ခေတ်လား? လူလား?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်ကာလကြီးတွင် သာမန်လူများအနေဖြင့် ငွေစုဖို့ကိုမဆိုထားနှင့်။ ငွေရအောင်ကိုပင် အပြေးအလွှားဖွေရှာနေကြရပေသည်။ ငွေယားလေးများ ရလာပြန်တော့လည်း စုဖို့ရန်မစဉ်းစားနိုင်ပြန်။ ဟိုဟာလို ဒီဟာလို နှင့် အသုံးလိုနေသည့်အရာ လစ်ဟာနေသည့်အရာတွေက များပြားနေတတ်သည် ဖြစ်ရာ ရလာသည့်ငွေကြေးလေးများ ချက်ချင်းအပြင်ပြန်ထွက်မပြေးကြစေရန် ချုပ်တီးထိန်းသိမ်းနေကြရပေသည်။ နောင်ခါလာ နောင်ခါဈေးဆိုပြီး တွေ့ကရာသုံးလိုက်လို့ကတော့ ရေသောက်ဗိုက်မှောက်နေရမယ့် ကိန်းဆိုက်သွားနိုင်သည်။ လက်ထဲရောက်နေသည့် ငွေလေးများကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ရန်ကလည်း လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ အောင့်အည်းရသည်။ သည်းခံရသည်။ ဥပေက္ခပြုထားရသည်။ တရားမကျင့်ကြံနိုင်သော်လည်း ပါရမီတွေ ဖြည့်ဆည်းနေကြရသည်။ ခေတ်ကပင် ဆိုးနေသလား? လူတွေကပင် ဆိုးနေကြလေသလား? မစဉ်းစားတတ်တော့ပါ။ ခေတ်ကဆိုးနေတယ်။ ခေတ်ကြီးကိုက မကောင်းတာပါ ဆိုသော စကားတွေကလည်း နေရာအနှံ့ ပလူပျံနေအောင် ကြားနေရသည့် နေ့စဉ် ဂီတသံစဉ်တွေဖြစ်နေပါပြီ။ ကျွန်ုပ်၏အမြင်အရဆိုလျှင်တော့ ခေတ်က ဆိုးနေခြင်း မဖြစ်နိုင်ပေ။ လူများက ဆိုးရွားလာခြင်းကြောင့်သာ ခေတ်ဆိုးကြီးဖြစ်သွားရရှာခြင်း ဖြစ်ပေလိမ့်မည်။ ခေတ်က ဘာမှမလုပ်ရပါပဲနှင့် လက်ညှိုးထိုးခံ အသုံးချခံ ဖြစ်နေရခြင်း ပင်ဖြစ်ပေလိမ့်မည်။ ခေတ်ဆိုသောအရာက စကားများပြောတတ်လျှင် လူတွေကို နားမခံသာလောက်အောင်ပင် ကလော်တုတ်လိမ့်မည်ထင်ပါသည်။ လူတွေကို အသေရိုက်နှက်ပေလိမ့်မည်။ ဒီလောက်ဆိုရင်တော့ တရားခံ အစစ်ကို သိလောက်မည်ထင်ပါသည်။ လူများသည်သာ တရားခံအစစ် ဖြစ်ပေတော့သည်။
ခေတ်အဆက်ဆက် သူများအသက်ကို အလောင်းအစားပြုလုပ်တဲ့ လုပ်ငန်းကိုလည်း အံ့သြစရာမြင်တွေ့နိုင်ပါ သည်။ ထိုအလုပ်ကိုလည်း ခေတ်က ဖန်တီးထားခြင်းမဟုတ်မူပဲ လူတို့ကသာ ဖန်တီးထားခြင်းသာဖြစ်ပေသည်။ ထိုအလုပ်သည်ကား အသက်အာမခံ ဟုခေါ်ဆိုသော အလုပ်ပင်ဖြစ်ပေသည်။ မိမိကိုယ်ကို သေမည်ဟု ထင်ကြောင်း အာမခံလုပ်ငန်းအား ပြောသည်နှင့်တူပေမည်။ ထိုအခါ အာမခံလုပ်ငန်းမှ ခင်ဗျားမသေစေရပါဟု အာမခံကာ ငွေယူထားလိုက်ခြင်းပင်ဖြစ်ပေသည်။ ထိုအရာသည် မိမိအသက်အား အပေါင်ထားခြင်း သို့မဟုတ် မိမိအသက်အား အလောင်းအစားလုပ်ခြင်းတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။ ထိုနှစ်အတွင်းတွင် အသက်အာမခံထားသူ မသေဆုံးပါက အသက်အာမခံလုပ်ငန်းမှ အာမခံတင်ထားသည့်ငွေကို