လောက သဘာဝဓမ္မ နှင့် သင်ခန်းစာ (Natural Truth And Lesson)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-1 copy.png

Image from google


ယနေ့ခေတ်လူငယ်များအနေဖြင့် တိုးတက်လာသောပစ္စည်းများကြောင့် လောကသဘာဝများ၊ လောက ဓမ္မများကို အလေးထားခြင်းမရှိတော့ဟုထင်ပါသည်။ သဘာဝတရားများကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ လူမှုရေး၊ ယဉ်ကျေးမှုတို့တွင်လည်း သိရှိမှုအားနည်းလာကြသည်ကို မြင်တွေ့နေ ကြရသည်မှာ နိုင်ငံအတွက် ၀မ်းနည်းစရာတစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် လူငယ်များ၏ အပေါ်တွင်မူတည်နေကြောင်း မကြာခဏ ရေးသားခဲ့ဖူးပါသည်။ ယခုလည်း ဆက်လက်ရေးသားပါဦးမည်။ လူငယ်များသည် အသိပညာ၊ အတတ်ပညာပိုင်းတွင်လည်း အင်မတန်အားနည်းလာကြသည်မှာ နောင်အနာဂတ်နိုင်ငံတော်အတွက် စိုးရိမ်စရာဟုလည်းထင်မြင်မိပါသည်။ အရက်သမားများဖြင့်လည်းကောင်း၊ ဘိန်းသမားများဖြင့်လည်းကောင်း၊ မကောင်းမှုဒုစရိုက်များဖြင့် ဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်နိုင်မည်မဟုတ်သည် ကို လူတိုင်းနားလည်မည်ဖြစ်သောကြောင့် အထွေအထူးမရေးသားလိုတော့ပါ။ ကောင်းမှုသုစရိုက်များ တစ်ယောက်လိုက်နာလျင် တစ်ယောက်ပြုပြင်လျင်ပင် ကျေနပ်မိမည်ဖြစ်ပါသည်။ ရုပ်ဝတ္ထုများ၏ လွှမ်းမိုးမှုများပြားလာသောအခါ စိတ်ဓာတ်များယိုယွင်းလာခြင်းကြောင့် သဘာဝတရားကြီးကပေးသော သင်ခန်းစာများသည် ရယ်ဖွယ်ရာအဖြစ်သို့ ရောက်ရှိကုန်ကြသည်လားမသိ။ လူကြီး လူငယ် လူရွယ် လူလတ် အားလုံးနီးပါးသည် ခလုတ်ထိမှ အမိတ ဆိုသကဲ့သို့ ဒုက္ခ နှင့် လှလှတွေ့ချိန်မှ သတိရကြကုန်သည်ဖြစ်ရာ မိုးလွန်မှထွန်ချဆိုသကဲ့သို့ အချိန်များစွာလွန်ကုန်ကြရပေသည်။ လောကသဘာဝဓမ္မဆိုသည်မှာ သဘာဝတရားကြီးက ချမှတ်ပေးထားသော အမြဲတမ်းအမှန်တရား ပင်ဖြစ်ပါသည်။ သတ္တ၀ါတိုင်းသေရမည်။ လူတိုင်းတွင် ဒုက္ခဆိုသည်နှင့်တွေ့ရမည်။ လူတိုင်းအတွက် အမြဲမှန်ကန်နေခြင်းသည် လောက သဘာဝဓမ္မပင်ဖြစ်ပေသည်။


