ကျန်းမာခြင်း စည်းစိမ် (Health Is Wealth)
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။
The greatest wealth is health.
ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။
Heath is the better than wealth.
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။
Prevention is better than cure.
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ယခု ဆောင်းပါလေးကို ကျန်းမာရေးအသိ ကျန်းမာရေးသတိလေးများဆောင်နိုင်ကြပါရန် ရေးသားအပ်ပါသည် ချစ်မိတ်ဆွေအပေါင်းတို့....
Image from google
ကျန်းမာခြင်းသည် အဖိုးအတန်ဆုံးသော လာဘ်ကြီးတစ်ပါး၊ အကြီးဆုံးသော လာဘ်ကြီးဖြစ်ကြောင်းကို လူတိုင်း လူတိုင်း သိရှိနားလည်ပြီးဖြစ်ပါသည်။ သို့သော် အဘယ်ကြောင့်များ အဖိုးထိုက်တန်လှသောအရာကို အဖိုးမတန်သကဲ့သို့ သုံးစွဲနေကြခြင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေပါသည်။ ကျန်းမာရေးအကြောင်းကို ဟောပြောပွဲကျင်းပပေးကြပါသော်လည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများ၏ တစ်ဝက်လောက်မျှပင် လူရှိမည် မထင်ပါ။ လာရောက်နားထောင် အားပေးမည့်သူ အင်မတန်နည်းပါးမည်ထင်ပါသည်။ လာရောက်ကြသောသူများလည်း အချိန်များစွာ မကြာမီမှာ ငြီးငွေ့ပျင်းရိ စိတ်ဝင်စားမှု နည်းပါးသွားကြလိမ့်မည်ထင်ပါသည်။ ဟောပြောနေသောသူကို အားနာလို့ဆက်ထိုင်နေရသူများရှိနိုင် သလို မသိမသာ ထွက်သွားကြသူများ၊ သိသိသာသာ ထွက်သွားကြသူများလည်း ရှိမည်လည်းအမှန်ပင်။ အဘယ်သို့သောအကြောင်းကြောင့် ထိုကဲ့သို့ တန်ဖိုးမထား ဖြစ်နေကြပါသနည်း။ ချစ်မိတ်ဆွေများကော အဘယ်သို့ထင်ပါသနည်း။
Image from google
ထိုသို့ဖြစ်ခြင်းကို စဉ်းစားကြည့်လျှင် တန်ဖိုးမထားခြင်း၏ အကြောင်းကို ရိုးတိုး ရိပ်တိတ် သဘောပေါက်သလိုတော့ရှိပါသည်။ မှားချင်လည်း မှားယွင်းနိုင်ပါသည်။ တိုက်ဆိုင်မှုမရှိလျှင်လည်း ပြသနာမဟုတ်ပါ။ အငြင်းပွားရန်မရှိပါခင်ဗျာ။ ကျန်းမာရေးကို တန်ဖိုးမထားခြင်း၏ အကြောင်းသည် အခြားမဟုတ်ပါ။ လူတိုင်း လူတိုင်းသည် လောက သဘာဝအရ ပင်ပင်ပန်းပန်း မရှာကြံရပါပဲနှင့် အဖိုးအခမပေးကြရပါပဲနှင့် ရရှိနေသည်ဟု အထင်ရောက်နေခြင်းသာဖြစ်မည်ထင်ပါသည်။ ထိုသို့ အဖိုးအခ တစုံတရာ မပေးရပါသောကြောင့် တနည်းအားဖြင့် အလကားရ နေသောကြောင့် အဖိုးထိုက်တန်သည်ဟု မသတ်မှတ်ဖြင်းဖြစ်မည်ထင်ပါသည်။
ကျန်းမာခြင်း၏ တန်ဖိုးကို ကျန်းမာရေးကောင်းမွန်သူများထက် ကျန်းမာရေး မကောင်းသူများက ပိုပြီး တန်ဖိုးသိ တန်ဖိုးထားကြမည်မှာ အမှန် ဖြစ်ကြောင်းကို ကျန်းမာရေးမကောင်းသူများနှင့် တွေ့ဆုံမေးမြန်းကြည့်နိုင်ပါသည်။ လမ်းလျှောက်နေရခြင်း၏ တန်ဖိုးကို လမ်းမလျှောက်နိုင်သော လူက ပိုပြီးသိရှီပါသည်။ ခြေလက် အကောင်းရှိနေခြင်း၏ တန်ဖိုးကို ခြေကျိုး လက်ကျိုး၊ ခြေပြတ် လက်ပြတ်သူများက ပိုပြီး သိရှိကြပါသည်။ ၀မ်းချုပ်နေသူတစ်ယောက်က ၀မ်းသွားရခြင်း၏တန်ဖိုးကိုပိုပြီး နားလည်ပါလိမ့်မည်။
Image from google
မယုံကြည်သူများရှိပါက မလွတ်မလပ်ဖြစ်နေကြရရှာသော၊ ရောဂါဝေဒနာ အမျိုးမျိုးတို့ စုဝေးရာဖြစ်သော၊ အနိဋ္ဌာရုံပေါင်းစုံနှင့်ပြည့်နှက်နေသော၊ လူနာပေါင်းမျာစွာရှိပြီးး ညီးတွားသံမျိုးစုံတို့ ရှိနေပါသော ဆေးရုံများသို့ သွားရောက်လေ့လာ ကွင်းဆင်း ကြည့်ရှု စစ်ဆေးနိုင်ပါသည်။ ဝေဒနာတစုံတရာကို အပြင်းအထန်ခံစားဖူးသူများ သိရှိကြပေလိမ့်မည်။ ပြင်းထန်လွန်းသောဝေဒနာကိုခံစားနေရပြီး အနည်းငယ်သော ဝေဒနာ သက်သာချိန်ကလေးကို လောကအပျော်အပါးမျိုးစုံရှိသည့်အနက် မည်သည့်အပျော်အပါးနှင့်မျှ မလဲနိုင်ကြောင်းကို သိရှိကြပေမည်။ ဝေဒနာအပြင်းအထန်ခံစားရပြီးမှ အလုံးစုံပျောက်ကင်းချမ်းသာလာသော လူတစ်ယောက်သည် ထောင်သွင်းအကျဉ်းချခံထားရသော နေရာမှ လွတ်မြောက်လာသော လူတစ်ဦးထက်ပင် ပိုမို ပျော်ရွှင်နေမည်မှာ အမှန်ဖြစ်ပေသည်။ ထိုသူသည် ထိုအချိန်မှ စတင်ကာ ကျန်းမာရေး၏ ကောင်းမွန်သောအရသာကို နားလည်သဘောပေါက်သွားခြင်းဖြင့် ကောင်းမွန်သော ကျန်းမာခြင်းစည်းစိမ်ကို ခံစားပေတော့သည်။
Image from google
သို့ဖြစ်ပါသောကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်နိုင်ကြပါရန်အတွက်လည်းကောင်း၊ ကျန်းမာရေးအား အလကား အဖိုးမတန် အဖြစ်သို့ မရောက်ရှိစေရန်အတွက်လည်းကောင်း တိုက်တွန်းအကြံပြုလိုက်ပါသည် ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ....
ကောင်းမွန်သော ကျန်းမာရေးကို ကိုယ်စီ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ....
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-10-2017(Wednesday)