ဒီနေ့ ပျော်အောင်နေ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့လည်း အများသူငါလို ဘာရေးရမှန်းမသိ ယောင်လည် ယောင်လည် ဖြစ်နေမိပါတယ်။ ဒါတကယ်ပါဗျာ။ ကုန်ကြမ်းတစ်ခုလောက်တော့ အရှာထွက်ရမှာပဲ။ ဘယ်သွားရှာမလဲ မစဉ်းစားပါနဲ့။ ကျွန်တော်ကတော့ ဘေးပတ်ဝန်းကျင်မှာ ပြောနေတဲ့စကားသံတွေထဲကနေ၊ စာကြောင်းတစ်ကြောင်းကနေ ကုန်ကြမ်းရှာကြည့် တာပါပဲ။ တစ်ခါတစ်လေလည်း စိတ်အာရုံနဲ့တိုက်မိတဲ့ စကားလုံးလေးတွေကြားတာနဲ့ ချက်ချင်းလက်ငင်း ကုန်ကြမ်းရပြီး ချက်ချင်းစာရေးလိုက်နိုင်ပေမယ့် တစ်ခါ တစ်ခါကျပြန်တော့လည်း တစ်ကုန်နီးပါး ကုန်ကြမ်းရှာ နေပေမယ့် စိတ်အာရုံနဲ့တိုက်တဲ့ စကားသံတွေ၊ စာတွေကို ရှာမရဖြစ်နေတတ်ပြန်ပါတယ်။ ကြိုတင်မှတ်စု ထုတ်ထားတတ်ရင်တော့ မဆိုးလောက်ပေမယ့် ကြားတဲ့ အသံ၊ ပြောတဲ့စကားလုံး၊ ဖတ်မိတဲ့စာတစ်လုံးကနေ ဆင့်ပွားဖြစ်လာတဲ့ အတွေးကို ချက်ချင်းမှတ်တမ်းသွင်းထားနိုင်ရင်တော့ ကုန်ကြမ်းမရှားတတ်ပါဘူး။ ခက်တာက အဲဒီအကျင့်ရှိမနေတာပါပဲ။ ကုန်ကြမ်းဝင်လာရင် ခေါင်းထဲကို ထည့်မှတ်ထားလိုက်၊ တစ်နာရီလောက်ကြာရင် မေ့သွားရော၊ နောက်ထပ်ကုန်ကြမ်းရလိုက် ခေါင်းထဲမှတ်ထားလိုက် တစ်နာရီကြာရင် မေ့နေပြန်ကရော ဖြစ်ပြန်ရောဗျ။ ဒါကြောင့်လည်း သေချာစေဖို့အတွက် ရှေးလူကြီး သူမများက နှုတ်တစ်ရာ စာတစ်လုံး လို့ ပြောဆိုထားခဲ့တာပဲဖြစ်မယ်။ နှုတ်ကနေ စကားတွေအများကြီးပြောနေပေမယ့် အရာမရောက် အမှတ်အသားမရှိဖြစ်တတ်လို့ စာတစ်လုံးလောက်ဖြစ်ဖြစ် မှတ်တမ်းတင်ထားမှ ဖြစ်မယ်။ ဒါမှလည်း အကျိုးရနိုင်မယ်။ နို့မို့ဆို ကျွန်တော့်လို ကုန်ကြမ်းရလိုက် မေ့လိုက် သံသရာလည်နေလိမ့်မယ်။ ပြောချင်တာက ကုန်ကြမ်းရှာတဲ့ ကိစ္စမဟုတ်ပါဘူး။ စိတ်ထဲပေါ်လာလို့ရေးလိုက်တာပါ။ ကုန်ကြမ်းရရင်တော့ ကုန်ချောထုတ်ဖို့ အတွက် ကိုယ့်အတွေ့အကြုံတွေ၊ စဉ်းစားချက်တွေနဲ့ စာရေး ကုန်ချောထုတ်ရတော့တာပေါ့။ အခုလည်း ကုန်ကြမ်းတစ်ခု ရလာလို့ မမေ့ခင်မှာ ကုန်ချောထုတ်ဖို့ ချက်ချင်းလုပ်ဆောင်ထားလိုက်တာပါ။ မှတ်စုစာအုပ် ထဲက စာကြောင်းလေးတစ်ကြောင်းကနေ အတွေးပေါက်ပြီး ကုန်ကြမ်းရောက်လာခဲ့တာပါ။ ဖတ်မိတဲ့စာကြောင်း ကတော့…
ဒီကနေ့ ပျော်အောင် နေမယ်… မနက်ဖြန်ဆိုတာ မရှိဘူး… မနေ့ကလည်း ပြီးသွားပြီ…
Unborn tomorrow and dead yesterday, if today be sweet.
ဒါက မှတ်ထားတဲ့ စာသားပဲဖြစ်ပါတယ်။ မူရင်းစာသားကတော့ Omar Khayyam ရဲ့ စာဖြစ်မယ်ထင်ပါတယ်။ အောက်မှာဖော်ပြထားပါတယ်။
အဲဒီစာကြောင်းလေး ပြန်ဖတ်မိလို့ ကုန်ကြမ်းတစ်ခုရလာခဲ့တာပါ။ စိတ်အာရုံနဲ့လည်း တိုက်ဆိုင်နေလေတော့ စာတစ်ကြောင်းပဲဖတ်မိတာ ချက်ချင်းပဲ ကုန်ကြမ်းရတယ်ပေါ့ဗျာ။ ငါ ဒီနေ့ ကံကောင်းတယ်။ ဆရာဆွေမင်း(ဓနုဖြူ)ရဲ့ ကာတွန်းဇာတ်ကောင် မြိုင်ရာဇာတွတ်ပီ လိုတော့ ဒီနေ့ ကံမကောင်းပါလား လို့ မညည်းညူ ချင်တော့ပါဘူး။ ဘာကြောင့်ဆို အပေါ်ကစာတမ်းကို ဖတ်မိသွားလို့ပါ။ အရင်တုန်းကလည်း ဖတ်ခဲ့တာပါပဲ။ အကြိမ်ကြိမ်ကို ဖတ်မိတာပါ။ ဒါပေမယ့်လည်း အတွေးမပေါက်သလို မစဉ်းစားပါဘူး။ ဒါကြောင့်လည်း စာအုပ် တစ်အုပ်ကို ဖတ်ဖူးပြီး ရင်လည်း ထပ်ဖတ်၊ တရားတစ်ပုဒ်ကို နာဖူးပြီးရင်လည်း ထပ်နာ ခိုင်းတာဖြစ်မယ်။ တစ်နေ့နဲ့တစ်နေ့ တစ်ချိန် နဲ့ တစ်ချိန် အတွေးအခေါ် ထင်မြင်ယူဆချက် လက်ခံနိုင်မှု ဆိုတာတွေကလည်း ပြောင်းလဲနေတတ်လို့ပါပဲ။ အပေါ်ကစာကြောင်းလေးကို ဒီနေ့ဖတ်မိတော့ ငါမပျော်မရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ နေ့ရက်တွေ မနည်းမနော ရှိခဲ့ပါလား လို့လည်း မြင်လာခဲ့ပါတယ်။ အရင်ကဖတ်ဖူးပေမယ့် ဒီလို အတွေးမ၀င်ခဲ့ဘူးပါဘူး။ အများစုလည်းဒီလိုပဲဖြစ်မယ်ထင်ပါတယ်။ ဘ၀ရဲ့ နေ့ရက်တွေကို ၀မ်းနည်းခြင်းတွေ စိတ်လက် မကြည်မသာခြင်းတွေနဲ့ ဖြတ်သန်းခဲ့မိကြမှာပါပဲ။ ဘာ့ကြောင့်များ ပျော်ပျော်ရွှင်ရွှင်နဲ့ မဖြတ်သန်းခဲ့မိတာလဲ လို့စဉ်းစားမိပါတယ်။ မပြေလည်စရာရှိတိုင်း မပျော်မရွှင်နဲ့ ဖြတ်သန်းလည်း ပြေလည်မှာမဟုတ်တဲ့အတူတူ စိတ်ရော ကိုယ်ပါ ထိခိုက်စေနိုင်တဲ့ မပျော်ရွှင်မှုတွေနဲ့ မဖြတ်သန်းသင့်တော့ဘူးလို့လည်း ထင်လာမိပါတယ်။ ဒီနေ့ ကံမကောင်းဘူး လို့များ နေ့တိုင်းအော်နေမလား ဒီနေ့ ကံကောင်းနေတယ် အော်မလား ဆိုတာ စဉ်းစားမိတော့လည်း ဒီနေ့ ကံကောင်းနေတယ် ဆိုတာပဲ စိတ်တွန်းအားပေးဖို့ ဆုံးဖြတ်မိပါတယ်။ ဒါကလည်း __ကိုယ့်ရဲ့ စိတ်ကို မှိုင်းတိုက်ပေးခြင်း တစ်မျိုးပါပဲ။ __ မကောင်းဘူး နဲ့ မှိုင်းတိုက်မလား? ကောင်းတယ် နဲ့ မှိုင်းတိုက်မလား?