03.png

Image from google


ယနေ့ခေတ်တွင် လူအဖြစ်သို့ရောက်ရှိလာကြကုန်သော လူသားအပေါင်းတို့သည် ရုပ်ဝတ္ထုများ၏ လွှမ်းမိုးမှု တိုးတက်လာမှုအောက်တွင် သဘာဝ ဆိုသော စကားလုံးသည်ပျောက်ဆုံးသလောက်ရှိနေခဲ့ပေပြီ။ သဘာဝမှပေး အပ်သော သင်ခန်းစာများအား မသိမမြင်ဖြစ်ကုန်ကြလေပြီ။ လူတို့သည် မိမိတို့၏ အနာဂတ်ကာလကြီးပွားချမ်းသာ ရေးအတွက်ဟူသော ဆိုင်းဘုတ်ကို ကိုင်ဆွဲထားကာ ငွေဟူသောအရာနောက်သို့ ကောက်ကောက်ပါအောင်လိုက် ကြလေရာ မှားယွင်းသော လမ်းများသို့ ရောက်ရှိကြလေကုန်၏။ ချမ်းသာခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်းကို ရှာရာမှ ချမ်းသာခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်းတို့နှင့် ဆန့်ကျင်ဖက်ဖြစ်သော ဆင်းရဲခြင်း၊ ယုတ်လျော့ခြင်း၊ ကျဆုံးခြင်းတို့နှင့်သာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြသောအခါ တွေဝေသွားကြပေတော့သည်။ မည်သို့ဆက်လက် လုပ်ကိုင်ကြရတော့မည်ကို မသိတော့သည့်အပြင် အမှားများကိုသာ ဆက်လက်ကျူးလွန်မိတတ်လေသည်။ ထိုအခါ ပြုပြင်ရန်ခက်ခဲတော့လေသည်။ သဘာဝ၏ အပြစ်ဒဏ်ကိုလည်းကောင်း၊ လူဘောင်တွင် ချမှတ်ထားသော အပြစ်ဒဏ်ကိုလည်းကောင်း ခံကြရတော့မည်ဖြစ်ပေသည်။ သဘာဝက ချမှတ်ထားချက်များအား လွန်ကျူးမိခဲ့သည်ရှိသော် ယခု နောင် စိတ်၏ချမ်းသာခြင်းသို့မရောက်နိုင်တော့ပါ။ လက်ရှိအချိန်တွင် သူတစ်ပါးအား စိတ်ဆင်းရဲနေစေကာ မိမိက စိတ်ချမ်းသာနေခြင်းသည် မကြာမီကာလတွင်ပင် ထိုအကျိုးဆက်သည် ပြန်လည်ခံစားရမည်မှာ လောကသဘာဝဓမ္မပင်ဖြစ်ပေသည်။

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ မလွဲကိုယ့်ထံပြန်လာမည်


05.png

Image from google


လူတို့၏ဘ၀တွင် ရည်ရွယ်ချက်လမ်းကြောင်းမှားယွင်းသွားပါက မှားယွင်းသောအတွေးအခေါ်၊ မှားယွင်းသော လုပ်ရပ်များ လုပ်ကိုင်လာတတ်ကြပေသည်။ အထင်မှား၊ အမြင်မှားများလည်း ၀င်ရောက်လာကြပေတော့သည်။ ထိုသို့လွှဲမှားမှုကြောင့် မိမိတို့၏စိတ်သည်အေးချမ်းမှု မရရှိနိုင်ပါတော့ချေ။ ထိုအမြင်မှားမှုတို့ကြောင့်ပင် ကျွန်တော်တို့ခံစားနေရသော စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့သည် လာရောက်ကြကုန်လေ၏။ စိတ်၏ချမ်းသာခြင်း၊ လူ ၏ချမ်းသာခြင်းကွယ်ပျောက်သွားလေတော့သည်။ စိတ်၏ငြိမ်းချမ်းရေး၊ စိတ်ချမ်းသာမှုတို့ကိုမူ လူသားတိုင်း အလိုရှိ ကြကုန်၏။ သို့သော် စိတ်ချမ်းသာမှုရရှိရန်ကိုမူကား ကြိုးစားသူ နည်းပါးလှပေသည်။ လောကတွင် မိမိတစ်ဦးတည်းသာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းကို အလိုရှိသည်ဟု မမှတ်ယူကြပါလေနှင့်။ လူတိုင်း စိတ်ချမ်းသာမှုကိုလိုချင်ကြသည်သာဖြစ်ကြောင်း နားလည်သဘောပေါက်သင့်ပါသည်။ မိမိ၏ စိတ်ချမ်းသာမှု တစ်ခုအတွက် အခြားသူများအား လိမ်လည်လှည့်ဖြားခြင်းမပြုအပ်ပါ။ လိမ်လည်လှည့်ဖြားခြင်းသည် အစဉ်အမြဲ လိမ်လည်လှည့်ဖြားနေနိုင်သည်မဟုတ်။ အခြားသောသူများအား လိမ်လည်လှည့်ဖြားခြင်းဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းခြင်းကို ပြုခြင်း၊ မိမိ၏စိတ်ချမ်းသာမှုအတွက် မကောင်းမှုကို ကျူးလွန်နေခြင်းတို့သည် မှားသည် မှန်သည်ကို စဉ်းစားဆုံးဖြတ်နိုင်ကြပါစေကုန်။

