ချွေတာရေး(Austerity)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကြီးပွားချမ်းသာလိုသော၊ အောင်မြင်တိုးတက်လိုသော ချစ်မိတ်ဆွေအပေါင်းတို့အား အထောက်အပံ့ဖြစ်စေချင်သာ စေတနာဖြင့် လည်းကောင်း၊ မှန်ကန်သော အသိအမြင်များဖြင့် ဘ၀ခရီးတွင် အောင်မြင်စေလိုသော စေတနာဖြင့် လည်းကောင်း ယခု စာများအရေးသားလိုက်ခြင်းဖြစ်ပါသည်။ လူအများစုသည် ဖတ်ဖူး မှတ်ဖူးပြီးသော စာများ ဖြစ်နိုင်ပြီး မေ့လျော့နေခြင်းလည်း ဖြစ်နိုင်ပါသောကြောင့် ပြန်လည်သတိပေးခြင်းလည်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘ၀အောင်မြင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရာတွင် ချွေတာရေး သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့်ဖြစ်ပါသည်။ ချွေတာရေးဆိုသည်ကိုလည်း လွဲမှားစွာမှတ်ယူတတ်ကြပါသည်။
Image from google
လူအများစုသည် ကပ်စေးနဲခြင်းကို ချွေတာခြင်းဟု မှားယွင်းစွာ မှတ်ယူထားတတ်ကြပါသည်။ ယခု စာဖတ်နေသော ချစ်မိတ်ဆွေကိုယ်တိုင်ရော ကပ်စေးနဲတတ်ပါသလား။ ကပ်စေးနဲခြင်း နှင့် ချွေတာရေးသည် လုံးဝမတူညီပါချေ။ ကပ်စေးနဲသောကြောင့် မပျက်စီးသင့်သောအရာများပျက်စီးတတ်သကဲ့သို့ ရရှိမည့် အကျိုး စီးပွာများလည်း ဆုံရှုံးတတ်ပါသည်။ သုံးသင့်ရာကိုမသုံးဘဲ ကပ်စေးနဲသောကြောင့် မဆုံးရှုံးသင့်သည့် အဖိုးတန် ပစ္စည်းများ ဆုံးရှုံးရတတ်ပါသည်။ ရန်ကုန်မြို့တော်လိုနေရာမျိုးတွင် ငွေကြေး အများအပြားကိုင်ဆောင်ပြီး သွားလာလှုပ်ရှားနေကြသည်ဆိုပါစို့။ တက္ကစီခ နှမြောပြီး ကပ်စေးနဲမိသောကြောင့် ဘတ်စ် တိုးဝှေ့စီးမိသဖြင့် ခါးပိုက်နှိုက်ခံရသောအကြောင်းတရားများ ရှိတတ်ကြပါသည်။ ကျွန်တော်တို့၏ ရပ်ကွက်သည် နွေရာသီတွင် ရေရှားပါးမှုနှင့် နှစ်စဉ်ကြုံတွေ့ရပါသည်။ နွေရာသီကိုရောက်ပြီဆိုလျှင် တတ်နိုင်သမျှ စဥ့်အိုးများ၊ စဥ့်အင်တုံများ၊ ရေအိုးရေခွက်များမပါမကျန် နေ့စဉ်ရေအလျင်မီစေရန်အတွက် ရေထည့်ထားကြရပါသည်။ ထိုရေဒုက္ခကို လွတ်မြောက်စေရန်အတွက် ရေကန်တစ်ခု တည်ဆောက်ရန်စီစဉ်ပါတော့သည်။ ရေကန်တည်ဆောက်ရာတွင် မိမိတတ်နိုင်သည့် ငွေကြေးဖြစ်လျက်နှင့် အုတ်အဟောင်းများကိုသုံးခြင်း၊ အရည်အသွေးမမီသော ဘိလပ်မြေများသုံးခြင်းကြောင့် ရေထည့်ပြီး ရက်များမကြာမီမှာပင် ရေကန်ကွဲပြီး နောက်တစ်ကြိမ် ရေကန်ပြန်တည်ရသောကြောင့် ငွေကြေးထပ်မံကုန်ကျရခြင်းသည် ချွေတာရေး မဟုတ်နိုင်ပါ။ အရည်အသွေးမပြည့်မီသောဘိလပ်မြေများဆိုသည်မှာ ခဲသွားပြီဖြစ်သော ဘိလပ်မြေများအား