မျှော်လင့်ခြင်းမီးအိမ်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


သဘာဝတရားကြီးက အလွန်ထူးဆန်းလှပါတယ်။ တစ်ခါတစ်ရံမှာ ကြိုတင်ကြံစည်ထားခြင်း မရှိပါပဲနဲ့ မထင်မှတ်တာတွေကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ ကြိုတင်ကြံစည်စည်ထားပေမယ့်လည်း ကြံစည်ချက် အတိုင်း အောင်မြင်ချင်မှလည်း အောင်မြင်တတ်ပါတယ်။ ဒီတော့ သိလာရတာတစ်ခုက မမြင်ရတဲ့ ကံကြမ္မာ ဆိုတာ ရှိတယ်ဆိုတာကို နားလည်လာမိပါတယ်။ မမြင်ရတဲ့ကံကြမ္မာဆိုတာကို ပြောဖို့ဆိုရင်တော့ လူတွေမှာ လည်း သံသရာလည်တယ်ဆိုတာကို လက်ခံမှ ဖြစ်မယ်ဗျ။ အခြားသောအရာတွေမှာသာ သံသရာဆိုတာ ရှိတာ မဟုတ်ပဲ လူမှာလည်း သံသရာလည်တယ်ဆိုတာရှိပါတယ်။ ရေသံသရာလည်ပုံကို ငယ်စဉ်က ကျောင်းမှာ သင်ကြားခဲ့ဘူးသလိုပါပဲ။ လူဆိုတာလဲ သံသရာဆိုတဲ့ အလွန်ကြီးမားတဲ့ဝဲကြီးထဲမှာ လည်နေတတ်ပါတယ်။ အလွန်ကြီးမားတဲ့ သံသရာဝဲကြီးထဲမှာ လည်ပတ်နေတဲ့အခါ ဘယ်အချိန်တုံးက ဘယ်လို ကောင်းမှု မကောင်းမှု တွေကို ပြုလုပ်ခဲ့တာကိုတော့ မသိနိုင်ပါဘူး။ အဲဒီ ကောင်းမှု မကောင်းမှုတွေက အကျိုးပေးဖို့အချိန်တန်လာတော့ လက်ရှိဘ၀မှာကောင်းတာတွေလုပ်ပြီးနေပြီး ဆင်းရဲ မွဲတေ စုတ်ပြတ် နေတာတွေ၊ မကောင်းမှုတွေလုပ်နေပေမယ့်လည်း ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာ နေရတာတွေကို ပတ်ဝန်းကျင်မှာ မြင်နိုင်ပါတယ်။ လက်ရှိလုပ်နေတဲ့ ကောင်းမှု မကောင်းမှုတွေကလည်း အချိန်တစ်ခုခုမှာ ကောင်းကျိုး မကောင်းကျိုးပေးလာမှာဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ကောင်းမှုက ကောင်းကျိုးကိုသာ ပေးမှာဖြစ်ပြီး မကောင်းမှုကတော့ မကောင်းကျိုးကိုပဲပေးပါလိမ့်မယ်။ မကောင်းမှု လုပ်ပြီး ကောင်းကျိုးရတာ မရှိပါဘူး။ ကောင်းမှုလုပ်ပြီး မကောင်းကျိုးရတာလည်း မရှိပါဘူး။ အကျိုးပေးချိန်မတန်သေးလို့ အထင်မှား အမြင်မှားတွေကို မြင်နေကြရတာပဲဖြစ်ပါတယ်။


