ဘေးထွက်ဆိုးကျိုး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


နေကပြင်းပြင်းပူ၊ လေကမတိုက်၊ ကွန်ပျူတာရှေ့ထိုင် စာထိုင်ရေးတော့ ချွေးတွေတစိုစိုနဲ့ စာရေးရသည်မှာ စိတ်မပါဖြစ်နေသည်။ ပန်ကာလေကို ကြာကြာခံရမယ်ဆိုရင် လေဖြတ်သွားနိုင်ပါသည်။ ဘာဖြစ်ဖြစ် စာတစ်ပုဒ်တော့ ဖြစ်အောင်ရေးရမှာပါဘဲ။ အရာတစ်ခုဖြစ်ထွန်းလာလျှင် အရာတစ်ခု ပျက်စီးဆုံးရှုံးရခြင်းသည် ဘေးထွက်ဆိုးကျိုးလို့ ခေါ်နိုင်မည်လားမသိပါ။ ကျွန်တော်တို့လူသားတို့သည် အမှားပြုလုပ်တတ်ကြပေသည်။ ထိုသို့အမှားပြုလုပ်ခဲ့သည် ရှိသော် ထိုအမှားအတွက် ၀န်ခံလိုစိတ်မရှိကြသူကသာ များမည်ထင်ပါသည်။ ၀န်ခံလိုက်လျှင်မူ နောက်ဆက်တွဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများပပျောက်သွားမည်ဟုထင်မြင်မိပါသည်။ ၀န်ခံမှုမရှိခဲ့ပါမူ နောက်ဆက်တွဲဖြစ်သော ဘေးထွက်ဆိုးကျိုးများ ဆက်တိုက်ဖြစ်ပေါ်လာ တော့မည်မှာတော့ အသေအချာပင်ဖြစ်ပါသည်။ မိမိကျူးလွန်လိုက်သော အမှားတစ်ခု မပေါ်စေရန် တနည်းအားဖြင့် အခြားသူတို့မသိရှိကြစေရန်အတွက် လိမ်လည် ပြောဆိုခြင်းက ထပ်ခါထပ်ခါ ကျူးလွန်တော့မည်ဖြစ်ပါသည်။ အမှားတစ်ခုကျူးလွန်မိသဖြင့် ဖြစ်ပေါ်လာသော လိမ်လည်မှု ဘေးထွက်ဆိုးကျိုးပင်ဖြစ်ပေတော့သည်။ စကားလုံးများကြီးကြီးကျယ်ကျယ် ဖြစ်နေခဲ့ပါမူ ခွင့်လွှတ်သည်းခံဖတ်ရှုပေးကြပါခင်ဗျာ။


Image Source


ဆေးများသောက်ကြရာတွင်လည်း ဘေးထွက်ဆိုးကျိုးများ ရှိကြောင်း လူတိုင်းသိကြပါသည်။ ခေါင်းကိုက်ပျောက်ရန် အကိုက်အခဲပျောက်ဆေးတွေသောက်ရသောအခါတွင် ခေါင်းကိုက်ပျောက်သွားသောအခါတွင် ဗိုက်ထဲတွင် အစာမရှိပဲနှင့် သောက်မိသောအခါ နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးအနေနဲ့ ဗိုက်အောင့်လာတတ်ပါသည်။ ထို့အတူပါပဲ အလုပ်တစ်ခုကိုလုပ်ရင် အနည်းနဲ့ အများပဲကွာမယ်။ ဘေးထွက်ဆိုးကျိုးလေးတွေတော့ ခံစားရတတ်ပါသည်။ ဘေးထွက်ဆိုးကျိုး မဖြစ်အောင်တတ်နိုင်သမျှ ကာကွယ်ထားကြရမှာဖြစ်ပါသည်။ ကောင်းမွန်သောရည်ရွယ်ချက် ဖြင့် ကောင်းစေလိုသော စေတနာများဖြင့် ကျွန်တော်တို့တစ်တွေ Steemit Platform မှာ စာတွေရေးကြ၊ Promotion တွေပေးကြ၊ တရားဝင်အဖွဲ့အစည်းဖြစ်စေရန်ပြုလုပ်နေကြပါ သော်လည်း ဘေးထွက်ဆိုးကျိုးလေးတွေတော့ ခံစားကြရမည်ဖြစ်ပါသည်။ မိတ်ဆွေအဖြစ် အသိအမှတ်ပြုသူများရှိသကဲ့သို့ ရန်သူအဖြစ်သတ်မှတ်သူများလည်းရှိကြပေမည်။ မိတ်ဆွေ အဖြစ်လည်းမဟုတ် ရန်သူအဖြစ်လည်းမဟုတ် ဆက်ဆံကြသူများလည်း ရှိကြပေမည်။ မည်သို့ ပင်ဖြစ်ပါစေ။ အောင်မြင်နိုင်ရန်အတွက်တော့ စိတ်မပျက်ကြပဲကြိုးစားအားထုတ်နေကြရပါ သည်။ အနှောင့်အယှက်ပေးသူရှိသကဲ့သို့ အကူအညီပေးလိုသူတွေလည်းမရှားကြပါ။ ဘေးထွက်ဆိုးကျိုးကိုကြောက်ရွံ့နေရန်မဟုတ်။ မိမိတို့လုပ်စရာရှိသည်များကို တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်နေကြမည်သာဖြစ်ပါသည်။