ပြန်လည် ထုထောင်းပြီး အမှုန့်ဖြစ်အောင်ပြန်လည်ပြုလုပ်ထားကာ တစ်ပြည်လျှင် မည်ရွှေ့ မည်မျှ ဟုသတ်မှတ်ကာ ပြန်လည်ရောင်းချခြင်းကိုဆိုလိုပါသည်။ ထိုကိစ္စကို ဆင်ခြင်ကြည့်လျင် မြန်မာစကားများထဲတွင်ကြားဖူးသော တစ်ပဲသား လိမ္မာပြီး တစ်ကျပ်သား မိုက်ခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။ ယခုခေတ်စကားဖြင့် နားလည်အောင်ပြောမည်ဆိုလျှင် ငါးဆယ်ဖိုး လိမ္မာပြီး တစ်ထောင်ဖိုးမိုက်ခြင်း ဖြစ်မလားမည်။ ကပ်စေးနဲခြင်း နှမြောတွန့်တိုခြင်းတွင် မကောင်းသော နောက်ဆက် တွဲများ ပါရှိလာတတ်ပါသည်။ ချွေတာရေးဆိုသည်မှာ ထိုကဲ့သို့မဟုတ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက မိန့်ကြား ထားခဲ့ဖူးပါသည်။ မှားယွင်းစွာကျင့်သုံးမိသော ချွေတာရေးများကြောင့်လည်း နိုင်ငံတကာတွင် ပဋိပက္ခများဖြစ်ပေါ်နေသည်ကိုလည်း ကြားသိနေရပါသည်။ လုပ်ငန်းခွင်များတွင် မှားယွင်းသောချွေတာရေးများကြောင့် ဆုံးရှုံးမှုများ ပြသနာများကို ဖန်တီးသလိုဖြစ်နေကြပါသည်။ မှားယွင်းသော ချွေတာရေးများ ကြောင့် လုပ်ငန်းများလည်း အောင်မြင်မှုမရှိတော့ပါပေ။
Image from google
ဒါဆိုရင် ချွေတာရေးဆိုသည်မှာ အဘယ်နည်း။ အမှန်တကယ် ချွေတာရေးဆိုသည်မှာ သုံးသင့်သည်ကို မသုံးပဲ နေခြင်းမဟုတ်ပါ။ မလိုအပ်သောအရာများအတွက် အပိုသုံးခြင်း ကိုရှောင်ရှားခိုင်းခြင်းသာဖြစ်ပါသည်။ လိုအပ်နေသောနေရာ မသုံးမဖြစ်သုံးရသောနေရာများတွင် မသုံးပဲနေခြင်းသည် ချွေတာရေးမဟုတ်ပါ။ ချစ်မိတ်ဆွေများလည်း တစ်စုံတစ်ခုကို ချွေတာမည်ဟု စိတ်အကြံအစည်ဖြစ်ပေါ်လာပါက ထိုကိစ္စတွင် ချွေတာလာခြင်းဖြင့် မသုံးပဲ နေလိုက်ခြင်းဖြင့်(ရေကန်ကွဲသည့်ကိစ္စ)နောက်နောင် နစ်နာစရာ၊ အကျိုးယုတ်စရာ မျာဖြစ်ပေါ်လာနိုင်ခြင်း ရှိ မရှိကို မိမိတို့ တို့သိသမျှအကြောင်းအရာများနှင့်ဆင်ခြင်သုံးသပ်ကြည့်ပါ။ ထိုသို့မဟုတ်ပဲ အခြားတတ်ကျွမ်းသူများနှင့်လည်းတိုင်ပင်သင့်လျှင် တိုင်ပင်ကြည့်ပြီး ချွေတာသင့်မှ ချွေတာပါ ဟု အကြံပေးပါသည်။ နောက်နောင်အကျိုးယုတ်စရာ တစ်စုံတစ်ရာ မရှိမှသာလျှင် ချွေတာရေးဟု ခေါ်ဆိုနိုင်ပါ သည်။ သို့ဖြစ်ပါသောကြောင့် ချွေတာရေးဟု ခေါင်းစဉ်တပ်ကာ ကပ်စေးနဲ နှမြောတွန့်တိုခြင်းကို ရှောင်ရှားကြပါခင်ဗျာ။
