ကောင်း ဆိုး နှစ်တန် (Good And Bad For Life)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လောကကြီးအကြောင်းကို ထပ်ခါထပ်ခါ ပြောပြ ရေးပြနေပေမယ့်လည်း မဆုံးနိုင်ပါ။ နေ့စဉ် ကျွန်တော်တို့သည် လူမှုဘ၀တွင် လှုပ်ရှားရုန်းကန်နေကြရသူတွေသာ များပြားမည်ဖြစ်ပါသည်။ အဆင်ပြေပြေနေနိုင်သော သူများကလူနည်းစုသာဖြစ်ပေမည်။ ထိုအရာသည်လည်း ထူးဆန်းလှ သည်တော့မဟုတ်ပါချေ။ ရုန်းကြရသည်။ ကန်ကြရသည်။ မိုးရွာလည်း လှုပ်ရှားရသည်။ လေတိုက်လည်း လှုပ်ရှားနေကြ ရသည်။ လူအများစုသည် ထိုသို့ပင်ဖြစ်နေကြမည်ထင်ပါသည်။ ထိုသို့ရုန်းကန် လှုပ်ရှားရခြင်းသည်ပင် ဘ၀ဟုသမုတ်ကြရမည်လား။ လူ့အဖြစ်ကိုစတင်ရရှိလိုက်ကတည်းကပင် လောက၏ရိုက်ချက် ဒဏ်များကို စတင်ခံစားကြရမည်ဖြစ်ပေသည်။ သံသရာဆိုသော ၀ဲဂယက်အတွင်းမှ လွတ်မြောက်ရန်အတွက် ကြိုးစားပမ်းစားနှင့် လွတ်လမ်းရှာဖွေသူများမှာလည်း အလွန်ပင်နည်းပါးလှမည်ဖြစ်ပါသည်။ နေ့စဉ် လောကဓံတို့အား ကြံ့ကြံ့ခံ ရပ်တည်ရင်းဖြင့်သာ လူ့ဘ၀ကို ကုန်ဆုံးကြသူ ကသာများပါမည်။ ဘ၀ကိုရလာလျှင် လောကဓံကိုလည်းခံစားကြရမည်မှာ သဘာဝပင်ဖြစ်ပါသည်။
တရားစကားများဖြစ်ကောင်းဖြစ်နေပါမည်။ သို့သော် သည်းခံဖတ်ရှု ဗဟုသုတ ရရှိနိုင်ကြစေလိုပါသည်။ စိတ်ထားမြင့်မြတ် ကြစေလိုပါသည်။ လောကဓံဟုဆိုလိုက်လျှင် လူတို့သာမဟုတ် အခြားသောသတ္တ၀ါများသည်လည်း လောကဓံကို ခံစားကြရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့အထဲတွင် လောကဓံအား အရှုံးပေးသွားကြသည့် သတ္တ၀ါသည် လူသားသာရှိမည် ထင်ပါသည်။ လူလောကတွင်သာ ဆွဲကြိုးချခြင်း၊ အဆိပ်သောက်ခြင်း ဆိုသည့် မိမိကိုယ်ကို သေကြောင်းကြံစည်ကြခြင်းများ ရှိကြပေသည်။ အခြားသော သတ္တ၀ါတို့တွင်မူ မကြားဖူး မမြင်ဖူး မဖတ်ဖူးပါ။ ရှိခဲ့ပါမူ အောက်တွင် comment ရေးခဲ့ကြပါကုန်။ လေ့လာလိုပါသည်။ မိမိကိုယ်ကိုယ် ဆွဲကြိုးချသော မျောက်၊ သမင်၊ ကျား၊ ဆင် စသည်ဖြင့်မကြားဖူးခဲ့သကဲ့သို့ ကိုယ်တိုင်အဆိပ်သောက်သေသွားသော မျောက်၊ သမင်၊ ကျား၊ ဆင် ဟု တစ်သက်နှင့်တစ်ကိုယ်မကြားမိပါချေ။ ထိုသို့စဉ်းစားမိသောအခါ လောကဓံကို အလျော့ပေး အရှုံးပေးသွားကြသည့် သတ္တ၀ါမှာ လူသားသာဖြစ်ကြောင်းတွေ့ရှိ မိပါသည်။ လောကဓံကို အံတုသည်ဟု ကြွေးကြော်ကြသည်မှာလည်း လူသားများသာဖြစ်ကြမည်ထင်ပါသည်။ ငါဟဲ့ မျောက် နင်လားဟဲ့လောကဓံ ဟု ကြွေးကြော်နေသော မျောက်သတ္တ၀ါတော့ ရှိမရှိမသိပါ။ ရှိချင်လည်း ရှိနေပေလိမ့်မည်။ ကျွန်တော် ဗဟုသုတ နည်းပါးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