02.png


လူ့လောကကြီးမှာ ကောင်းမှုကိုလုပ်သည်ဖြစ်စေ၊ မကောင်းမှုကို လုပ်သည်ဖြစ်စေ ဘေးထွက် ဆိုးကျိုးများရှိနိုင်သည်ဟု ထင်မြင်မိပါသည်။ ကောင်းမှုဖြစ်သော အလှူအတန်းပြုလုပ်ရာတွင် မကောင်းမှုဝင်လာတတ်ခြင်းသည် ဘေးထွက်ဆိုးကျိုးဟုခေါ်နိုင်မည်ပင်။ ထို့ကြောင့် ကျွန်တော်တို့အနေနှင့် ကောင်းသောအမှုကိုပြုလုပ်သည်ရှိသော် ကောင်းသောအကျိုးကို ခံစား ရရှိစေရန်အတွက် သတိပြုထိန်းသိမ်းရမည်ဖြစ်ပါသည်။ ကောင်းမှုအလှူကိုပြုလုပ်နေ သော်လည်း စားစရာမရှိသဖြင့် လာရောက်တောင်းရမ်းနေသော သူတောင်းစားအား မောင်းထုတ်ခြင်းသည် မှန် မမှန် လူတိုင်း လူတိုင်း စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင်ပင် အကုသိုလ်ဆိုသော ဘေးထွက်ဆိုးကျိုးရှိနေသည်ဖြစ်ရာ မကောင်းမှုအကုသိုလ်ကို ပြုလုပ်ခဲ့မည်ဆိုပါက ထိုထက်ပိုဆိုးရန်သာရှိပါသည်။ သတိပြုဆင်ခြင်မှသာ ဘေးထွက်ဆိုးကျိုးများနည်းပါးနိုင်မည်ဖြစ်ပါသည်။ အသောကမင်းကြီး ရေးသားထားခဲ့သောစာသည် သတိပြုဆင်ခြင်စရာကောင်းလှပါသည်။ “ကောင်းမှုကို ငါပြုမိ၏ီ… ကောင်းမှုကိုသာလျှင် လူသည် မြင်တတ်၏… မကောင်းမှုကို ငါပြုမိ၏… ထိုသို့ပြုမိ ခြင်းသည် ငါ၏အပြစ်ပါတကားဟု မိမိ၏မကောင်းမှုကို မမြင်တတ်… ထိုသို့ဆင်ခြင်ရှုမြင်ရန် ကား ခဲယဉ်းလှချေ၏” ဟုရေးထိုးထားကြောင်း မှတ်သားဖူးပါသည်။


03.png

Image from google


မိမိတို့နေစဉ် ပြုမူလုပ်ဆောင်ချက်များတွင်လည်း ဘေးထွက်ဆိုးကျိုးများရှိပါသည်။ မိမိကပြုံးပြလျှင် ပြန်ပြုံးပြကြမည်ဖြစ်သော်လည်း မိမိက မဲ့ပြလျှင် တစ်ဖက်မှလည်း ပြန်လည်မဲ့ပြမည်ဖြစ်ကြောင်း သတိပြုကြရမည်ဖြစ်ပါသည်။ မည်သည့်အလုပ်ကို ပြုလုပ်သည်ဖြစ်စေ ဘေးထွက်ဆိုးကျိုးများရှိနိုင်သောကြောင့် တတ်နိုင်သမျှ နည်းပါးစေရန်အတွက် သတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။ သတိပြုဆင်ခြင်နိုင် ရန်အတွက်လည်း မိမိတို့၏ အသိပညာရှိနေမှသာ ဖြစ်နိုင်ပါမည်။ ထို့ကြောင့် အသိပညာများ တတ်နိုင်သလောက်ဖြည့်ဆည်းကြရန်လိုအပ်ပါသည်။ မိမိတို့၏အသိပညာဖြင့် ဘေးထွက်ဆိုးကျိုးများအား တတ်နိုင်သမျှ နည်းပါးအောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

23-Apr-2018 တနင်္လာနေ့(Monday)