ကျန်းမာရေးအတွက် အကောင်းဆုံးနည်း

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


ယခုစာများသည် အလွန်တန်ဖိုးကြီးမားလှသော အကြောင်းတရားတစ်ခုဖြစ်ပါသည်။ သို့သော် လူအများစုသည် အသုံးမပြုကြဘဲနှင့်
အသက်ရှင်နေထိုင်ကြပေသည်။ အလွန်တရာတန်ဖိုးကြိးမားလှသော်လည်း ငွေကြေး တစ်စုံတစ်ရာ ပေးရခြင်းမရှိသော တန်ဖိုးကြီးမားသည့်အရာဖြစ်ပါသည်။ စိတ်ဝင်စားလျှင် ဆက်လက် ဖတ်ရှုသင့်ပါသည်။ ကျန်းမာရေးကို အကျိုးရှိတဲ့ ရယ်မောခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေးကို အကျိုးများစေတဲ့ ရယ်မောခြင်း၊ ရုပ် နှင့် စိတ်ကို ကောင်းကျိုးရရှိစေနိုင်သော ရယ်မောခြင်း ကောင်းကျိုးတွေ အမျိုးမျိုးပေးနိုင်ပြီး ငွေကြေးလည်း တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုသည့် ထိုကဲ့သို့သော အရာတစ်ခုကို အချို့လူတွေဘာကြောင့် မလုပ်နိုင်ကြသလဲမသိပါ။ မျက်နှာထားတင်းတင်းနဲ့ နေတတ်ကြသည်။ အခြားသူများကို ဂရုမစိုက်တတ်သော ပုံစံမျိုးဖြင့် နေတတ်ကြသည်။ တစ်ယောက်တည်း ငေးငေးငိုင်ငိုင် မှိုင်တွေတွေနေတတ်ကြသူတွေ အများအပြားတွေ့ ရပါ သည်။ ထိုသူတို့သည် လူဖြစ်ရှုံးသည်ဟုပင်ထင်မိပါသည်။ ရယ်တယ်ဆိုတာ စိတ်လက်ပေါ့ပါး လန်းဆန်းတတ်ခြင်းတစ်ခုတည်းနှင့်ပင် ရယ်မောရခြင်းအတွက် ထိုက်တန်နေပြီဖြစ်သည်။ နောက်ဆက်တွဲ အကျိုးကျေးဇူးများစွာ ကျန်ရှိနေခြင်းက ပိုပြီးရယ်မောနိုင်ကြမည်ဖြစ်ပါသည်။ ဒါပေမယ့် အချို့သောသူများက အဘယ်သို့ကြောင့် မရယ်မောနိုင်ကြပါသနည်း။ စိတ်ပင်ပန်း စိတ်ဖိစီးမှုတွေများနေကြသောကြောင့်လား။ အဲဒီလိုဆိုရင်တောင် ဟက်ဟက်ပက်ပက် ရယ်မောသင့်တယ်လို့ထင်ပါတယ်။ အားရပါးရ ရယ်မောသင့်တယ်လို့ ထင်ပါတယ်။ စိတ်ဖိစီးမှုများ၊ စိတ်ပင်ပန်းနွမ်းနယ်နေမှုများ အဝေးသို့ ပြေးထွက်သွားကြမည်ဖြစ်ပါသည်။ အချိန်တိုင်း ရယ်မောနေလျှင်လည်း အရူးဟု သတ်မှတ်ခံရနိုင်သည်ကိုလည်း သတိပြုကြပါ။


02.png

Image from google


ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော စာများတွင် ရယ်မောခြင်းအကြောင်းလည်း ပါဝင်တတ်သည်ကို တွေ့ရပါသည်။ “ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်” ဆိုသောစာအား မကြာခဏတွေ့မြင်ရပါသည်။ ထိုစာသည် အဖိုးထိုက်တန်သော ဆေးတစ်ခွက်အား ငွေကုန်ကြေးကျ မရှိပါပဲနှင့် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူ ပြုဖြစ်စေနိုင်ကြောင်း သိသာလှပါသည်။ မည်သည့်ရောဂါများအတွက်ဟု ညွှန်းဆိုထားခြင်း မရှိခြင်းကပင်လျှင် ရောဂါအများစုအား ပျောက်ကင်းချမ်းသာနိုင်ကြောင်း ဖော်ပြထားသကဲ့သို့ ပင်ဖြစ်ပါသည်။ ရယ်မောခြင်းက ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေကြောင်း သိသာလှပါသည်။ စိတ်ပါ လက်ပါ အားရပါးရ ရယ်လိုက်လျှင် ခန္ဓာကိုယ်တစ်ကိုယ်တွင်ရှိသည့် အကြောများအားလုံး လျော့ကျသွားသကဲ့သို့ ပေါ့ပါးလန်းဆန်းသွားတတ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။ ရယ်မောခြင်းကြောင့် ကိုယ်ခန္ဓာအတွက် အသက်ရှုခြင်းလုပ်ငန်းများအား ပိုမိုကောင်းမွန်စေ ကြောင်း ဖော်ပြကြပါသည်။ အသက်ရှုခြင်းလုပ်ငန်းက ခန္ဓာကိုယ်အတွက် အရေးပါသော အရေးကြီးသော လုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါသည်။ အသက်ရှုခြင်းလုပ်ငန်းကောင်းမွန်သောကြောင့် သွေးလည်ပတ်မှုလည်း ကောင်းမွန်လာသည်ဟု ဆိုကြပါသည်။