Image from google
မည်သည့်လူသားမဆို လောကဓံကိုခံစားကြရမည်မှာအမှန်ပင်ဖြစ်ပေသည်။ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဥရောပ ကလူဖြစ်သောကြောင့်လောကဓံ မလွတ်ပါ။ သတ္တ၀ါမှန်လျှင် လောကဓံကို ခံစားကြရမည်။ ထို့ကြောင့် ငါ့တစ်ယောက်သာကွက် ဖြစ်နေခြင်းမဟုတ်။ လူအားလုံးတွင်ဖြစ်နေသောအကြောင်းတရားသာဖြစ်ပါသည်။ ထိုအတွက် မိမိကိုယ်ကို သတ်သေရန် မလိုကြောင်း သတိပြုဆင်ခြင်သင့်ပါသည်။ ဆင်းရဲတွင်းနက်ခြင်းသည်လည်း မိမိမသေချာခြင်းသာဖြစ်ပေမည်။ ကျန်းမာရေး မကောင်းခြင်းသည်လည်း မိမိမဆင်ခြင်သောကြောင့်သာဖြစ်ပေမည်။ လေတိုက်တိုင်းသာ ပန်းများကြွေကုန်ကြမည်ဆိုပါက အဘယ်သို့သောအကြောင်းဖြင့် ပန်းပွင့်များ၊ သစ်သီးများ ကျန်နိုင်ပါတော့မည်နည်း။ ထိုသို့ အမှန်ကို မြင်အောင် တွေးသင့် မြင်သင့်သည်ထင်ပါသည်။ ငယ်စဉ်က မပုကြွယ်နှင့်ခရုငယ်အားသင်ကြားခဲ့ဘူးပါသည်။ ခရုငယ်ကိုအတုယူကြိုးစားခဲ့သော ပုံပြင်တစ်ပုဒ်ပင်ဖြစ်ပါသည်။ စစ်ရှုံးသဖြင့် ပုန်းကွယ်နေရသော ဘုရင်တစ်ပါးအကြောင်းကိုလည်း ဖတ်မှတ်သင်ကြားခဲ့ ဖူးပါသည်။ ရှုံးသည့်အခါ ရှုံးမည်။ နိုင်သည့်အခါ နိုင်မည်။ အရှုံးအနိုင်သည် မိမိအလုပ်မဟုတ်ပါ။ မိမိလုပ်ရန်ရှိသော အလုပ် တို့အား လုပ်ကိုင်ခြင်းသည်သာ မိမိအလုပ်ဖြစ်ပေသည်။
Image from google
ကျွန်တော်တို့လူမျိုး ကံကြမ္မာကိုပုံချတတ်သော လူအများအပြားလည်းရှိနိုင်ပါသေးသည်။ ကံမကောင်းအကြောင်းမလှဟုလည်း ဆိုတတ်ကြပါသေးသည်။ ကံဆိုသည်မှာ အလုပ်ဖြစ်ကြောင်းပြောဆိုတတ်ကြသည်မဟုတ်ပါလား။ အလုပ်ကောင်း လျှင် ကံကောင်းမည်။ အလုပ်ဆိုးလျှင် ကံဆိုးမည်ဖြစ်သည်။ မိမိတို့ဘာလုပ်သနည်း။ ကောင်းတာလုပ်ကြတာလား။ မကောင်း တာလုပ်နေကြတာလား။ မိမိတို့ကိုယ်တိုင်သာအသိဆုံးဖြစ်ပေသည်။ ကံကြမ္မာသည် အဆိုးလည်းမဟုတ်သကဲ့သို့ အကောင်းလည်းမပေးနိုင်ပါ။ မိမိတို့လုပ်သော အလုပ်ကသာလျှင် အကောင်း အဆိုးကို ပေးစွမ်းနိုင်သည်ဖြစ်ပါသည်။ အလှူဒါနပြုသည်ဆိုသော ကောင်းသောအလုပ်ကို လုပ်လျှင် မိမိတို့၏ ကံသည် ကောင်းမည်ဖြစ်ပေသည်။ သူတစ်ပါး၏ အသက်ကို သတ်ခြင်းတည်းဟူသော မကောင်းသောအလုပ်ကိုလုပ်မည်ဆိုပါမူ မိမိတို့၏ ကံသည် ဆိုးမည်ဖြစ်ပေသည်။ ထိုကြောင့် ကံကောင်းလိုလျှင် ကောင်းတာလုပ်ပါ။ ကံဆိုးလိုပါက ဆိုးတာများကိုလုပ်ပါ။ မိမိတို့လုပ်သောအလုပ်သည် ကံကြမ္မာပင်ဖြစ်ပေသည်။ ကံကောင်းချင်သလား၊ ကံဆိုးချင်သလား။ ကြိုက်တာလုပ်ကြည့်ကြပါ။ မိမိတို့ ဥာဏ်ဖြင့်မမြင်နိုင် သောကံကို လှမ်းမျှော်ကြည့်မနေကြရန်လိုပါသည်။ မမြင်နိုင်သောကြောင့် ဘာမှလည်းမသိနိုင်တာသေချာပါသည်။ ကံကောင်းခြင်းသည်လည်း လောကဓံတရားတစ်ခု၊ ကံဆိုးခြင်းသည်လည်း လောကဓံတရားတစ်ခုဖြစ်ပေသည်။
