ငွေကိုခိုင်းပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူအများစုဟာ ငွေကြေးရလိုမှုအတွက် အလုပ်တွေကို နင်းကန်လုပ်တတ်ကြတယ်။ အဲဒီလိုလူတွေက အလုပ်ကို အကြောက်တရားဆိုတာရယ်၊ ငွေကြေးရလိုမှု လောဘအတွက်ရယ် လုပ်နေကြတာဖြစ်ပါတယ်။ ဘာတွေကိုကြောက်တာလဲဆိုတော့ ငွေကြေးမပြည့်မစုံနဲ့ နေရမှာကိုကြောက်တယ်။ အလုပ်ပြုတ်မှာကို ကြောက်တယ်။ အကြွေးတွေမဆပ်နိုင်မှာကိုကြောက်တယ်။ အလုပ်အသစ်လုပ်ရမှာကို ကြောက်တယ်။ အဲဒီလို အကြောက်တရားတွေနဲ့ပဲ ဘ၀ကို အဆုံးသတ်သွားကြရတယ်။ အဲဒီအကြောက်တရားကြောင့်ပဲ ငွေကြေးပြဿနာ အမြဲလိုဖြစ်နေတတ်ပါတယ်။ အဲဒီအကြောက်တရားကြောင့်ပဲ ငွေကြေးတွေပိုရလို့လည်း အဲဒီလူတွေရဲ့ဘ၀မှာ ထူးခြားသွားတဲ့သူ များများစားစားမရှိလှပါဘူး။ အများစုကတော့ ငွေတွေပိုရသွားတဲ့ အတွက် အကြွေးတွေ ပိုများသွားတာပဲ အဖတ်တင်တတ်ပါတယ်။ လခစားသမားတွေက လစာတွေ ပိုရသွားလို့လည်း မထူးခြားပါဘူး။ အဲဒါတွေရဲ့ အရင်းအမြစ်ကတော့ ငွေကြေးကို စီမံခန့်ခွဲတတ်မှု၊ ငွေကြေးပညာမသိကြလို့ပဲဖြစ်ပါတယ်။ ငွေကြေးအရအောင်မြင်နေသူတွေကတော့ အလုပ်ပြုတ်မှာလည်း မကြောက်ကြဘူး။ အကြွေးတွေမဆပ်နိုင်မှာလဲ မပူကြပါဘူး။ အသစ်အသစ်သော အလုပ်တွေကိုလုပ်ဖို့လည်း အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း ငွေကြေးအရ အောင်မြင်မှုတွေရရှိနေကြပါတယ်။


