လေ့လာသင့်သည့် သမိုင်း ပထ၀ီ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့ စာရေးမယ်လို့စဉ်းစားလိုက်တော့ ဘာရေးရမှန်းမသိ ယောင်လည်လည်ဖြစ်နေတယ်။ ဟိုဟာရေးရမလား၊ ဒီဟာရေးရမလား စဉ်းစားကြည့်လိုက် အာရုံမရလိုက်။ ပြန်ဖျက်လိုက်နဲ့ အချိန် အတော်ကုန်သွားတယ်။ ခုလည်း ဘာရေးရမှန်းမသိသေးဘူးရယ်။ အဲဒီဘာရေးရမှန်းမသိတာကို စဉ်းစားပြီး လျောက်ရေးနေမိတယ်။ သီချင်းနားထောင်မယ်လို့စဉ်းစားပြီး သီချင်းဖွင့်လိုက်တယ်။ ဒါလည်းအာရုံမရ။ သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်ကျော်ပြီးဖွင့်ကြည့်တယ်။ နိုးပါ။ ဘယ်လိုမှ စာရေးရန် အာရုံမရဖြစ်နေတယ်။ လက်ဖက်ရည်ဆိုင်ထွက်ထိုင်မိတယ်။ သူငယ်ချင်းတစ်ချို့နဲ့တွေ့တော ရောက်တတ်ရာရာလျောက်ပြောနေရင်း သမိုင်းကြောင်းတွေရောက်သွားတယ်။ အမှန်ပြောရမယ်ဆိုရင် သမိုင်းကြောင်းတွေကို သိပ်စိတ်မ၀င်စားမိတာ အမှန်ပါ။ သူငယ်ချင်းတွေပြောနေတဲ့ သမိုင်းကြောင်းကို ဘာတွေမှန်းမသိ။ ယောင်နနနဲ့ နားထောင်မိတယ်။ ကောင်းမှုတော်မြတ်စွာဘုရားကြီးကို ဘယ်မင်းတည်ထားကိုးကွယ်ခဲ့တာတုံးဆိုပြီး တစ်ယောက်က မေးတော့ သိတာလိုလို မသိတာလိုလိုနဲ့ပဲ။ ဟိုမင်းလိုလို ဒီမင်းလိုလိုပေါ့နော။ အမှန်ကတော့ သိသလိုလိုနဲ့လုပ်နေတာ တကယ်တော့ ဘာမှကို သေချာမသိတာပါ။
သမိုင်း သမိုင်း သမိုင်း။ သမိုင်းဆိုတာကို ကျောင်းနေစဉ်က စာမေးပွဲဖြေဖို့လောက်သာ အော်ဟစ်ကျက်မှတ်ခဲ့ဖူးပါတယ်။ သေချာမှတ်သားထားခြင်းလည်းမရှိပါဘူး။ သမိုင်းတွေအကြောင်း သေချာမသိတာ သိပ်မထူးဆန်းပါ။ လေ့လာတာတွေ စူးစမ်းတာတွေ လုပ်မှ မလုပ်ခဲ့ပဲကိုး။ သမိုင်းဆိုတဲ့နေရာမှာလည်း လူတို့ရဲ့သမိုင်းဆိုတာက အဓိကအခန်းကဏ္ဍကနေပါနေမှာပါ။ ဘာ့ကြောင့်ဆိုတော့ သမိုင်းဆိုတာကို လူတွေကမှတ်တမ်းတင်ကြတာမို့လို့ပေါ့။ လူတို့၏သမိုင်း၊ တိရစ္ဆာန်တို့ရဲ့သမိုင်း၊ နည်းပညာတို့ရဲ့သမိုင်း၊ ဘာသမိုင်း ညာသမိုင်း၊ သမိုင်းမှန်သမျှ လူတွေကပဲ မှတ်တမ်းပြုစုကြရတာပဲကိုး။ ကောင်းသောလူများရဲ့သမိုင်း၊ မကောင်းသောလူများရဲ့သမိုင်းကိုလည်း လူတွေကပဲ မှတ်တမ်းတင်ထားခဲ့ကြတာပါ။ ဒါပေမယ့် လူတွေရဲ့ ကောင်းကြောင်း၊ မကောင်းကြောင်း သမိုင်းတချို့ကိုတော့ သိပ်လက်ခံလို့ဖြစ်မယ်မထင်ဘူး။ ရှေးအချိန်တုံးက