Image from google
ယခုကျွန်တော်တို့ ကံကောင်းနေသလား။ ကံဆိုးနေသလား။ SBD နှင့် STEEM ဈေးများအဆမတန်ထိုးကျနေသည့်အပြင် ကျွန်တော်တို့ myanmar tag ကလေးသည်လည်း ၅၀ အပြင်ဖက်ထွက်သွားခဲ့ပေရာ Steemit တွင် ၀င်ရောက်လုပ်ကိုင်ငွေရှာနေကြသောသူများအနေဖြင့် ကံဆိုးနေကြပါသည်ဟု ပြောရမည်ပင်ဖြစ်ပေသည်။ သို့သော် အဆိုးသည်လည်း ကြာကြာမနေတတ်သကဲ့သို့ အကောင်းသည်လည်း ကြာကြာမနေတတ်ပါ။ ယခုကံဆိုးနေ သေးသော်လည်း မကြာမီ ကံကောင်းလာမည်ဟု မျှော်လင့်ထားကြပါ။ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် ကြာကြာ မနေနိုင်သော ဧည့်သည်များသာ ဖြစ်ကြပေသည်။ အမှန်တကယ်လည်း ကံကောင်းလာနိုင်ပါသည်။ ကျွန်တော်တို့ကိုယ်တိုင်က အဆိုးများကို လက်မခံကြစေရန်တော့လိုပါသည်။ အိမ်ရှင်မှ လက်မခံချင်လျှင် ဧည့်သည်တို့ မည်သည်ပြန်ပြေးကြရသည်သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုကိစ္စအားလုံးသည် လောကဓံများသာဖြစ်ပေသည်။
Image from google
ရုန်းရ ကန်ရတာ လူ့ဘ၀ပါ.... လေတွေတိုက်တိုင်းသာ ကြွေလွင့်ကြမယ်ဆိုရင် အသီးအနှံဆိုတာဘယ်လိုဖြစ်လာမှာလဲ.....
လှိုင်းကြီးတိုင်းသာ နစ်မြုတ်သွားရမယ်ဆိုရင် သင်္ဘောဆိုတာကျန်နိုင်ပါအုံးမလား.......
ကျွန်တော်တို့တွေ ကျရှုံးတိုင်းသာ ငိုပွဲဆင်ရမယ်ဆိုရင် မျက်ရည်ဆိုတာကျန်နိုင်ပါအုံးမလား..........
လောကသဘာဝ နေ့ဆိုအလင်း ညဆိုအမှောင် ၂၄ နာရီတစ်ခါ ပြောင်းလဲနေမြဲသာပဲလေ.........
ကျမယ် တက်မယ် ဈေးတွေရယ် ကိုယ်တစ်ယောက်သာမဟုတ်ပါတယ် နေ့ကျ ညတက် တွေ့ကြုံမြဲ မျက်လှည့်ပမာပဲ...
ကျရာကတက် လဲရာကနေထ ပျက်တာကိုပြင် ရှေ့ကိုမြင် ရုန်းကန်နေရမှာဘ၀ပါ......
အသိ နဲ့ သတိ ဆင်ခြင်ကြည့် ကောင်းတာမျှော်တွေး ဘ၀ပေး ......
ပျင်းပြေစေရန် ရေးသည်အမှန် လောကအကြောင်း ထပ်ခါလောင်း.....
ဘာရယ်မဟုတ် ရမ်းကာတုတ် ကဗျာမဟုတ် စာမဟုတ်.......
Enjoy Life Today, Yesterday Is Gone And Tomorrow May Never Come.
အဆက်အစပ်မရှိ စိတ်ထဲရှိရာ ပျင်းပျင်းနှင့်ရေးခြင်းကို စိတ်ရှည်သည်းခံပြီး စာဆုံးအောင်ဖတ်သောကြောင့် ကျေးဇူးအထူး တင်ရှိပါသည်။ လောကဓံရိုက်ချက်တို့အား သင်ခန်းစာယူနိုင်မည်ဆိုပါက မိမိအတွက်သာမက မိမိပတ်ဝန်းကျင်အားလည်း ကောင်းမွန်သော အသိဥာဏ်ပညာများ ရရှိကြမည်ဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-Feb-2018 စနေနေ့(Saturday)