02.png


သဘာဝရဲ့ မိခင်ကြီးက မွေးဖွားပေးခဲ့ရာမှာလည်း တစ်စုံ တစ်စုံ အဖြစ်မွေးဖွားပေးခဲ့ပါတယ်။ အဆိုး နဲ့ အကောင်း၊ အလင်း နဲ့ အမှောင်၊ အပူ နဲ့ အအေး၊ အောင်မြင်မှု နဲ့ ရှုံးနိမ့်မှု၊ ယောက်ျား နဲ့ မိန်းမ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမွှာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အများစုအနေနဲ့က ဆန့်ကျင့်ဘက်တွေ ဖြစ်နေတဲ့အတွက် မတူညီဘူးလို့ ထင်မှတ်နိုင်ပါတယ်။ တကယ်တော့ မတူညီတာ ဆန့်ကျင်ဘက်ဖြစ်နေတာ မှန်ပေမယ့် အမွှာမွေးချင်းတွေလို့ပဲ သဘောပေါက်မိပါတယ်။ တစ်ခုကို သိတယ်ဆိုရင် နောက်တစ်ခုကိုလည်း သိနိုင်ပါလိမ့်မယ်။ အကောင်းကို သိရင် အကောင်းရဲ့ ဆန့်ကျင်ဘက်ဟာ အဆိုး ဆိုတော့ အကောင်းသိရင် အဆိုးကိုလည်း သိနေပါပြီ။ အဆိုးကို သိနေပြီ ဆိုရင်လည်း အကောင်းကို သိနေပါပြီ။ တစ်ခုကို နားလည်ရင် အမွှာဖြစ်တဲ့ နောက်တစ်ခုအကြောင်းကို အလွယ်သိနိုင်ပါပြီ။ ဒါကလည်း သဘာဝတရားကြီးရဲ့ အံ့သြဖွယ် တစ်ခုပဲဖြစ်ပါလိမ့်မယ်။ သဘာဝတရားရဲ့ ဆန်းကြယ်မှုကို လူတွေ ယနေ့အချိန်တိုင်အောင် အကုန်အစင်သိဖို့ မလွယ်နိုင်သေးပါဘူး။ ကောင်းတဲ့အသိတွေ ရခဲ့ရင် လူ့လောကကို အကျိုးပြုနိုင်တယ်ဆိုတာမှန်ပါတယ်။ ဒီတော့ အကျိုးပြုတယ်ဆိုတာရဲ့ အမွှာက ဒုက္ခ ပေးနိုင်သေးတယ် ဆိုတာလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ စိတ်ငြိမ်ဆေးက စိတ်ကယောင်ခြောက်ခြား ဖြစ်နေသူအတွက် ကောင်းကျိုးကို ပေးနိုင်တယ် ဆိုပေမယ့် လူကောင်းတစ်ယောက်အတွက်တော့ ဆိုးကျိုးဖြစ် ပေါ်နိုင်ပါတယ်။ အိပ်ဆေးများသည် အိပ်မပျော် နိုင်သူအတွက်ကောင်းနိုင်သော်လည်း လူကောင်းတစ်ယောက် အတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုး ကိုဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။


03.png


လူတွေက မျှော်လင့်ချက်လေးတွေနဲ့ အသက်ရှင်နေကြတာပဲဖြစ်ပါတယ်။ မျှော်လင့်ချက်ကုန်ဆုံးနေပြီး မျှော်လင့်ချက်ပျောက်ဆုံးနေပြီဆိုရင်တော့ သေသူနဲ့မခြား ဖြစ်နေတတ်ကြောင်းကို စာတွေမှာ ရေးသားထားခဲ့ကြတာတွေ အများအပြားရှိပါတယ်။ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေကတော့ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် တူညီနိုင်မှာမဟုတ် ပါဘူး။ တစ်ခါတစ်ရံမှာ ဆန့်ကျင်ဖက်တွေပင်ဖြစ်နေနိုင်ပါတယ်။ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေဆီကို သွားကြတဲ့အခါမှာလည်း မတူညီတတ်ကြပါဘူး။ ကိုယ်တိုင်ခံယူချက်တွေအပေါ်လိုက်လို့ မျှော်လင့်ချက်လေး တွေကွဲပြားသလို ရယူပိုင်ဆိုင်တဲ့အချိန်မှာလည်း မတူညီကြတော့ပါဘူး။ မျှော်လင့်ချက်ကို ရင်မှာပိုက်ထားတယ်ဆိုပြီး ဘာမှမလုပ်ရင် ဘာမှ ရရှိမှာမဟုတ်ပါဘူး။ ကံဇာတာတိုင်းလည်း ဘာမှ မလုပ်ခဲ့ရင် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကသဘာဝဓမ္မတစ်ခုဖြစ်မယ်ထင်ပါတယ်။ ချောင်းငယ်လေးတွေမှာ လှေကိုလှော်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ကိုယ်လိုရာကိုသွားနိုင်ပါ လိမ့်မယ်။ ကျယ်ပြောလာတဲ့ မြစ်ရေပြင် လိုနေရာမှာ လှေကိုလှော်မယ်ဆိုရင် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်လာရပါမယ်။ ဒီထက်ကျယ်ပြောလှတဲ့ ပင်လယ် သမုဒ္ဒရာလိုနေရာမျိုးမှာဆိုရင် လှေငယ်နဲ့လှော်ဖို့မရနိုင်တော့တဲ့အပြင် လမ်းပြမြေပုံလိုအကူအညီအထာက်အပံ့ တွေ၊ လိုရာသွားရောက်နိုင်မယ့် ပဲ့ကိုင်တွေလိုအပ်လာပါပြီ။ ဆိုလိုတာက မျှော်လင့်ချက်ကျဉ်းမြောင်းခဲ့ရင် မျှော်လင့်ချက်က သေးသေးကလေးဖြစ်နေမယ်ဆိုရင် လွယ်ကူနိုင်ပေမယ့် မျှော်လင့်ချက်က ကြီးမားကျယ်ပြန့် နေမယ်ဆိုရင်တော့ အထောက်အကူတွေ လိုအပ်လာမှာ အသေချာပါပဲ။ လူတစ်ယောက်အတွက် စားဝတ်နေရေးကိစ္စက ဘယ်နေရာမှာပဲ ဖြေရှင်းဖြေရှင်း အဆင်ပြေနိုင်ပါတယ်။ လူတစ်ယောက်အတွက်မဟုတ် တော့ပဲ မိသားစု တစ်စု စား ၀တ် နေရေးအတွက်ကတော့ ဖြေရှင်းဖို့ ခက်ခဲသွားပါပြီ။ မိမိတစ်ယောက်တည်း အတွက်လောက် အဆင်ပြေ လွယ်ကူနိုင်မှာမဟုတ်တော့ပါဘူး။ တွေ့ရာနေရာမှာ အဆင်ပြေသလို ဖြေရှင်းနေ ရင်လည်း သွားချင်တဲ့မျှော်လင့်ချက်လမ်းကြောင်းကို ရောက်ရှိမှာမဟုတ်ပဲ လမ်းချော်သွားမှာပဲဖြစ်ပါတယ်။