သမိုင်းတင်မယ်ဆို အုပ်ချုပ်သူ ဘုရင်ပေါ့နော်၊ သူတို့ရဲ့စိတ်ကြိုက် ဖြစ်အောင်ရေးသားကြရတယ်။ သူ့တို့စိတ်ကြိုက်မဖြစ်ရင်တော့ သတ်စေ နဲ့ တွေ့သွားမယ်ဆိုတော့ ကလန်ကဆန်လုပ်ပြီးတော့ အသတ်မခံနိုင်ဘူးလေ။ ကိုယ်တင်မဟုတ် ဆွေစဉ် မျိုးဆက်ကိုလည်း သတ်ခံရနိုင်တာပေါ့။ ဒါကြောင့်လည်း သမိုင်းဆိုတာတွေကို မဖတ်ဖြစ် လေ့လာဖြစ်နဲ့ အချိန်တွေအတော်ကြာခဲ့ပြီ။ လူ့သမိုင်းရေယဉ်ကြောသည်လည်း အမြဲတည်ငြိမ်နေသည်မဟုတ်ပါဘူး။ လှိုင်းထန်တဲ့အချိန်၊ လှိုင်းကြက်ခွပ်လေးတွေသာထနေတဲ့အချိန်၊ မှန်လိုညီညာနေတဲ့အချိန် အမျိုးမျိုးရှိခဲ့ကြတာပါပဲ။ လောကသဘာဝနဲ့ ဆန့်ကျင်ပြီးတော့ ဘယ်သူမှ နေထိုင်လို့မရကြလေတော့ ကောင်းတာတွေလည်း ကြုံခဲ့ကြမယ်။ မကောင်းတာတွေလည်း တွေ့ခဲ့ကြမယ်။ ဒါကို အကောင်းတွေချည်း အမွှန်းတင်ပြီးတော့ သမိုင်းအဖြစ်ချန်ရစ်ခဲ့တတ်တယ်ဆိုရင် သမိုင်းကို သံသယဖြစ်စရာဖြစ်မိတတ်တာပေါ့။ သို့သော် သမိုင်းမသိလျှင် “အ” မည် ဟု ဆိုတားပြန်ရာ သမိုင်းကိုမသိလျှင်လည်း မဖြစ်ပြန်ပေ။ သမိုင်းကိုတော့ မှန်မှန်ကန်ကန်လေ့လာကြရမည်သာဖြစ်ပါသည်။ သမိုင်းကို မလေ့လာတဲ့အတွက် ဘယ်နေရာကိုရောက်ရောက် ဒေသအကြောင်းမသိနိုင်တော့ပါ။ သမိုင်းကိုလေ့လာထားခဲ့ပါက ဘယ်ဒေသရောက်ရောက် သမိုင်းကိုသိပြီးတဲ့အတွက် ဘာကို ဘယ်လို ဘယ်နေရာကစလေ့လာနိုင် တာကို အလွယ်တကူသိစေနိုင်ပါတယ်။ သမိုင်းကြောင်းကို သိထားတဲ့အတွက် ပိုပြီးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အခြားအချိန်တွေမှာမလေ့လာဖြစ်ရင် ခရီးသွားရမယ်ဆို သွားမယ့်ဒေသရဲ့ ထင်ရှားတာတွေ သမိုင်းကြောင်းတွေကိုလေ့လာပြီး သွားမယ်ဆိုရင် အကျိုးမယုတ်နိုင်ဘူးလို့ ထင်ပါတယ်ဗျာ။ ဒီတော့ သမိုင်းကိုလေ့လာဖို့ အကြံပြုလိုပါတယ်။ ဂူသချိုင်္င်းတွေ ပြန်လည်တူးဖော်ကြတာ၊ မြို့ရိုးကြီးတွေကို အပျက်အစီးမရှိအောင် ပြန်လည်တူးဆွနေကြတာ၊ မြေအောက်မှာတွေ့ရတဲ့အရိုးစုလေးတစ်စုကို အကျိုးအပဲ့ အထိအခိုက်မရှိအောင် ယုယုယယ တူးဖော်နေကြတာလည်း သမိုင်းကို သိချင်ကြလို့ပါ။