ချွေတာရေးဆိုသည်ကို ရှေးအခါက ပညာရှိသူတော်ကောင်းများ နည်းလမ်းပေးထားခဲ့သည်များရှိပါသည်။ ဆေးဆရာကြီး ဇီဝက ဆိုသော အမည်နာမကို လူတိုင်းကြားဖူးကြမည်ထင်ပါသည်။ ဆေးဆရာကြီးဇီဝကသည် တစ်နေ့သောအခါမှာ ခေါင်းကိုက်ဝေဒနာကို (၇) နှစ်တိုင်ခံစားနေရသော သူဌေးမတစ်ဦးအား ဆေးကုသရန် ပင့်ဖိတ်လာပါသည်။ ဆေးဆရာကြီးသည် ခေါင်းကိုက်ဝေဒနာအား ကုသရာတွင်သုံးစွဲသည့်ဆေးမှာ ထောပတ် ပါရှိပါသည်။ ဆေးအသုံးပြုရာတွင် ၀ါဂွမ်းနှင့်တို့ပြီးသုံးခြင်းဖြစ်ရာ ဆေးတွင်ပါဝင်သော ထောပတ်ပါသည့် ၀ါဂွမ်း များအား သိမ်းဆည်းထားရန် စေခိုင်းခဲ့ပေသည်။ ထိုအရာကို မြင်ရသော ဆေးဆရာကြီးဇီဝက၏ စိတ်တွင် ကပ်စေးနှဲလိုက်တာ ဆေးဖိုးတောင် ထိုက်တန်အောင်ရပါ့မလား ဟုများတွေးထင်မိမည်ထင်ပါသည်။
Image from google
မျက်နှာ ညှိုးနွမ်းနေသည်ကို ပညာဥာဏ်ရှိသော သူဌေးမကြီးက ထောပတ်စက်သေးသေးကလေးများအား မပစ်ရက်ပဲ သိမ်းဆည်းနေလို့တော့ ဆေးဖိုးဝါးခ ထိုက်တန်အောင်ရပါမလားလို့တော့ သဘောမထားပါနှင့် ထောပတ်တို့သည် အလဟသအကျိုးမဲ့ ကုန်မည့်အစား အိုး ခွက်ငယ်တို့ဖြင့် သိမ်းဆည်းထားခြင်းဖြင့် နောင်အခါ ဆီမီးထွန်းညှိရန်အတွက်လည်းကောင်း၊ အနာရောဂါဖြစ်လာလျှင် အသုံးချကုသနိုင်စေရန်အတွက် လည်းကောင်း သိမ်းဆည်းထားစေခြင်းဖြစ်ကြောင်းပြောကြားပါသည်။ ထိုသို့ မကုန်သင့်သည်ကို မကုန်အောင် ထိန်းသိမ်း ချွေတာခဲ့သဖြင့် ယခုကဲ့သို့ သူဌေးဘ၀ကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့ကြောင်း ဖတ်မှတ်ဖူးပါသည်။ ကပ်စေးနဲခြင်းမဟုတ် ချွေတာရေးစစ်စစ်ကို ပြသလိုက်ခြင်းဖြစ်ပါသည်။
ဒီနေရာမှာ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော မိမိတို့၏ ရရှိလာသော ဥစ္စာပစ္စည်များအား သုံးစွဲနည်းကို ရေးသားလိုပါသည်။ မြတ်ဗုဒ္ဓက ကျွန်တော်တို့လူသားများကို သုံးချင်တိုင်းသုံးခွင့်ပေးမထားခဲ့ပါဘူး။ သုံးချင်ရာသုံးဟု ဆိုမထားခဲ့ပါဘူး။ ဥစ္စာသုံးစွဲနည်းကို ဟောကြားထားတော်မူခဲ့ပါတယ်ခင်ဗျာ။ မြတ်ဗုဒ္ဓရဲ့ ဥစ္စာပစ္စည်းများကို သုံးစွဲနည်းက
မိမိတို့ရရှိလာတဲ့ ဥစ္စာပစ္စည်း တနည်းအားဖြင့် ငွေကြေးများကို လေးပုံ ပုံပြီး ပထမတစ်ပုံကို မိမိတို့ရဲ့ စား ၀တ် နေ ရေး နှင့် အလှူဒါနများ ပြုလုပ်ရန်အတွက် အသုံးပြုပါ။
ဒုတိယ နှင့် တတိယ နှစ်ပုံကိုတော့ မိမိတို့လုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် နောင်ရေးစိတ်အေးစေရန်အသုံးပြုပါ။
နောက်ဆုံးကျန်ရှိတဲ့ စတုတ္ထတစ်ပုံကို မသုံးမဖြစ် သုံးကြရမယ့် အရေးကိစ္စများ ပေါ်ပေါက်လာသောအခါ သုံးရန်အတွက် တနည်းအားဖြင့် မိမိတို့အတွက် အိုစာမင်းစာ ရံပုံငွေအနေဖြင့်ထားပါ။
Image from google
