ပေါင်းသင်းဆက်ဆံခြင်း

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


လူဆိုသည်မှာ ပေါင်းသင်းတတ် ဆက်ဆံတတ်သော သတ္တ၀ါတစ်မျိုးဖြစ်ပေသည်။ ထိုသို့ ပေါင်းသင်းဆက်ဆံတတ်သာ သတ္တ၀ါဖြစ်သည့်အလျောက် တစ်ဦးတည်း တစ်ယောက်တည်း မနေတတ်ကြသောသူသည် အများဆုံးဖြစ်ပါမည်။ တစ်ဦးတည်း တစ်ယောက်တည်းနေထိုင် လျင်လည်း ရူးသွပ်သွားမည်လား။ တရားကျင့်ကာ တရားရသွားလေမည်လား။ မည်သို့ပင်ဖြစ်စေ လူ့လောကဆိုသည်မှာ တစ်ဦးတည်း တစ်ယောက်တည်း ရပ်တည်ရန်အတွက် မည်သူမျှ ကြိုးစား အားထုတ်ခြင်း ပြုကြမည်မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်သည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အခြားသောသူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား မှီခိုရပ်တည်နေကြရကြောင်း တွေ့ရှိရပေ သည်။ ထိုသို့တစ်ဦးတည်း ရပ်တည်ရန်မဖြစ်နိုင်သည့်အတူတူ လူအများနှင့် သဟဇာတဖြစ်အောင် နေထိုင်နိုင်လျှင် မကောင်းပေဘူးလားဆိုသော မေးခွန်းတစ်ခု ခေါင်းအတွင်းသို့ ရောက်ရှိလာပါသည်။ အမှန်တကယ်တွင်လည်း တစ်ဦးတည်းရပ်တည်နိုင်ရန်မဖြစ်နိုင်သေးသည့်အတူတူ ပေါင်းသင်းဆက်ဆံ ကြရမည့်အတူတူ တည့်အောင်ပေါင်းသင်းဆက်ဆံခြင်းသည် အကျိုးမယုတ်သော အကျိုးရှိသော ကြိုးစားအားထုတ်မှုပင်ဖြစ်ပါမည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မည်သည့်အရေးကိစ္စတွင်မဆို ပေါင်းသင်းဆက်ဆံရေးသည် အမှန်တကယ်လိုအပ်ကြောင်း မြင်တွေ့နိုင်ပါသည်။


03.png


တချို့သောသူများသည် တစ်ဦးတည်းရပ်တည်နိုင်သည်ဟု ကြွေးကြော်ကောင်းကြွေးကြော်ကြပေမည်။ သို့သော် လက်တွေ့တွင် ထိုကဲ့သို့မဖြစ်နိုင်ပေ။ စီးပွားရှာမည်ဆိုပါက မည်သို့သောနေရာတွင် တစ်ဦး တစ်ယောက်တည်း စီးပွားလုပ်နိုင်ပါမည်နည်း။ မည်သည့်နေရာတွင်မှ တစ်ဦးတည်း စီးပွားရှာရန်မဖြစ်နိုင်ပါ။ စိုက်ပျိုးရေးလား၊ မွေးမြူရေးလား၊ ကုန်သွယ်မှုလား၊ ကုန်ပစ္စည်းထုတ်လုပ် ရောင်းချခြင်းလား မည်သည့်ကဏ္ဍသည် တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ထင်မြင်ပါသနည်း။ မည်သည့်ကဏ္ဍမျှ တစ်ဦးတည်း စီးပွားရေးလုပ်ရန်မဖြစ်နိုင်ပါ။ လူမှုရေးဆိုလျင် ပြောစရာပင်မလိုလောက်ဟုထင်ပါသည်။ နာမည်ပေးထားသည်ကိုကပင် လူမှုရေးဖြစ်ပေရာ လူတို့၏ အမှုအရေးအရာတို့ကို ဆောင်ရွက်ရ၊ ဖြေရှင်းရမည်မှာ သေချာပါသည်။ တစ်ဦးတည်းဆိုပါက မည်သည့် လူမှုရေးမျှ လုပ်ရန်ရှိမည်မဟုတ်ပါ။ နိုင်ငံရေးဆိုသည်မှာလည်း ထို့အတူပင်ဖြစ်ပါမည်။ ထို့ကြောင့် လူတို့သည် မဆက်ဆံချင်သည်ဖြစ်စေ၊ မဆက်ဆံချင်သည်ဖြစ်စေ ပေါင်းသင်းနေကြရမည် ဆက်ဆံနေကြရမည်ဖြစ်ပါသည်။ ပေါင်းသင်းဆက်ဆံရေးနှင့် မလွတ်နိုင်သည့်အတူတူ လူအချင်းချင်း တည့်အောင်ပေါင်းရန် ကောင်းလှပေသည်။ သို့သော် လူတိုင်းနှင့်တော့ တည့်အောင်ပေါင်းသင်းရန် မလွယ်ကူနိုင်ပါချေ။ အဆယူအဆ မတူသောသူများအနေဖြင့် အတူတကွ ပေါင်းသင်းဆက်ဆံနေထိုင်ရန် မဖြစ်နိုင်ပါ။