04.png


ဒီကနေ့ထိ ကျွန်တော်တို့တစ်တွေ Steemit Platform မှာ စာတွေရေးတင်နေကြတယ်။ ဒီအတိုင်း အပျင်းပြေ ရေးတင်သူတွေလည်း ရှိနိုင်သလို မျှော်လင့်ချက် ၊ မျှော်မှန်းချက်လေးတွေနဲ့ ရေးတဲ့သူတွေလည်း ရှိပါတယ်။ ဘာတွေကို မျှော်လင့်ပြီး ရေးသလဲ? တရားရှုမှတ်ပြီး တစ်မဂ် တစ်ဖိုလ် ရယူပြီး အေးချမ်းတဲ့နိဗ္ဗာန် ရောက်ဖို့အတွက် ရည်ရွယ်ပြီးရေးကြခြင်း မဟုတ်လောက်ပါဘူး။ တရားရှာချင်တယ်ဆိုရင် တရားဟောတတ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားတရားနာနေကြမယ်ထင်တယ်။ စာတွေရေးတင်နေကြခြင်းရဲ့ အဓိက ရည်ရွယ်ချက် ရည်မှန်းချက်ကတော့ ငွေလုံး ငွေရင်းများများ ၀င်လာဖို့အတွက် ရည်ရွယ်ကြတာပဲဖြစ်ကြပါ လိမ့်မယ်။ ငွေအလုံးအရင်းကို မမျှော်လင့်ပဲ စာရေးချင်တာသက်သက်ကြောင့် ရေးနေတဲ့သူတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း ငွေအလုံးအရင်းနဲ့ ရနိုင်မယ်ဆိုရင်တော့ ဘယ်သူမှ ငြင်းကြလိမ့်မယ်မဟုတ် လောက်ပါဘူး။ ကျွန်တော်တို့တစ်တွေ Steemit Platform မှာ စာတွေရေးတင်နေကြခြင်းမှာ မျှော်လင့်ချက် တွေနဲ့ ရေးသားနေကြခြင်းဖြစ်တယ်ဆိုတာကို ပြောချင်တာပါ။ ကျွန်တော်တို့တစ်တွေဟာ Steemit Platform အပေါ်မှာ မျှော်လင့်ချက်ထားကြတယ်ဆိုတာ ထားသင့်ထားထိုက် ရှိသင့်ရှိထိုက်တယ်လို့ ထင်ပါတယ်။ လမ်းပေါ်မှာ လိုက်လံတောင်းရမ်းနေတဲ့သူတွေတောင် မနေ့က နှစ်ရာလောက်တောင်းရခဲ့ရင် ဒီနေ့ တော့ အနည်းဆုံးသုံးရာလောက်တောင်းရဖို့ကို မျှော်လင့်တတ်ကြတာပဲ။ ပြောလိုတာက လူတိုင်းက မျှောလင်ခြင်း မီးအိမ်လေးတွေကို ထွန်းညှိရင်းနဲ့ အသက်ရှင်နေကြရတာပါ။ ဒီတော့ကာ ကျွန်တော်တို့လည်း Steemit မှာ စာတွေရေးနေရင်းနဲ့ မကြာခင် ၀ါလကင်းလွတ် သီတင်းကျွတ်ကို မျှော်လင့်ခြင်းမီးအိမ်လေးတွေ၊ မျှော်လင့်ခြင်း မီးပုံးလေးတွေ၊ မျှော်လင့်ခြင်း မီးပုံပျံကြီးတွေ ကိုယ်စီ ကိုယ်စီ ထွန်းညှိပြီး ၀ါလကင်းလွတ် သီးတင်းကျွတ်ကို ပျော်ပျော်ရွှင်ရွင် ကြိုဆိုလိုက်ကြရအောင်လားဗျာ။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

7-Oct-2018 တနင်္ဂနွေနေ့(Sunday)