02.png


တချို့က ဆင်းရဲတာနဲ့ စီးပွားပျက်တာကို အတူတူပဲလို့ မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ ဆင်းရဲတာနဲ့ စီးပွားပျက်တယ်ဆိုတာ မတူညီပါဘူး။ စီးပွားပျက်တယ်ဆိုတာ တစ်ခဏတာသာဖြစ်ပြီး ဆင်းရဲတာကတော့ တစ်ဘ၀စာဖြစ်ပါတယ်။ ဆင်းရဲခြင်းဆိုတာက ၀င်ငွေပမာဏနဲ့ သိပ်မဆိုင်တတ်ပါဘူး။ ဆင်းရဲခြင်းကိုသာ တွေးခေါ်နေတတ်သော သူတို့ရဲ့ အတွေးများကြောင့်သာဖြစ်တတ်ပါတယ်။ ငွေကြေးအရ အောင်မြင်သူ ဖြစ်စေ၊ ငွေကြေးအရ မအောင်မြင်သူပင်ဖြစ်စေ ပညာရေးနှင့် သင်ယူခြင်းတို့၏ အရေးပါခြင်းကို အလွန်အရေးထား တတ်ကြပါတယ်။ သို့သော် သင်ယူခြင်း၏ အရေးပါသောအကြောင်းအရာကို တွေးခေါ်ကြရာတွင်မူ လုံးဝကွဲပြားခြားနားပါတယ်။ ငွေကြေးအရအောင်မြင်နေသောသူတို့သည် ငွေကြေးချမ်းသာမှုရရှိစေရန်အတွက် မည်ကဲ့သို့ ပြုလုပ်ရမလဲဆိုသော ချမ်းသာအောင်ပြုလုပ်နည်းကို သင်ယူကြပါတယ်။ ငွေကြေးရဲ့ အရေးပါပုံ ငွေကြေးရဲ့ လုပ်ဆောင်ချက်တွေကို သင်ယူကြပါတယ်။ ငွေကြေးအရ မအောင်မြင်သူအများစုတို့သည် တက္ကသိုလ်မှ ဘွဲ့ကောင်းကောင်းတစ်ခုရရှိ အောင်ကြိုးစားတတ်ကြပြီး အစိုးရဌာနနေရာကောင်းကောင်း၊ ကုမ္မဏီ ကောင်းကောင်း တို့တွင် ၀င်ရောက်လုပ်ကိုင် လိုကြပါတယ်။ တက္ကသိုလ်တွင် သင်ကြားပေးခြင်းမရှိတဲ့ ငွေကြေးရဲ့ စွမ်းဆောင်ချက် စွမ်းအားတို့သည် အမှန်ပင်ကြီးမားလှပါတယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ သင်ကြားမှုတွေက ပိုပြီးစွမ်းအင်ကြီးမားလှပါတယ်။ တချို့သောသူတို့သည် အကောင်းမြင်စိတ်ဓာတ်ရှိပြီး အရာရာကို အကောင်းဖက်ကနေ ရှုမြင်တတ်ပြီး တချို့ကတော့ အရာရာကို အဆိုးမြင်တတ်တဲ့ စိတ်ထား ရှိတတ်ကြပါတယ်။ အဲဒါကိုလည်း အဆိုးမြင်သမား နဲ့ အကောင်းမြင်သမားဆိုပြီး ခေါ်ကြပါတယ်။ အဆိုးမြင်သမားက အမြဲတမ်း အဆိုးတွေကိုပဲမြင်တတ်သလို အကောင်းမြင်သမားကလည်း အကောင်းကိုသာ ကြည့်မြင်တတ်ကြပါတယ်။ အရာရာကို အကောင်းမြင်နေရုံ သက်သက်နဲ့တော့ ဘာအလုပ်မှ အဆင်ပြေနိုင်မယ် မဟုတ်ပါဘူး။ ဘာငွေကြေးမှလည်း ၀င်လာမှာမဟုတ်ပါဘူး။


Untitled-2 copy.png


လူအများစုတို့ဟာ ငွေကြေးကို သေချာနားလည်စွာ မသင်ကြား မလေ့လာကြပဲ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခု ရရှိရေးကိုသာ ကြိုးပမ်းအားထုတ်တတ်ကြပါတယ်။ ထိုသူတို့အတွက် ငွေကြေးအတွက် အလုပ်လုပ်ရင်း အချိန်တွေကုန်ဆုံးကာ ဘ၀နေ၀င်ချိန်ရောက်သောအခါ အကြွေးပတ်လည် ၀ိုင်းနေတတ်ပါတယ်။ အဲဒီလိုအဖြစ်နဲ့ မကြုံတွေ့ချင်ဘူးဆိုရင်တော့ ငွေကို ဘယ်လိုခိုင်းစား နိုင်မလဲဆိုတာကို သင်ယူတတ်မြောက် ထားဖို့လိုပါလိမ့်မယ်။ လေ့လာကြရပါမည်။ သင်ကြားကြရပါမည်။ အကျင့်ဖြစ်လာတဲ့ အချိန်တွင် ငွေရအောင်ဘယ်လိုရှာမလဲဆိုသော မေးခွန်းအတွက် အဖြေက အလွယ်တကူ ထွက်လာတတ်ပါတယ်။ ကားကောင်းကောင်း ရှိခြင်း မရှိခြင်း၊ အိမ်ကောင်းကောင်း ရှိခြင်း မရှိခြင်းတို့သည် ငွေဘယ်လိုရအောင် ရှာမလဲဆိုသောအချက်ကို သိခြင်း မသိခြင်းနှင့်မသက်ဆိုင်ပါ။ ငွေရှာနည်းများကို သိသော်လည်း မချမ်းသာ မကြွယ်ဝသူ အများအပြားပင်ရှိပါတယ်။ ငွေရှာရာမှာ ဆုံးဖြတ်ချက်တစ်ခုကို ဘယ်အချိန်မှာ လျင်လျင်မြန်မြန်နဲ့ ဆုံးဖြတ်ရမယ်ဆိုတာ သိရှိခြင်းဟာ အလွန်အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ အခွင့်အရေးတစ်ခု အတွက် လုပ်မယ် မလုပ်ဖူး ဆိုတဲ့ ဆုံးဖြတ်ချက်ချရန် အချိန်က အလွန်တိုတောင်းလှပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်ချဖို့အတွက် ကျွမ်းကျင်မှု၊ ပြတ်သားမှုရှိနေမှ ဖြစ်မှာပါ။ မကျွမ်းမကျင်ဖြစ်လို့ မပြတ်မသားတွေဝေနေရင် အခြားသူများအတွက်သာ ဖြစ်သွားမှာပါ။