02.png


ပေါင်းသင်းဆက်ဆံနေထိုင်ရာတွင် အယူအဆတူသူ၊ ၀ါသနာတူသူအချင်းချင်းသာ ပေါင်းသင်းနေထိုင် နိုင်ကြမည်သာဖြစ်ပါသည်။ ထိုသို့ပေါင်းသင်းနေထိုင်ရာတွင် ချစ်ခင်ရင်းနှီးစွာဖြင့် ပေါင်းသင်းနေထိုင်နိုင် လျင် အကောင်းဆုံးဖြစ်မည်ဟုလည်း ထင်မြင်မိပါသည်။ လူအများနှင့်ပေါင်းသင်းဆက်ဆံနေထိုင် ရသော သတ္တ၀ါဖြစ်သည့်အတွက် အများနှင့်လိုက်လျောညီထွေဖြစ်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ လိုက်လျောညီထွေမဖြစ်သေးလျှင် ပြုပြင်သင့်သည့်အချက်တို့အား မိမိကိုယ်ကို ပြုပြင်ပေးနိုင်ရမည်ဟု ထင်ပါသည်။ လူများနှင့် ပေါင်းသင်းဆက်ဆံလုပ်ကိုင်ရသော အဖွဲ့အစည်းများသည် အကျိုးရှိသကဲ့သို့ အပြစ်လည်းရှိမည်ဖြစ်ပါသည်။ အကျိုးကိုသာလိုလားပြီး အပြစ်ကိုလက်မခံချင်လျှင် တစ်ကိုယ်ကောင်း ဆန်သောသူအဖြစ်သို့ ရောက်ရှိမည်ဖြစ်သောကြောင့် လူအများနှင့်အဆင်မပြေနိုင်ပါ။ ထိုအကျိုး အပြစ်တို့အပြင် လုပ်ဆောင်ရမည့် အလုပ် တာဝန်များလည်း ရှိမည်ပင်ဖြစ်ပါသည်။ ထိုအရာအားလုံးကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဆောင်ရွက်မှသာ အဆင်ပြေပြေ နေထိုင် နိုင်မည်ဖြစ်ပါသည်။ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်သောသူတို့သည် မည်သည့်နေရာတွင်မဆို အဆင်ပြေပြေ ဆောင်ရွက်နိုင်ကြကြောင်းလည်း တွေ့ရသည့်အပြင် ထိုသူတို့သည် နေရာမရွေး၊ အချိန်မရွေး အဆင်ပြေအောင်ဆောင်ရွက်နိုင်ကြကြောင်းကိုလည်း မြင်တွေ့ရပါသည်။ လူအများနှင့်ဆောင်ရွက်လုပ်ကိုင်ရသောအသင်းအဖွဲ့တို့တွင် လူတစ်ဦးတည်း တစ်ယောက်တည်းဆောင်ရွက်ရသည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်၏ သဘောဖြင့်ထင်ရာလုပ်ရခြင်း မဟုတ်ပါ။ ထိုအသင်းအဖွဲ့၊ အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများအရ လုပ်ကိုင်ဆောင်ရွက် ကြရခြင်းသာဖြစ်ပါသည်။


02 copy.png


လူ့လောကဟုခေါ်ဆိုနေကြရခြင်းသည်ကပင်လျှင် လူတို့သည် တစ်ဦးတစ်ယောက်တည်း နေထိုင်ခြင်း မဟုတ်။ အစုအပေါင်းဖြင့် ပေါင်းစုနေထိုင်တတ်ကြောင်းကိုဖော်ပြနေပါသည်။ ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံများ၊ တိုင်းပြည်များဖြစ်ပေါ်လာပုံသမိုင်းနှင့် ရှေးရှေးက လူများအကြောင်းကို လေ့လာကြည့်မည် ဆိုပါကလည်း ရှေးတည်းကပင် လူတို့သည် သူ့အစုအရုံးလေးများဖြင့်နေထိုင်ကြသည်ကို တွေ့မြင်နိုင် ပါသည်။ ထိုသို့စုရုံးနေထိုင်သော အဖွဲ့အစည်းများထဲတွင် အငယ်ဆုံး၊ အသေးဆုံးသော အစည်းအရုံး သည် မိသားစုဆိုသော အသိုက်အ၀န်း အစည်းအရုံးလေးပင်ဖြစ်ပါသည်။ ထိုမိသားစုအသိုင်းအ၀ိုင်းလေးတွင် မိသားစုဝင်အချင်းချင်း ပေါင်းသင်းဆက်ဆံကြရသည်။ အုပ်ချုပ်သူ လူကြီးမိဘတို့၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးကြရသည်။ မိသားစုတာဝန်အချို့ကိုလည်း နိုင်သလောက်ဝင်ရောက်ထမ်းရွက်ကြရသည်။ မိသားစုအကျိုးရလျှင် မိသားစုဝင်များသည်လည်း အကျိုးရရှိမည်ဖြစ်ပြီး မိသားစုအပြစ်ဖြစ်ခဲ့ပါကလည်း မိမိသည်လည်း အပြစ်ခံကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အသိုက်အ၀န်းလေး တိုးတက်စည်ပင်ရေးအတွက် မိမိနိုင်သမျှ ထမ်းရွက်ရင်းဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

11-May-2018 သောကြာနေ့(Friday)