မှိုင်းတိုက်တာ ကြာလာရင်တော့ မှိုင်းစွဲသွားမှာ အသေအချာပါပဲ။ ကောင်းတဲ့ မှိုင်း မကောင်းတဲ့ မှိုင်း တစ်ခုခုပဲ။ ကိုယ်တိုက်ခဲ့တဲ့ မှိုင်းကပဲ ကိုယ့်စိတ်ဆီကို ရောက်မှာပါ။ ကျွန်တော်တို့တစ်တွေဟာ မသေချာ မရေရာတာတွေ ကို စဉ်းစားပြီး ပူပင်နေကြရ ၀မ်းနည်းနေကြရတာတွေအတော်များသလို မသေချာ မရေရာတာတွေကို လှမ်းမျှော်ကြည့်ရင်း ၀မ်းတွေသာကြ ပျော်ရွှင်နေကြတာက အများစုဖြစ်နေပါတယ်။ Steem ကို မျှော်နေသလိုပဲ ဖြစ်မယ်ဗျို့။ တက်မလား ကျမလား? မသိပါဘူးဗျာ။ တက်တာ ကျတာ ကိုယ်တိုင် လုပ်လို့မရဘူးဆိုတာတော့ သေချာပါတယ်။ ဒီတော့ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ ကြည့်မိပြန်တော့ လုပ်နိုင်တာကတော့ စာရေး Post တင် Vote ပေး Comment ရေး၊ အချင်းချင်းအားပေး ဒါပဲ လုပ်နိုင်တယ်ဗျ။ ဈေးတက်အောင်မလုပ်နိုင်သလို ဈေးကျ အောင်လည်း မလုပ်နိုင်ဘူး။ ဒီနေ့ ပျော်အောင် မနေတတ်တဲ့သူတွေပဲဖြစ်နေပါတယ်။ ဒီနေ့မပျော်ပဲ မနက်ဖြန် ဆိုရင်ကော ပျော်နိုင်မလားဆိုတာ မသေချာ မရေရာပါဘူး။ ဒီတော့ ဒီနေ့ ဒီအချိန်မှာ ပဲ ပျော်အောင် နေသင့်ပါတယ်။ ကောင်းအောင်နေသင့်ပါတယ်။ ပျော်ပါတယ် အမြဲ အော်နေကြတာ အကောင်းဆုံးဖြစ်လိမ့်မယ် ထင်တယ်။ အဲ… ပျော်ပါတယ် အမြဲအော် မယ်ဆိုပြီးတော့ အသုဘအိမ်သွားပြီးအော်ရင်တော့ ဓားနဲ့လိုက်ခုတ်ခံရလိမ့်မယ် ☺☺☺ အသုဘအိမ်ရောက်ရင်တော့ အလွန်အင်မတန် ၀မ်းနည်းနေတဲ့ မျက်နှာနဲ့ နေပြလိုက်ပေါ့လေ။ အပြန်ကျမှ ပျော်လိုက်တာ အော်ချင်အော်ပေါ့။ ရေးတကာရေး လူမှုရေး ကအခက်ဆုံးပဲ လို့ ဆိုထားခဲ့ကြတာပဲ။ လူမှုရေးဆိုတာက ရှိသေးမဟုတ်လား။
ဒီနေ့ ပျော်အောင်နေပါ။ ဒီနေ့ ကောင်းအောင်နေပါ။ ဒီနေ့ ဒီနေ့ ဒီနေ့ ဆိုတာကို ပျော်အောင်မနေနိုင်ရင် မနက်ဖြန်ကို ပျော်အောင်နေဖို့ မသေချာပါဘူး။ မနက်ဖြန်ဆိုတာကိုက မသေချာတာပါ။ မနေ့ဆိုတာကလည်း အတိတ်ကာလ ဖြစ်သွားတော့ ပြန်ပြီးမရတော့ပါဘူး။ အတိတ်ကို ကြည့်ပြီး ပူဆွေး ၀မ်းနည်းနေရမှာ မဟုတ်ကြောင်းတွေကို အတော်များများရေးခဲ့ပါတယ်။ လက်ရှိအချိန်ကို ကောင်းအောင်လုပ်တာက အကောင်းဆုံးဖြစ်မှာဖြစ်သလိုပဲ လက်ရှိအချိန်ကို ပျော်အောင်နေရင် အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ ဘ၀လမ်းကို လျှောက်လှမ်းနေကြတဲ့အခါမှာ လက်ရှိအချိန်က အရေးအကြီးဆုံးပါ လက်ရှိအချိန်ကျော် လွန်သွားရင် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ လက်ရှိအချိန်မှာ ဆက်ဆံနေရတဲ့သူတွေကို ကိုယ့်ဘက်က အကောင်းဆုံးဆက်ဆံမယ် လက်ရှိအချိန်မှာ ကောင်းမှုတွေလုပ်မယ်။ ဒါအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ မနက်ဖြန်ဆိုတာက ကိုယ်တိုင် မသေချာသလို အခြားသူတွေလည်း မသေချာပါဘူး။ ဒါကဘာလဲဆိုတော့ ဘ၀တစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားပဲ ဖြစ်ပါတယ်။ ငယ်ပါသေးတယ် ဆိုတာမရှိပါဘူး။ စောတယ် ဆိုတာမရှိဘူး။ ဒီတော့ကာ ဒီနေ့ ဒီအချိန်မှာ မိသားစုနဲ့ဖြစ်စေ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ဖြစ်စေ ကိုယ်တစ်ယောက်တည်းပဲဖြစ်စေ ပျော်ပျော်ရွင်ရွှင် ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါရစေ။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-Sept-2018 ကြာသပတေးနေ့(Thursday)