ပေါင်းသင်းဆက်ဆံရေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


နေ့စဉ်နှင့်အမျှ လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်ဆံနေကြရသည်။ အနိမ့်ဆုံးအဆင့် အနေဖြင့် မိသားစု အချင်းချင်း ပေါင်းသင်းဆက်ဆံကြရသည်သာ ဖြစ်ပါသည်။ ထိုထက်ပိုလျင် အိမ်နီးနားချင်း၊ ရပ်ကွက် စသည်ဖြင့် အဆင့်ဆင့်ပေါင်းသင်းဆက်ဆံကြရသည်ဖြစ်ပါသည်။ တစ်ယောက်တည်းနေရန် မဖြစ်နိုင်သေးသမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံနေကြရမည် ဖြစ်ပါသည်။ ပေါင်းသင်းဆက်ဆံရေးသည် ပညာရပ်တစ်ခုပင်ဖြစ်သည်။ ထိုပညာရပ်အားလည်း စာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားပေးနိုင်လျင် ကောင်းလေစွ။ ပေါင်းသင်း ဆက်ဆံရေးသည် ပညာရပ်တစ်ခုအဖြစ် မယူဆသူများသည် လုပ်ငန်းများတွင် အောင်မြင်ရန် ဝေးပေလိမ့်မည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ပေါင်းသင်းဆက်ဆံရေးအား ပညာရပ်တစ်ခု အဖြစ် မူလတန်းအဆင့်ကပင် သင်ကြားပေးခဲ့ကြကြောင်းကို ကြားဖူးပါသည်။ ပေါင်းသင်းဆက်ဆံရေးသည် အလွန်အရေးကြီးသော အလွန်လိုအပ်သော ပညာရပ်တစ်ခု အဖြစ်လည်း မြင်မိပါသည်။


02.png

Image from google


လူအများစုတို့သည်ပေါင်းသင်းဆက်ဆံရေးအား စိတ်ကြည်လျှင် ကြည်သကဲ့သို့ စိတ်မကြည် လျှင် မကြည်သကဲ့သို့ ဆက်ဆံတတ်ကြသည်ကို မြင်တွေ့ကြရပါသည်။ ထိုသို့ စိတ်ခံစားမှု နောက်သို့လိုက်ကာ ဆက်ဆံခြင်းသည် ပေါင်းသင်းဆက်ဆံရေးအတွက် မကောင်းနိုင်ပါ။ ပေါင်းသင်းဆက်ဆံရေးဆိုသည်မှာ မိတ္တဗလပညာရပ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။ မိတ်ဆွေ အပေါင်းအသင်းများအားလည်း ယုံကြည်စိတ်ချစွာဖြင့် ပေါင်းသင်းဆက်ဆံနိုင်လျင် ကောင်းပေ သည်။ လူတိုင်းအားလည်း မိတ်ဆွေအဖြစ်သတ်မှတ်နိုင်ရန်ခက်ခဲပေသည်။ ရွေးချယ်ထားသင့် ပေသည်။ ပေါင်းသင်းဆက်ဆံရေးမကောင်းသောသူ ညံ့ဖျင်းသောသူတို့သည် မည်သည့် လုပ်ငန်းကို လုပ်ကိုင် သည်ဖြစ်စေ အောင်မြင်မည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့၏ ပေါင်းသင်း ဆက်ဆံရေးအား ကောင်းမွန်အောင်ပြုပြင်သင့်ပါသည်။ သို့မှလည်း မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ အောင်မြင်ရန်လွယ်ကူနိုင်ပေမည်။ ချီးကျူးခြင်း၊ ယုံကြည်စိတ်ချခြင်း တို့သည် လူမှုပေါင်းသင်း ဆက်ဆံရေးတွင် ကောင်းမွန်သောနည်းလမ်းများဖြစ်ပေသည်။ သို့သော် လူအများစုတို့သည် အခြားသူတစ်ဦးအား အပြစ်တင်ရန်အတွက် အလွယ်တကူ ပြုလုပ်နိုင်ကြသော်လည်း ချီးကျူးစကားပြောပေးရန်ကိုကား မလုပ်ဖြစ်သည်က များမည်ထင် ပါသည်။ မကောင်းသောအလုပ်ကို လုပ်ကိုင်သူ၌ပင် ချီးကျူးရန် တစ်စုံတစ်ခု ရှိနေတတ်ပါ သည်။ အပြစ်တင်ရန် အပြစ်ရှာနေသူတို့သည် အပြစ်ကိုတွေ့သကဲ့သို့ပင် ချီးကျူးရန်အတွက် ရှာဖွေနေသူသည် ချီးကျူးရန်အရာတို့အား တွေ့ရှိစမြဲသာဖြစ်ပါသည်။