နောက်လေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုက ပထ၀ီပဲဗျ။ ကျောင်းတုံးကတော့ စာရအောင် အော်ကျက်ဖူးတယ်ပေါ့ဗျာ။ အဲဒီထက်တော့မပိုခဲ့ဘူး။ စိတ်လည်းမ၀င်ခဲ့ဘူး။ ပထ၀ီကို မသိပြန်ရင်လည်း “အ” တာပါပဲ။ ပထ၀ီကိုသိမှ ရာသီဥတုတို့၊ မြေအနေအထား မြေမျက်နှာ အသွင်အပြင်တို့၊ သဘာဝပေါက်ပင်တွေတို့ကို သိနိုင်မှာဖြစ်ပါတယ်။ အဲဒါတွေကို သိထားရင် ကိုယ်သွားမယ့်ဒေသမှာ ဘယ်အချိန် မိုးရွာနိုင်မယ်၊ လေတိုက်နိုင်မယ်၊ နှင်းကျနိုင်မယ် စသည်ဖြင့်လည်း ခန့်မှန်းသိရှိနိုင်ပါမယ်။ ဘယ်ဒေသမှာ ဘယ်တွင်းထွက်ပစ္စည်းတွေထွက်တယ်၊ တွင်းထွက်ပစ္စည်းဆိုတာ ဘယ်လိုပစ္စည်းမျိုးတွေဖြစ်တယ်၊ ဘယ်ဒေသမှာတော့ ဘယ်လိုသစ်တောတွေပေါက်ရောက်တယ်၊ ဘယ်သစ်အမျိုးအစားက ချမစားနိုင်ဘူး ကအစ သိနိုင်တာပေါ့။ ဒါပေမယ့်လည်း ယခုမျက်မှောက်ခေတ်မှာတော့ တိုးတက်လာတဲ့နည်းပညာ တွေများပြားနေပြီဖြစ်လို့ ဒါတွေမသိလည်း ဖြစ်တယ်ဆိုတဲ့ခေတ်ကို ရောက်နေပါပြီလေ။(တွင်းထွက်ကလည်း အတော်ကုန်နေပြီ၊ သစ်တောကလည်း မရှိသလောက်ပေါ့)မသိလည်း မသိကြတော့ပါဘူး။ လေ့လာဖိုပလည်း စိတ်မ၀င်စားကြတော့ပါဘူးလေ။ လူငယ် လူရွယ်တွေမဆိုထားနဲ့ လူကြီးတွေတောင် စိတ်မ၀င်စားတတ်ကြတော့ပါဘူး။ မြန်မာနိုင်ငံမှာ အဓိကမြစ်ကြီးတွေ၊ အရေးပါလှတဲ့ တောင်တန်းကြီးတွေက ဘာတွေဆိုတာတောင် စိတ်မ၀င်စားကြတော့ပဲ ကိုယ့်နေ့စဉ်အလုပ်ကိုပဲ အာရုံစိုက်လုပ်ကိုင်နေကြရတဲ့ ခေတ်ဖြစ်နေပါပြီ။
တကယ်တော့ စာရေးဖို့ဘာကိုရေးရမှန်းမသိအာရုံမရဖြစ်နေတာကြောင့် စိတ်ကူးထဲတည့်ရာ ရေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်း၊ ပထ၀ီဆိုတာ ခုခေတ်လူငယ်တွေ စိတ်မ၀င်စားလောက်အောင်လဲ ဖြစ်နေပါတယ်။ ဖြစ်ရတာကလည်း ဆရာဝန်၊ အင်ဂျင်နီယာလောက်ကိုသာ အရေးထားကြတဲ့ ခေတ်ဖြစ်နေပါပဲ။ ကျောင်းဆရာ အလုပ်ကို လုပ်ကိုင်လိုသူနည်းပါးလာပြီး ကျောင်းတွေမှာ ဆရာမတွေသာ အများအပြားတွေ့ရှိနိုင်ခြင်းကလည်း ကျောင်းနေအရွယ်ကလေးအများစု စာမှာ စိတ်မ၀င်စားတဲ့ အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒီတော့ ပထ၀ီပညာရှင်၊ သမိုင်းပညာရှင်ရယ်လို့ ဂုဏ်ပြုချီးကျူးမယ့်သူမရှိကြလေတော့ တဖြည်းဖြည်း မှေးမှိန်လာရာကနေ ပျောက်ကွယ်သွားတော့မယ် ထင်ပါတယ်။ ကဲဗျာ ရေးစရာမရှိလို့ လျောက်ရေးနေတာ အတော်လည်း ရှည်နေပြီမို့ နားလိုက်ပါဦးမယ်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
1-June-2018 သောကြာနေ့(Friday)