ယူလိုက်ပေတော့ သည်။ နောက်တစ်နှစ် အသက်အာမခံထားလိုပါက နောက်ထပ်ငွေထပ်သွင်းကာ အာမခံထားနိုင်ပေသည်။ မသေလျှင် အာမခံလုပ်ငန်းမှ စားသွားမည်။ မသေပဲနေသည့် ကာလပတ်လုံး အာမခံထားသူ၏ငွေကြေးအား နှစ်စဉ် စားသွားမည်ဖြစ်ပေသည်။ သေလျှင်တော့ လျော်ကြေးပေးမည်ဖြစ်ပါသည်။ မည်သို့မည်ပုံ မည်ရွှေ့မည်မျှ လျော်ပေးသည်ကိုတော့မသိပါ။ ကား၊ ဆိုင်ကယ်၊ စက်ကရိယာပစ္စည်း၊ မီးလောင်မှု စသည်စသည်တို့အားလည်း အာမခံထားနိုင်ကြပေသည်။ နှစ်စဉ် ဆိုင်ကယ် ကား သက်တမ်းတိုးတိုင်း အာမခံကြေး ပေးဆောင်သော်လည်း ထို ကား ဆိုင်ကယ်တို့ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ခဲ့သည်ရှိသော် ထိုအာမခံလုပ်ငန်းမှ တာဝန်သိသိဖြင့် လျော်ကြေးငွေ ပေးအပ်ခြင်း ရှိမရှိတော့ မသိပါ။ ရေးရင်း ရေးရင်း အာမခံလုပ်ငန်း ဝေဖန်ရေး၊ အာမခံလုပ်ငန်းကြော်ငြာဖြစ်ပေတော့မည်။ မဖြစ်သေးပါ။ လူ နှင့် ခေတ် ဘယ်သူက ဆိုးနေတာလဲဆိုတဲ့ အကြောင်းအရာကိုသာ ဆက်ရေးပါမည်။
လူတို့၏ အကျင့်စာရိတ္တဖောက်ပြန်ခြင်းကြောင့် ခေတ်သည် ဆိုးရွားလာခဲ့သည်လို့ပဲ မြင်ပါသည်။ ခေတ်ဆိုသည်ကို လူကပဲ လုပ်နေခြင်းဖြစ်ပါသည်။ လူ့လောကကြီးမှာ သူ့ခေတ် ကိုယ့်ခေတ်ဆိုတာက City FM ကထုတ်တဲ့အခွေပဲဖြစ်ပါသည် အဲ မှားကုန်ပါပြီ I am very sorry. သူတို့ရဲ့ ခေတ်တုံးကတော့ ဘယ်လို အခုခေတ်ကတော့ဘယ်လို ဆိုတာတွေကိုလည်း မကြာခဏ ကြားနေရပါသည်။ သူတို့ခေတ်က လူတွေရဲ့ ကိုယ်ကျင့်တရား အကျင့်စာရိတ္တ တို့သည် ကောင်းမွန်နေပါက ထိုလူများ၏ ခေတ်ကြီးသည်လည်း ကောင်းမွန်သော ခေတ်ကြီးဖြစ်နိုင်ရာ၏။ ငါတို့ခေတ်ကလူတွေရဲ့ ကိုယ်ကျင့်တရား အကျင့်စာရိတ္တ တို့သည် ဆိုးရွားစွာ ပျက်စီးနေကြသည်ရှိသော် ခေတ်ဆိုတာကြီးသည်လည်း အလွန်ဆိုးရွားစွာ ပျက်စီးနေသော ခေတ်ကြိး ဖြစ်တန်ရာ၏။ ယနေ့ခေတ်ကြီးသည် ခေတ်ဆိုးကြီးဖြစ်သည်ဆိုပါက ကျွန်ုပ်အပါအ၀င် လူသားအများစုတို့၏ ကိုယ်ကျင့်တရား အကျင့်စာရိတ္တတို့သည် ဆိုးရွားလွန်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ခေတ်ကောင်းကြီးကို လိုလားသည်ဆိုပါက ကျွန်ုပ်တို့လူသားများ၏ ကိုယ်ကျင့်တရား အကျင့်စာရိတ္တတို့အား ကောင်းမွန်အောင် စောင့်ထိန်းကြရမည်ဖြစ်ပေသည်။ ကိုယ်တိုင်က ကိုယ်ကျင့်တရား အကျင့်စာရိတ္တအား ကောင်းမွန်စွာ စောင့်ထိန်းခြင်းမရှိပါပဲ နှင့်တော့ ခေတ်ကောင်းကြီးကို မျှော်မှန်းနေရန်မဖြစ်နိုင်ဟု ထင်ပါသည်။ အများစုပြောသောစကားတစ်ခွန်းဖြစ်သည့် ကိုယ်စိုက်တဲ့အပင်ကရတဲ့ အသီးအနှံကို ကိုယ်တိုင်ပဲ ရိတ်သိမ်း ရပါလိမ့်မည်။ အဆိပ်သီးပင်စိုက်ကာ မက်မွန်သီးစားသုံးရန် မျှော်လင့်မနေသင့်ပါ။ ပန်းပွင့်လိုချင်ရင်တော့ ပန်းပင်စိုက်မှရပါလိမ့်မည်။ အသီးစားလိုရင် အသီးပင်စိုက်ရပေလိမ့်မည်။ ခေတ်ကာလကြီးကောင်းစေရန်ချင်ရင် ကောင်းမွန်တဲ့ အကျင့်တရားလေးတွေ အကျင့်စာရိတ္တလေးတွေ ကို အရင် ပြုစုပျိုးထောင်ပြီး လိုက်နာ ကျင့်သုံးမှ နောင်မျိုးဆက်သစ်မှာ ခေတ်ကောင်းတစ်ခေတ် ဖြစ်လာနိုင်ပါလိမ့်မည်။ အခု ရေတွင်းတူး အခု ရေကြည်သောက်ဖို့တော့မလွယ်ကူနိုင်ပါ။ ကျွန်ုပ်တို့စာရေးနေတဲ့ Steemit Platform လိုပေါ့။ စိတ်ရှည်ရှည်နဲ့ တော့ စောင့်ရပေမပေါ့။
တကယ်လို့များ အထက်ကရေးခဲ့တဲ့ အာမခံလုပ်ငန်းတွေလုပ်နေမယ့်အစား အဲဒီ ငွေတွေကို ဆင်းရဲ မွဲတေနေတဲ့သူတွေကို နည်းပညာတွေသင်ပေး၊ ငွေတွေချေးပေးရင် အင်မတန်ကောင်းမယ်လို့တော့ တကယ် ထင်မိပါသည်။ ကျွန်ုပ်သာ အသက်အာမခံထားခဲ့ မယ်ဆိုရင် ကိုယ်သေမှ အကျိုးအမြတ်ရမှာဖြစ်တဲ့အတွက် နောက်လူကောင်းစားရေးဖြစ်သွားနိုင်တာကိုလည်း စိုးရိမ်မိပါသေးသည်။ ငွေကြေးအကျပ်အတည်း ဖြေရှင်းလိုသူများအနေနဲ့ ကိုယ့်မိသားစု အဆင်ပြေစေဖို့ဆိုတဲ့ စေတနာနဲ့ ဒီနေ့ အသက်အာမခံ သွားလုပ်ပြီး နောက်နေ့ ကိုယ့်ကိုယ်ကို သတ်သေပြီး ကျန်ရစ်သူမိသားစုများ ခွဲဝေသုံးစွဲစေလို့လုပ်ရင်တော့ ရပေလိမ့်မည်(ဖေ့စ်ဘွတ်မှာလည်း ကြိုးဆွဲချသေနေတဲ့သူတွေ အဲလိုများလုပ်နေလေသလားမသိ၊ ရယ်စရာပြောတာတကယ်လိုက်မလုပ်နဲ့နော်၊ သေရိုးသေစဉ်အတိုင်းမဟုတ်ရင်လည်း လျော်ကြေးရလောက်ပါ ဘူး)။ ဆင်းရဲသားများကို ငွေချေးပေးမယ်ဆိုရင်လည်း ဒီအတိုင်း ရော့ အင့် လို့ ငွေပေးရင်တော့ ဆင်းရဲသားများကို တွင်းတူးပြီး ဆင်းခိုင်းသလိုသာဖြစ်နေမှာ အမှန်ပါပဲ။ ဒါကိုလည်း မျက်စိရှေ့မှောက်မှာ ငွေချေးနေတဲ့သူတွေ မြင်တွေ့နေရလို့ပါ။ နေ့စဉ် အပတ်စဉ် ငွေတွေချေးကြ။ ပြီးရင် ဘာလုပ်ငန်းမှ မလုပ်ပဲ လောင်းကစားလုပ်တဲ့သူနဲ့ ဒီအတိုင်း သုံးဖြုန်းပစ်လိုက်သူနဲ့ပဲ မြင်ရတာတွေ များနေပါသည်။ ဆင်းရဲတွင်းက ပိုပိုနက်သွားသည်သာ အဖတ်တင်ကျန်ရစ်ခဲ့ကြကြောင်း အမြဲလိုလို မြင်နေရပါသည်။ ဒါတွေရေးနေတာကတော့ တတ်သိနားလည်လွန်းလို့မဟုတ်သလို ဝေဖန်ရေး လုပ်နေခြင်းလည်းမဟုတ်ပါဘူး။ စာရေးစရာ ကုန်ကြမ်းမရ သည်ကတစ်ကြောင်း၊ မီးကပျက်နေသည်ကတစ်ကြောင်း အပြေးအလွှား Post တင်ဖို့အရေး စဉ်းစားမရတာကြောင့် ခေါင်းထဲပေါ်ရာလျှောက်ရေးနေရခြင်းပင်ဖြစ်ရကား အပြစ်မမြင် ချစ်ခင်ပြီး ခွင့်လွှတ်စေချင်လှပါသည် ချစ်မိတ်ဆွေအပေါင်း အို သူတော်ကောင်းတို့….
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-Oct-2018 ဗုဒ္ဓဟူးနေ့(Wednesday)