decision copy.png


သင်ကြားခြင်း၊ သင်ယူခြင်းဆိုတာတွေကို လူအများစုကတော့ သင်တန်းတွေလို စာသင်ကျောင်းတွေမှာလို ပို့ချပေးမှလို့ထင်ထားတတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀မှာ သင်ကြားပေးခဲ့ တာတွေကတော့ စာသင်ကျောင်းတွေမှာ သင်သလို ပို့ချပေးခဲ့တာမဟုတ်ပါဘူး။ စာသင်ကျောင်းက စာအုပ်တွေထဲမှာလဲ မပါပါဘူး။ ဘ၀ကသင်ကြားပေးတဲ့သင်ခန်းစာတွေကို ကျေညက်အောင်လေ့လာမယ်ဆိုရင် ဘ၀မှာ ဘယ်အရာကိုမဆို ကောင်းကောင်းလုပ်ဆောင်လာနိုင်ပါတယ်။ မကျေညက်ဖူး မလေ့လာဖူးဆိုရင်တော့ ဘ၀ကို ပြေးပြေးလွှားလွှားနဲ့ရုန်းကန်နေကြရမှာပါပဲ။ နေ့စဉ်မြင်တွေ့နေရသော အလုပ်သမားများအား လေ့လာကြည့်ပါက အလုပ်အကိုင်မရှိလျှင် အလုပ်ရရန် အလုပ်တောင်းကြပါလိမ့်မယ်။ အလုပ်ရရင် အလုပ်လုပ်ကြပြီး လကုန်ရင် လစာထုတ်ကြပါတယ်။ ၀င်ငွေ နဲ့ ထွက်ငွေ တို့ကိုချိန်ညှိကြမယ်။ ဒါထက်ပိုပြီး ဘယ်တော့မှ မတွေးတောတော့ပါဘူး။ ငွေဘယ်လိုရအောင်ရှာရမလဲဆိုတာကိုတော့ စဉ်းစားမိမယ်မထင်ပါဘူး။ လေ့လာသင်ယူဖို့လည်း ဘယ်တော့မှ စိတ်မ၀င်စားကြပါဘူး။ အဲဒီလူအများစုကတော့ ငွေအတွက်ပဲ အလုပ်လုပ်နေကြတာဖြစ်ပြီး ငွေအတွက်ပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေကြရတာပါ။ ငွေကြေးက သူတို့ကို ခိုင်းနေတာသာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ငွေကို ခိုင်းနိုင်အောင်ကြိုးစားသင့်တာကို မသိတဲ့အတွက် ငွေက ကိုယ့်ကို ခိုင်းတာခံရပြီး လူအများစုရဲ့ဘ၀ဟာ ပျင်းရိစရာကောင်းစွာ သေဆုံးသွားကြရပါတယ်။ များစွာသောလူတို့ဟာ အခြားသူများကို ပြောင်းလဲပစ်ရန်အားသွန်ခွန်စိုက်ကြိုးစားနေကြပါတယ်။ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲပစ်ရန် တခါမှ အားထုတ်ခြင်းမရှိကြပါဘူး။ ပြောင်းလဲပစ်ဖို့လိုတယ်လို့လည်း စဉ်းစားပုံမပေါ်ပါဘူး။ တကယ့်လက်တွေ့မှာက သူများတွေကို ပြုပြင်ပြောင်းလဲဖို့လုပ်နေတာက အလွန်အန္တရာယ်များပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ကြိုးစားတာက ပိုပြီးလွယ်ကူသလို အန္တရာယ်လည်း ကင်းပါတယ်။ ဒါကို လူတွေမစဉ်းစားမိပါဘူး။