03.png

Image from google


လူမှုဆက်ဆံရေးနယ်ပယ်တွင် ရယ်မောတတ်သောသူများသည် ဆွဲဆောင်မှုရှိကြကြောင်း ဖတ်ရှုရပါသည်။ ရယ်စရာစကားလေးများအား ပြောဆိုသင်ကြား တတ်သော ဆရာများထံတွင် ပညာသင်ကြားကြရသော ကျောင်းသားများသည် ပိုမိုတတ်မြောက်လွယ်ကြသည်ဟုလည်း ဆိုကြပါသည်။ ဟာသဥာဏ်ရွှင်သောသူများအား လူချစ်လူခင်ပေါများတတ်ပါသည်။ ထို့ကြောင့် ကျောင်းသား သို့တည်းမဟုတ် အခြားသော သင်တန်းများတွင် သင်ကြားပို့ချပေး နေကြရသော ဆရာ ဆရာမများအနေဖြင့် ဟာသလေးများ ပြောကြားရင်း ပညာသင်ကြားပေး ကြလျှင် ပိုမိုအောင်မြင်နိုင်ကြောင်း မှတ်သားနိုင်ပါသည်။ ပိုမိုအကျိုးရှိစေသကဲ့သို့ ပိုမိုရင်းနှီးမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ ရုပ်တည်ကြီးဖြင့် မှုန်ကုတ်ကုတ်နေတတ်သူများထက် ပြုံးရွှင်သောမျက်နှာထားရှိသူများအား လူအများစုမှ ပိုမိုခင်တွယ် နိုင်ကြမည်ဖြစ်ပါသည်။ မှုန်ကုတ်ကုတ်နေတတ်သူ၏ အနားတွင် မည်သူမျှ မနေချင်ကြသကဲ့သို့ ထိုမှုန်ကုတ်ကုတ်နေသူအား မည်သူမျှ စကားမပြောဆိုချင်ကြကြောင်း သိနိုင်ပါသည်။ ပြင်းပြင်း ထန်ထန် ရယ်မောခြင်းသည် ပြင်းပြင်းထန်ထန် အားကစားလေ့ကျင့်ခန်းလုပ်သည်နှင့် အတူတူ ပင်ဖြစ်သည်ဟု ဆိုကြပါသေးသည်။ ဟုတ်မဟုတ်တော့ သေချာမသိပါ။ သေချာသည့်ကိစ္စတစ်ခုက ပြင်းပြင်းထန်ထန် ရယ်မောလျှင် ခန္ဓာကိုယ်အတွင်းမှ ကလီစာများ လှုပ်ရှားကြရခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် အတွင်းကလီစာများအား လေ့ကျင့်ခန်းလုပ်သည် နှင့်တူပါသည်။ ဗိုက်သားများ နာကျင်လာတတ်သည်ကို ကြုံတွေ့ဘူးကြလိမ့်မည်ထင်ပါသည်။ “ရယ်ရလွန်းလို့ အူတောင်နာတယ်” ဆိုသော စကားသည် ထိုအတွက်ပင် ရည်ညွှန်းပြောဆို ကြခြင်းဖြစ်မည်ထင်ပါသည်။


