ကယ်ခွမောင်း ဆံပင်ညှပ်ဆိုင်ထွက်လာခဲ့တယ်ပေါ့ဗျာ... ခေါင်းရှင်းသွားရင်တော့ စာရေးဖို့ စဉ်းစားလို့ရမယ် ထင်ပါတယ်... ဆံပင်ညှပ်ဆိုင်ရောက်တော့ လူ ငါးယောက်လောက်ထိုင်စောင့်နေတာတွေ့ရတယ်... ဆံပင်ညှပ်တဲ့သူ သုံးယောက် လက်မလည်ဖြစ်နေတာတွေ့ရတယ်... "အစ်ကိုရေ နောက် ငါးခေါင်းစောင့်ရအုံးမယ်ဗျ" လို့ ဆံပင်ညှပ်သမားလေးတစ်ယောက်ကလှမ်းအော်ပြောတော့ "ဒါဆိုလဲ စီနီယာလေး တော့ချိတ်ထားပေးကွာ... ငါလက်ဖက်ရည်သွားသောက်ပြီးစောင့်နေမယ်" လို့ပြောပီး မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်... လက်ဖက်ရည် ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ ရောက်တိ ရောက်ရာ စကားတွေပြောနေကြရင်းနဲ့ ကိုယ့်အလှည့်ကို စောင့်နေတာပေါ့လေ... နာရီဝက်လောက်ကြာတော့ "ဆံပင်ညှပ်ဖို့ထွက်လာတာ...အလှည့်ကျလောက်ပီ ငါဆံပင်သွားညှပ်လိုက်အုံးမယ်" ပြောပီး ဆံပင်ညှပ်ဆိုင်ဖက်ကို ပြန်ကူးလာခဲ့တယ်... "အစ်ကိုရေ တစ်ဂေါင်းပဲစောင့်ရမယ်".. အိုခေ အိုခေ ဆိုပြောပြီး ဖုန်းလေးထုတ် Steemit ဖွင့်ကြည့်လိုက်တယ်... အလိုလေး စက်ရုပ်တေများလှချေလား... ဒီနေ့ Promotion Post တွေမှာ ဘယ်က စက်ရုပ်တေရောက်နေကြတာလဲ... လိုက်ကြည့်ရင်းနဲ့ vote ပေး comment ရေးလုပ်နေတုံး "အစ်ကို ရပီလာတော့" "လာပီ လာပီ" အသံပေးအပြေး သွားရတယ်... မသွားလို့လဲမဖြစ်လေ... နောက်ကလူတွေက စီနီယာကျော်တယ်ဆိုပီး မျက်စောင်းထိုးနေကြတာ... ငါက စီနီယာချိတ်ထားတာပါကွာ အလှည့်ကျော်တာဟုတ်ပါဖူး ပါးစပ်ကလဲပြော ဆံပင်ညှပ်ဆိုင်ခုံပေါ်လည်းထိုင် ပေါ့... "အစ်ကို ထုံးစံအတိုင်းပဲလား" "အေး ပုံမှန်ပဲ" ဆံပင်ညှပ်သမားလေးက မေးတာက ထုံးစံအတိုင်း တိုတို ညှပ် မှာလားပေါ့လေ... ဆံပင်ညှပ်ရင် တိုတိုပဲညှပ်တတ်တော့တယ်... ဆံပင်ရှည်လာရင် မနေတတ်တော့ဖူး... အရင် တုံးကတော့ ဆံပင်တိုရင် မနေတတ်ဖူးဗျ... ခုကျတော့လည်း အတိုနဲ့နေနေကျဆိုတော့ အတိုပဲကြိုက်တော့တယ်... ရှည်ရင်မကြိုက်တော့ဘူး...ဆံပင်ကိုပြောတာနော်...
Image from google
"အစ်ကို ဆိုးအုံးမလား" လို့မေးတာ့ "မဆိုးတော့ပါဘူးကွာ လိမ္မာနေပါပီ ဟ" ဆံပင်ညှပ်သမားလေးက "ခင်ဗျာ ... အစ်ကို ဘာကိုပြောတာလဲဗျာ" တဲ့... "မင်းပဲ ငါ့ကို ဆိုးအုံးမလားလို့မေးတာ.. ငါမဆိုးတာ တော်တော်ကြာနေပါပီ" "ဘာကို မဆိုးတာတုံး အစ်ကိုရ" "မင်းကလည်းကွာ တော်တော်ပိန်းတာပဲ ငါက အရင်ကလို မဆိုးတော့ဘူးပြောတာလေကွာ" လို့ပြန်ပြောတော့ ဆံပင်ညှပ်သမားလေးက ရယ်ပီး "အဲဒါပြောမဟုတ်ပါဘူးဗျာ... ဆံပင်ကို ဆိုးဆေးတွေဆိုးအုံးမလား မေးတာပါ" လို့ပြောတော့ "ဆောရီးကွာ မင်းက အရင်းမရှိ အဖျားမရှိ ဆိုးအုံးမလားမေးတာကိုးကွ ဆံပင်ဆေးဆိုးအုံးမလားလို့ ဆို ရှင်းနေတာကို ပိုက်ဆံအကုန်ခံပြီး အဆဲမခံတော့ပါဘူးကွာ ဆံပင်ဆေးမဆိုးတော့ပါဘူးကွာ" လို့ပြောတော့ "ဟုတ် အစ်ကို" ပြောပီး ဆံပင်ဆက်ညှပ်နေတော့တယ်...