pot copy.png


ငွေကြေးတွေ အောင်မြင်မှုတွေအကြောင်းကို ရေးသားနေသောကြောင့် ငွေကြေးအရ အောင်မြင်နေသူ တစ်ယောက်အဖြစ်တော့ မမြင်ပါနဲ့။ ဒီစာကို ရေးနေချိန်မှာ(အိပ်ထဲမှာ လက်ဖက်ရည်ဖိုးတောင် မရှိတော့ပါဘူး၊ ရှိရင်ချေးကြပါဦး)ဖတ်ဖူးသမျှထဲကနေ မှတ်မိသမျှကို စာစီရေးသား မျှဝေခြင်းသာဖြစ်ပါတယ်။ ဒီတော့ဖြစ်သင့်တာကတော့ ငွေကြေးက ကိုယ့်အတွက် ဘယ်လိုအလုပ်တွေကို လုပ်ကိုင်ပြီး ငွေတွေကို ရှာပေးမလဲဆိုတာကို လေ့လာသင့်ပါတယ်။ ငွေကို ကိုယ်ကခိုင်းစေညွှန်ကြားနိုင်တဲ့ သူဖြစ်အောင် ငွေကို မဖြုန်းတီးပဲ ရင်းနှီးမြှုပ်နှံမှုလုပ်သင့်ပါတယ်။ “ကိုယ်အိပ်နေမယ်ဆိုရင်တောင် အဲဒီငွေက ကိုယ့်အတွက် အလုပ်လုပ်ပြီး ငွေရှာပေးနေပါလိမ့်မယ်” အခုဆိုရင် ကျွန်တော်အိပ်နေပေမယ့် Steemit ကြီးက ကျွန်တော့်အတွက် ငွေရှာပေးနေပါတယ်။ SP ကနေ အတိုးလေးတွေ ရနေပါတယ်။ ကျွန်တော်အိပ်နေရင်လည်း အတိုးလေးတွေကို Steemit ကြီးက ထည့်ပေးတာပါပဲ။ အိပ်နေလို့ဆိုပြီး ထည့်မပေးပဲ မနေပါဘူး။ ဒါက လူတိုင်း သိနိုင်ဖို့ အလွယ်တကူပြောတာပါ။ ငွေဘယ်လိုရှာမလဲဆိုတာနဲ့ပဲ အချိန်ကုန်မနေသင့် ပါဘူး။ ငွေဆိုတာ ကိုယ့်အတွက် အလုပ်လုပ်ပေးနေတဲ့ အလုပ်သမားများဖြစ်အောင်ကြိုးစားကြသင့်ပါတယ်။ ငွေက ကိုယ့်ကို ခိုင်းနေတဲ့အဖြစ်က လွတ်အောင် ကြိုးစားသင့်ပါတယ်။ ဒီတော့ ငွေကို ကိုယ်က ခိုင်းနိုင်အောင် ကြိုးစားကြပါ အကြံပြု တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

28-May-2018 တနင်္လာနေ့(Monday)