ကိုယ်ကြိုက်တာကိုယ်လုပ်ပါ။ ထို့အတူ ကိုယ်ဖြစ် ကိုယ်ခံ ဆုမပန်ပါနှင့် မည်သူ့မျှသင့်အစား ၀င်ရောက်ခံလို့မရပါ။ သင်ပြုသောအလုပ်အတွက် သင်သာလျှင်တာဝန်ရှိပါသည်။ သင့်တံဆိပ်ကို သင်ကိုယ်တိုင် ကပ်ခြင်းဖြစ်ပါသည်။ မည်သူကမျှလာရောက် တံဆိပ်ကပ် ခြင်းပြုသည်မဟုတ်ကြောင်း သတိရစေချင်ပါသည်။ မည်သည့်တံဆိပ်ကပ်မည်ကို သင်ကိုယ်တိုင်သာ ဆုံးဖြတ်ပါ။


02.png

Image from google


အမေရိကန်၏ သမတတစ်ဦးဖြစ်သူ အေဗရာဟင်လင်ကွန်း က "သင်သည် အချို့သောလူများကို အမြဲတစေ လိမ်ညာနိုင်ပေမည်။ လူအားလုံးကိုမူ တစ်ခါ တစ်ရံ လိမ်ညာနိုင်ပေမည်။ သို့သော် အမြဲထာဝရ လိမ်ညာနိုင်မည် မဟုတ်ပေ" ဟုပြောကြားခဲ့ဖူးပါသည်။ သဘာဝဓမ္မသည် ထိုသို့လိမ်ညာလှည့်ဖြားခြင်းကို ခွင့်ပြုမည်မဟုတ်ပါချေ။ ထို့အတူ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှလည်း ခွင့်ပြုမည်မဟုတ်ပါချေ။ သဘာဝဓမ္မတို့သည် အမြဲတမ်းမှန်ကန် နေသည်ဖြစ်ပေသည်။ ထို့ကြောင့် လူမျိုး မရွေး ဘာသာမရွေး အချိန် နေရာမရွေး မှန်ကန်မည်ဖြစ်ပါသည်။ မိမိအား အလိမ်ညာမခံလိုပါလျှင် အခြားသူများအားလည်း မလိမ်ညာစေရန်လိုပါသည်။ စည်းကမ်းဥပဒေသည် ထိုသို့ပင် ဖြစ်ပါသည်။ အမြဲတမ်းအမှန်တရားသည် သဘာဝဓမ္မသာဖြစ်ပါသည်။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးဖြင့် ထိုအမြဲ တမ်းမှန်ကန်နေသော သဘာဝဓမ္မအား ကျူးလွန်ဖောက်ပြားသူသည် သဘာဝလောကကြီးအား ညစ်ညမ်းစေသော အမှိုက်သရိုက်သာဖြစ်ပေမည်။ ထိုသို့ယုတ်မာသောအကျင့်၊ ရက်စက်တတ်သောအကျင့်ကြောင့် သူနှင့်ဆက်ဆံသူ အားလုံးသည်လည်း ညစ်ညမ်းမှုများနှင့်သာတွေ့ဆုံကြရမည်မှာလည်း ဧကန်အမှန်ပင်ဖြစ်ပါသည်။


04.png

Image from google


လောကဓမ္မတို့အား ချိုးဖောက်သူများသည် အရင်ဦးစွာ နာမည်ပျက်စီးဆုံးရှုံးရမည်ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုသော် Brand ကို ယုံကြည်မှုကင်းမဲ့သွားမည်ဖြစ်ပေသည်။ သူခိုးဟု နာမည်တပ်ခံရသူသည် သူအတွက် Brand သည် သူခိုးပင်ဖြစ်ပေတော့မည်။ ထို့အတူ လူလိမ် Brand လူဆိုးလူမိုက် Brand စသည်ဖြင့် မိမိတို့ကိုယ်တိုင် ရွေးချယ်လိုက်ကြခြင်းသာဖြစ်ပေသည်။ မိမိတို့ကိုယ်တိုင်ရွေးချယ်လိုက်သောလုပ်ရပ်သည် မိမိတို့၏ ကိုယ်ပိုင် Brand သာဖြစ်ကြောင်း သတိပြုဆင်ခြင်နိုင်ကြပါစေရန်အတွက် ရေးသားရင်း ရပ်နားလိုက်ပါသည်။ ကွန်ပျူတာ သည် vrirs ကိုက်နေဆဲဖြစ်သော်လည်း စာကိုတော့ဖြစ်အောင်ရေးသားလိုက်ရပေသည်။ ပြန်လည် စစ်ဆေးရန် အချိန်တော့မရလိုက်တော့ပါသောကြောင့် သည်းခံဖတ်ရှုကြပါခင်ဗျာ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-Jan-2018 ဗုဒ္ဓဟူးနေ့(Wednesday)