ဆံပင်ညှပ်သမားရဲ့ ကပ်ကြေးသံတစ်ချပ်ချပ် နဲ့ ခေါင်းကိုပွတ်ပီးချော့သိပ်နေသလားမှတ်ရတယ်... အိပ်ပျော်ချင်လာတယ် ... ငိုက်ငိုက်ကျသွားတော့... "အစ်ကို ညက ကင်းစောင့်ကျသလား ငိုက်နေတယ်" လို့ စတော့ "ဟုတ်ပါဘူးကွာ" လို့ပြောပီး မျက်လုံးကို အသားကုန်ပြူးထားလိုက်ရတယ်... ခဏနေတော့ အစ်ကို ပီးပီ အိမ်ပြန်အိပ်တော့" လို့စနောက်ပြီး သူတို့ သုံးနေကျဖော့ဖတ်နဲ့ ဆံပင်မွှေးတွေကို ခါချပေးနေတယ်... "နေ နေ ရတယ် ငါအခုပဲ ရေချိုးမှာ" ပြောပီး ထိုင်ရာကထလိုက်တယ်... တိုင်မှာချိတ်ထားတဲ့ အင်္ကျီကိုလှမ်းယူ ပီး ခုန ပိုတဲ့ပိုက်ဆံကိုလှမ်းပေးလိုက်တယ်... အစ်ကိုရေ သုံးရာလိုသေးတယ်" လို့ ဆံပင်ညှပ်သမားလေးက ပြောတော့ "ဟေ ဈေးတက်သွားပြန်ပလားဟ" လို့ ပြောရင်း မျက်လုံးပြူးသွားတယ်...ချွေးတောင်ပျံလာတယ်... မပျံခံနိုင်ရိုးလား သူ့ပေးလိုက်တဲ့ ပိုက်ဆံ ခုနှစ်ရာက အိပ်ထဲပါလာတာ အကုန်ပဲလေ... ဆံပင်ညှပ်သမားလေးက ဆိုင်ရဲ့ မှန်မှာ ကပ်ထားတဲ့ စာတမ်းကို လက်ညှိုးထိုးပြ တယ်... ပီးတော့ "ဟုတ်တယ်လေ အစ်ကို ဆံပင်ညှပ်ခ" တစ်ထောင်ဖြစ်နေပီလေ" ... ဆံပင်ညှပ်ခ ကလေး ၅၀၀ လူကြီး ၁၀၀၀ တဲ့ဗျာ... အရှက်တော့ကွဲပီပေါ့ဗျာ... "ဟ ဒါဆိုလဲ အကြွေးသာမှတ် ထားလိုက်တော့ကွာ... ငါက ပိုက်ဆံတစ်ထောင်ပဲထည့်လာတာ...ခါတိုင်းလို ၇၀၀ မှတ်လို့ လက်ဖက်ရည်သွားသောက်လိုက်တယ်... လက်ဖက်ရည်ဖိုး ၃၀၀ ရှင်းလိုက်တော့ ခု မင်းကို ပေးလိုက်တဲ့ ၇၀၀ ပဲကျန်တော့တယ်" လို့ပြောရတော့တာပေါ့... "ရပါတယ်အစ်ကိုရာ ဈေးတက်သွားတဲ့ အကြောင်းပြောတာပါ... နောက်ကြုံမှ ပေးပါ" တဲ့။ အောင်မလေးဗျာ... ဒီမှာ ခေါင်းတစ်လုံးထဲသာ ရှိလို့သာပဲ... တစ်လ တစ်လ ဒင်းကို ညှပ်ညှပ်ပေးရတာနဲ့တင်ကို မသက်မသာ ဖြစ်လာပါပကောလား... မရှည်ပါနဲ့လို့ အမိန့်ပေး ထားလို့လည်းမရ... တစ်လလောက်ဆို တစ်ခါညှပ်ပေးရပြန်ရော... မညှပ်လို့လည်းမဖြစ်... ဒီတော့ ကုန်ဟ... ဒသဂီရိများ အခုအချိန်ရှိရင် မွဲနေလောက်ရောပေါ့... ဒသဂီရိက ခေါင်းဆယ်လုံးတောင်ပါတယ်လို့ ဆိုကျမဟုတ်လားဗျ... အဲဒီခေါင်း ဆယ်လုံး ခေါင်းတစ်လုံး တစ်ထောင်နဲ့ ခေါင်းဆယ်လုံးဆို ဆံပင် တစ်ခါညှပ်ရင် ငွေတစ်သောင်းလောက်တော့ လစ်ရောပေါ့... ဒသဂီရီသာရှိရင် ကျန်တဲ့ခေါင်းကိုးလုံးကို ဖြတ်များပစ်မလားပဲ... ကျနော်ကတော့ မဖြတ်ရဲဖူးရယ်... သွေးသံရဲရဲလည်း မကြည့်ရဲဖူး... မဆီမဆိုင် ဒသ ခေါင်းဆယ်လုံးအကြောင်း အတွေးက ရောက်သွားရသေးတယ်...