03.png

Image from google


ဈေးဆိုင်တစ်ဆိုင်၏ ရောင်းကောင်းခြင်း မကောင်းခြင်း၊ လုပ်ငန်းတစ်ခုအောင်မြင်ခြင်း မအောင်မြင်ခြင်းတို့သည် ဈေးရောင်းသူ၊ လုပ်ငန်းအားလက်တွေ့လုပ်ဆောင်နေသူများက အဓိကကျမည်ထင်ပါသည်။ ဈေးရောင်းသူ၏ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းပါက မည်သို့မျှ ဈေးရောင်းမကောင်း နိုင်ပါ။ စကားပြောဆိုခြင်းတွင် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်သူနှင့် ထိုစကားတစ်ခွန်း အား ရိုင်းစိုင်းစွာ ပြောဆိုလျှင်လည်း အဓိပ္ပါယ်သည် အတူတူပင်ဖြစ်သော် လည်း အကျိုးရလာဒ်သည် မတူညီနိုင်ပါ။ စကားပြောကောင်းသူ နှင့် စာရေးကောင်းသူတို့တွင် စကားပြောကောင်းသူတို့သည် အချိန်တိုအတွင်း အောင်မြင်နိုင် ကြကြောင်း လူတိုင်းလက်ခံ ကြမည်ဖြစ်ပါသည်။ သို့သော် ကိုယ်တိုင်ကြိုးစားပြုပြင်လိုသူ နည်းပါးမည်ထင်ပါသည်။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေးတိုးတက်ကောင်းမွန်လိုပါက အရင်ဦးဆုံးအနေဖြင့် စကား ပြောဆိုခြင်းအား ပြုပြင်ရမည်ဖြစ်ပါသည်။ လေ့လာကြရမည်ဖြစ်ပါသည်။ လေ့ကျင့်ကြရမည် ဖြစ်ပါသည်။ လေးလေးစားစားဖြင့် စကားပြောဆိုသူအား မိုက်မိုက်ရိုင်းရိုင်းပြောပြန်ခဲ့ကြသည် ရှိသော် ဘေးတွင်ရှိနေသည့် လူအများက မည်သူ့ကို အပြစ်တင်မည်နည်း။ စဉ်းစားလျှင် သိနိုင်ပါသည်။ ဆက်ဆံရေးတိုးတက်ကောင်းမွန်လိုပါက မဖြစ်မနေ စကားအပြောအဆိုကို လေ့လာသင်ယူသင့်ပါသည်။ စီးပွားရေးနယ်ပယ်တွင်ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်တွင်ဖြစ်စေ၊ လူမှုရေးနယ်ပယ်တွင်ဖြစ်စေ စကားပြောဆိုရန်လိုအပ်မည်ဖြစ်ပါသည်။ စကားမပြောပဲဖြင့် အလုပ်မဖြစ်နိုင်ကြောင်းသိသာပါသည်။


04.png

Photo source : http://kutv.com/news/local/mirror-messages-encouraging-utah-students



အခြားသူများအား မလေးစားသောသူတို့အား အခြားသူများမှလည်း ထိုသူ့အား လေးစားလိမ့် မည်မဟုတ်ပါ။ အခြားသူတို့က မိမိတို့အား လေးစားစေလိုသော် မိမိကိုယ်တိုင် အခြားသူများကို လေးလေးစားစားဆက်ဆံကြရမည်ဖြစ်ပါသည်။ မိမိအား မလေးစားသူကို သာမန်အားဖြင့် မိမိ ကလည်း လေးလေးစားစား ဆက်ဆံမည်မဟုတ်သည်မှာလည်း သေချာပါသည်။ ပေါင်းသင်းဆက်ဆံရေးတွင် လေးစားစွာ ဆက်ဆံခြင်းသည်လည်း အလွန်လိုအပ်ပါသည်။ အခြားသူများအား အလေးမထား မလေးမစားပြုလုပ်သူအား အခြားသူများကလည်း အလေးထားလေးစားမည်မဟုတ်သည်မှာလည်း အမှန်ပင်ဖြစ်ပေမည်။ မှန်ကြည့်နေသကဲ့သို့ ပင်ဖြစ်ပေမည်။ မှန်အားကြည့်ကာ ပြုံးပြလျှင် မှန်ထဲမှပုံရိပ်သည်လည်း ပြုံးပြပါလိမ့်မည်။ မဲ့ပြပါ က ပုံရိပ်သည်လည်း မဲ့ပြပေလိမ့်မည်။ ဘာကိုအလိုရှိပါသနည်း။ ပြုံးခြင်းကိုအလိုရှိပါက ပြုံးပြပါ။ မဲ့ခြင်းအား အလိုရှိသည်ရှိသော် မဲ့ပြလိုက်ပါ။ ရွေးချယ်ခြင်းပြုလုပ်ရန်မှာ မိမိတို့ကိုယ်တိုင်၏ တာဝန်သာဖြစ်ပါသည်။ အချိန်အားလပ်မှုနည်းပါးနေသောကြောင့် စာအား ရပ်နားခွင့်ပြုကြပါခင်ဗျာ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

9-Apr-2018 တနင်္လာနေ့(Monday)