အထက်ပါအကြောင်းအရာကို လူအတော်များများကတော့ ကြားဖူးကြလိမ့်မည်ထင်ပါသည်။ လူဘယ်နှစ်ယောက်က လိုက်နာကျင့်ဆောင်နိုင်နေသလဲတော့ မသိပါခင်ဗျာ။ စဉ်းစားအပ်လှပေသည်။ အမှန်တကယ်ဆိုရပါလျှင် အခြားသူများတော့မသိပါ။ အထက်ပါ မြတ်ဗုဒ္ဓက လူသားများအတွက် အခမဲ့(အခမဲ့) ရေးဆွဲပေးခဲ့သော ငွေကြေးသုံးစွဲနည်း ဘတ်ဂျက်(Budget) စီမံကိန်းအား ကျွန်တော်ယခုအချိန်အထိ အသုံးမပြုခဲ့ဘူးသေးပါချေ။ ထို့ကြောင့်ထင်ပါသည်။ ယခုအချိန်အထိ ငွေကြေးကိစ္စများတွင် အမြဲတမ်းကိုးရိုးကားရားဖြင့် ဖြေရှင်းနေရဆဲဖြစ်ပါသည်။ ကြီးပွားကြောင်းအတွက် အကြောင်းတရားလေးပါးကို အောက်ပါအတိုင်း လင်္ကာသီကုံးထားခဲ့ပါသည် -
ပျက်သည်ကိုပြင်၊
ပျောက်လျင်ရှာဖွေ၊
သုံးလေ မျှရုံ၊
ဥာဏ်ထုံသူအား မှူးမထား
လေးပါးကြီးပွားကြောင်း။
ဟု စပ်ဆိုခဲ့ကြသည့်နည်းတူစွာ ပျက်စီးကြောင်းတရားလေးပါးကိုလည်း အောက်ပါအတိုင်း လင်္ကာသီကုံးထားခဲ့ ပါသည်-
ပျက်တာကိုမပြင်၊
ပျောက်လျင်မရှာ၊
ဗရပွာအသုံး
ဥာဏ်တုံးသူအား အမှူးထား
လေးပါးပျက်စီးကြောင်း။
ဆိုလိုသည်မှာ ပျက်သောအရာများအား ပြုပြင်ပါ။ ပျောက်သောအရာများအား ပြန်လည်ရှာဖွေပါ။ အသုံးအစွဲကို ချွေတာပါ။ အသိဥာဏ်ပညာမရှိသော လူမိုက်အား အကြီးအကဲနေရာတွင် မထားခြင်းဖြင့် ကြီးပွားနိုင် ကြောင်းကို ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် လူသားများအတွက် လောကလူတို့ သိသင့် သိထိုက်သော အရေးအရာကိစ္စများအား ပြည့်စုံစေရန် ဟောကြားထားခဲ့ပါသည်။ နောက်ထပ်နောက်ထပ်လည်း ဥစ္စပစ္စည်းများနှင့်ပတ်သက်ပြီး ဟောကြားချက်များ ရှိနေပါသေးသည်။ သို့သော် ယခုခေါင်းစဉ်အတွက် ဒီလောက်သာရေးသားလိုက်ပါသည်။
Image from google
ယခုဆောင်းပါးအား ဖတ်ရှုကြသော ချစ်မိတ်ဆွေများလည်း နှမြောတွန့်တိုခြင်း၊ ကပ်စေးနဲခြင်း နှင့် ချွေတာရေး အား ခွဲခြားသိမြင်နိုင်ပြီး ချွေတာနိုင်ကြပါစေခင်ဗျာ။ မိမိတို့၏ မမှန်မကန် ချွေတာမှုသည် မိမိတို့၏ အဖိုးတန်သောပစ္စည်းဥစ္စားအား ဆုံးရှုံးနိုင်စေကြောင်းသတိပြုနိုင်ကြပါစေ။ အမှန်တကယ်ချွေတာရေးသည် နောက်ဆက်တွဲပြသနာများမရှိပဲ နှမြောတွန့်တိုခြင်း၊ ကပ်စေးနဲခြင်းသည်ကား နောက်ဆက်တွဲပြသမားများ ကပ်ပါလာတတ်သည်ကိုလည်း သိမြင်နိုင်ကြပါစေ။ တစ်ပဲလောက်တန်သောအရာကြောင့် တစ်ရာတန်မပျက်စီးကြပါစေနှင့် ငါးဆယ်လောက်တန်သော ပစ္စည်းလေးတစ်ခုကို ခြိုးခြံလိုက်သောကြောင့် တစ်သောင်းတန် ပစ္စည်းများမဆုံးရှုံးလိုက်ကြပစေနှင့် ဟု အကြံပေးတိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါသည်ခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-10-2017 ဗုဒ္ဓဟူးနေ့(Wednesday)