Image from google
ကောင်းရော နေရင်းထိုင်ရင်းနဲ့ အကြွေး ၃၀၀ တင်သွားပြန်ပီ... အဲ ဆံပင်ညှပ်လိုက်တော့လည်း ငါတော်တော်ချောသွားတာပဲ... ဟို Mission Impossible ဇာတ်ကားထဲက တွမ်ခရု_Tom Cruise နဲ့ တူသလိုလို... Avengers ဇာတ်ကားထဲက ကပ္ပတိန် အမေရိက နဲ့ တူသလိုလိုတောင်ဖြစ်သွားသေးတယ်ဟ... ကိုယ်ကသာ တူတယ် ထင်နေတာ... MSC ထဲက ညီအစ်ကို မောင်နှမများကရော ဘယ်သူနဲ့တူတယ်ထင်သလဲဗျ... အားမနာတမ်း မဲပေးကြည့်ကြပါဗျာ...
Image from google
အိမ်ရောက်တော့ ရေချိုး ထမင်းစားပီးတော့ နေ့လည် တစ်ရေးတစ်မော အိပ်အုံးမယ်... နောက်မှ Post ရေးတော့ မယ်ဆိုပီး အိပ်ယာထဲဝင်သွားပီးအိပ်မယ်ပေါ့... မျက်လုံးလေးမှ မှိတ်ခါရှိသေး တတုံ တုံ နဲ့ ဖုန်းကမြည်နေတယ်... အော် ငါ့နှယ် ဆံပင်ညှပ်ဆိုင်ကတည်းက ဖွင့်ထားတဲ့ အင်တာနက်ကို ပိတ်မထားမိပေပဲကိုး... အင်တာနက်ကို ပီတ် မျက်လုံးကိုမှိတ် ရအောင်အိပ်.... အိပ်ပျော်ခါနီးမှ ခြေထောက်ကို စူးကနဲအကိုက်ခံလိုက်ရတော့ ပြန်လန့်နိုးလာတယ်... သာသနာဖျက် ငါအိပ်ချင်ပါတယ်ဆိုမှ... ဘယ်ကောင်လဲ... အိပ်ယာကနေ ကုန်းထပီးရှာတော့ အဲ ပရွက်ဆိတ်တွေဟ... ဘယ်ကနေများလာတက်နေလဲ... သေချာကြည့်တော့မှ မနေ့ညက ဗိုက်ဆာလို့စားထားတဲ့ မုန့်ထဲက ပဲ့ကျနေတာကနေ ပရွက်ဆိတ်တက်လာတာပဲ... စောင်တွေခါထုတ်... အိပ်ယာခင်းတွေခါထုတ်... အိပ်ယာပေါ်လှည်းကျင်းပီး ပြန်အိပ်မယ်ပေါ့... သွားပီ အိပ်မရတော့... မျက်လုံးကြောင် သွားပီလေ... ဒီတော့လဲ မထူးပါဘူးဆိုပီး ကွန်ပျူတာရှေ့ထိုင် Post ရေးတာ ကောင်းပါတယ်... ဘာရေးရမှန်းမသိ... အင်း မရေးလည်း ကိစ္စမရှိပါဘူး... စဉ်းစားမရလဲ မရေးရုံပေါ့လေ... Steem ဈေးတွေကလည်း အောက်ဆုံးရောက်နေတာဆိုတော့လည်း ဒီနေ့တော့ Post မရေးတော့ပါဘူးဗျာ... Post ကလည်း မရေးရင်တော့ မဖြစ်ဖူးလေ... သက်ရှိထင်ရှား ရေးဖော်များကလည်း ရှိနေသေးတာကိုး ..... နောက်ရက်များမှပဲ ဖတ်ကြပါတော့... အဲဒါလေး လာပြောတာပါ... အိပ်ပီဗျာ...
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-11-2017 တနင်္လာနေ့(Monday)