05.png

Image from google


ရယ်မောပေးခြင်းသည် ခန္ဓာကိုယ် အလေးချိန်လျော့ချနိုင်သည်။ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကာယလေ့ကျင့်ခန်း ပြုလုပ်သကဲ့သို့ ခန္ဓာကိုယ်အား အထောက်အပံ့ပေးသည်။ နှလုံးသွေးစီးဆင်းမှုကို အထောက် အကူဖြစ်စေသည်။ စိတ်ဓာတ်ကျစေသော စိတ်ကျရောဂါအား သက်သာစေသည်။ နာကျင်မှု အား သက်သာစေသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ ဥာဏ်ရည်တိုးတက် ထက်မြက်စေသည်။ ကိုယ်တွင်း ကလီစာများအား တိုးတက်သန်မာစေသည်။ များလိုက်တာနော်။ ပိုက်ဆံမကုန်ရပါဘဲနှင့် အလွယ်တကူကျန်းမာစေသော နည်းစနစ်တစ်ခု ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ အလွန်ကောင်းမွန်သော နည်းစနစ်အား လစ်လျူရှုပြီး မျက်မှောင် ကျုံ့ကာ မှုန်ကုတ်ကုန် နေတတ်သူများသည် သနားစရာကောင်းလွန်းနေပေသည်။ အိပ်ယာ ပေါ်တွင်လဲ နေရသူကိုပင် ရယ်မောခြင်းက ထူထောင်လာစေနိုင်လောက်ပေသည်။ သီးသန့် အချိန်ပေး လေ့ကျင့်ခန်းဆင်းနေရသည်လည်းမဟုတ်။ နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေရင်း မိမိတို့နှင့် ဆက်ဆံရသည့် လူများအား ရယ်မောပြခြင်းဖြင့်ပင် အလွန်အကျိုးရှိနိုင်ပေသည်။ ကျန်းမာရေး၊ လူမှုရေး အကျိုးဖြစ်ထွန်းစေသည့် ရယ်မောခြင်းဖြစ်ပါပေသည်။


04.png

Image from google


မျက်မှောင်ကြုတ်သည့်အကျင့် မှုန်ကုတ်ကုတ်နေတတ်သည့်အကျင့်တို့သည် ရယ်မောခြင်း နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်ပါသည်။ ကျွန်တော်သည် ယခင်အချိန်များစွာက မျက်မှောင်ကြုတ်ခြင်း ကြောင့် မျက်ခုံးနှစ်ခုကြား တွင် အရေးအကြောင်းသည် ထင်ရှားသိသာလှပေသည်။ ယခုအခါ တတ်နိုင်သမျှ မျက်မှောင်ကြုတ်ခြင်းကို မပြုလုပ်မိစေရန်လည်း ရှောင်ရှားနေထိုင်ပေသည်။ သို့သော်လည်း စိတ်ရှုတ်သည့်အချိန်တိုင်းတွင်မူ မျက်မှောင်ကြုတ်နေမိတတ်သည်ကို သတိမမူ မိတတ်ချေ။ မျက်မှောင်ကြုတ်ခြင်းသည် လူတို့အား အိုမင်းရင့်ရော်ခြင်းကို လျင်မြန်စွာဖြစ်ပေါ် စေတတ်ပါသည်။ နောက်များတွင် မျက်မှောင်ကြုတ်ခြင်းအကြောင်းအား သီးသန့်ရေးသားပါဦး မည်။ ရယ်မောခြင်း၏ အကျိုးကျေးဇူးများသည် များပြားလှသကဲ့သို့ လူတို့အား နုပျိုစေပါသည်။ ရယ်မောခြင်းသည် ကောင်းမွန်ပါသည်ဟု ရေးသားထားခြင်းအား ဖတ်ရှုရသဖြင့် မရယ်ချင် ရယ်ချင်လုပ်ကာ လူများအား ရယ်ပြပါကလည်း ပြောင်စပ်စပ်မျက်နှာထား ပေါ်ကာ အမြင်ကတ်ခြင်းကို ခံရနိုင်ကြောင်းကိုလည်း သတိပြုဆင်ခြင်ကြပါ။ အမှန်တကယ် လှိုက်လှိုက် လှဲလှဲ ပြုံးခြင်း၊ ရယ်မောခြင်းသည် ဆွဲဆောင်မှုအားကောင်းစေသည်ဖြစ်သော်လည်း စိတ်မပါ လက်မပါ ပြုံးခြင်း၊ ရယ်မောခြင်းသည်ကား လူတိုင်းသိနိုင်သည့်အချက်တစ်ခုဖြစ်ပါသည်။ ယခင်အချိန်များက မပြုံးခဲ့၊ မရယ်ခဲ့ကြရပါမူ ယခုအချိန်မှစပြီး ပြုံးရယ်နိုင်အောင် ကြိုးစားကြပါကုန်။ ထို့ကြောင့် မိမိတို့၏ ဘ၀ခရီးလမ်းတွင် ကျန်းမာ ပျော်ရွှင် အောင်မြင်စေရန်၊ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား အမျိုးသမီးများဖြစ်စေကြရန်အတွက် လှိုက်လှိုက်လှဲလှဲ ပြုံးရွှင် ရယ်မော ကြပါစို့လို့ အကျိုးမျှော်ကာ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ရပါသည်။


Untitled-1.png


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-Mar-2018 စနေနေ့(Saturday)