ကျန်းမာရေးအတွက်ကိုယ်လက်လှုပ်ရှားကစားပါ (Do Exercise For Health)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။
The greatest wealth is health.
ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။
Heath is the better than wealth.
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။
Prevention is better than cure.
Image from google
လူ့လောကကြီးတွင် ****ချမ်းချမ်းသာသာ မနေချင်သူမရှိ။**** ****ကျန်းကျန်းမာမာ မနေချင်သူမရှိ****ဟု ထင်ပါသည်။ ချမ်းသာရန်အကြောင်းများကိုသာ အသည်းအသန် လိုက်ရှာသူကသာ များပြားနေမည်ထင်ပါသည်။ ကျန်းမာရန်အတွက် အချိန်ပေး လုပ်ကိုင်နေသူတော့ နည်းပါးမည်ထင်ပါသည်။ လူတိုင်း လူတိုင်းသည် အသက်ရှည်ရှည်နေချင်သူများသာဖြစ်ကြမည်ထင်ပါသည်။ အသက် တိုတိုလေးနှင့် လူ့လောကကြီးကိုစွန့်ပယ် သွားလိုသူများရှိမည်ဟုတော့မထင်မိပါ။ သို့သော် ရှိချင်လည်း ရှိနေနိုင်ပါ သည်။ ယခုခေတ်အခါကာလတွင် မိမိတို့ကိုမိမိ သေကြောင်းကြံစည်နေကြသူများ၊ သေသွားကြရသူများကိုလည်း ကြား မြင် တွေ့နေရပါသည်။ မိမိကိုယ်တိုင်က သေချင်နေသောသူများကတော့ ယခုရေးသားထားသော အကြောင်းအရာများကို မဖတ်ပဲကျော်ချင်ကျော်သွားနိုင်ပါသည်။ ဖတ်လည်း အသုံးဝင်တော့မည်မဟုတ်သောကြောင့် မဖတ်ပဲနေခြင်းက ပိုမိုကောင်းမွန်ပါမည်။ ဖတ်လိုက်သဖြင့် သတ်သေချင်စိတ်မပေါက်ပဲ သေချင်စိတ်ပျောက်သွားလျှင်တော့ တာဝန်မယူပါ။ မိမိကိုယ်မိမိ သတ်သေချင်သူများ ယခုစာများအား မဖတ်ရ။ ဘယ်သူတွေများ သေချင်နေသည်လဲတော့ မသိပါ။ အသက်ရှည်ရှည်နေချင်သေးသူများသာဖတ်ကြပါ။ ဒုက္ခများတဲ့ လောကကြီးမှာ မနေချင်တော့သူများမဖတ်လည်းကိစ္စမရှိတော့ပါ။(မဖတ်ပဲ ကျော်သွားသူများသည် သေချင်စိတ် ပေါက်နေသူများသာဖြစ်လတ္တံ)
Image from google
မြန်မာလူမျိုးတိုင်းကတော့ "အသက်ကလေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို"ဆိုသောစကားကို ကြားဖူးကြပါ မည်။ သို့သော် အသက်ရှည်ရန်မည်သို့နေထိုင်ကြမည်ကိုတော့ စဉ်းစားကြသူနည်းပါးပါလိမ့်မည်။ မန်းတောင်ရိပ် မှာခိုနေရုံနှင့်တော့ အသက်ကလေးကရှည်လာမည်မဟုတ်ပါ။ ယနေ့ခေတ်ကာလသည် နေ့စဉ်ဘေးအန္တရာယ်များ နှင့် ရင်ဆိုင်နေကြရသောကာလဖြစ်နေပြီဖြစ်ပါသည်။ ကြေးမုံ၊ မြန်မာ့အလင့်း စသည်ဖြင့် သတင်းစာများ၏ နာရေး ကြော်ငြာကဏ္ဍတွင် ၀င်ရောက်ကြည့်ရှုလျှင် နေ့စဉ်လူအများအပြား သေဆုံးနေသည်ကို အလွယ်တကူ တွေ့မြင်ကြရပေသည်။ တစ်ခါတစ်ရံဆိုလျှင် စာမျက်နှာအပြည့်ပင်ပါလာတတ်ကြပါသည်။ အသက်ကြီး၊ အသက်ငယ်စသည်ဖြင့်မခွဲခြား သေဆုံးနေကြပေသည်။ သေခြင်းတရားသည်ကား အသက်ကြီးသည် ငယ်သည် ခွဲခြားနေသည်မဟုတ်ပါချေ။ အရွယ်စုံ ဆိုဒ်စုံ သေဆုံးနေကြသည်မဟုတ်ပါလားခင်ဗျာ။ အသက်ငယ်သေးသည် ငါမသေးနိုင်သေးဟု မမှတ်ယူသင့်။ သေချိန်တန်လို့ မီးဇာကုန် ဆီခမ်းကာ သေဆုံးကြရသည်ကိုတော့ မည်သူမျှ မတတ်နိုင်ကြပါ။ အချိန်မတန်ခင် ကြွေလွင့်မသွားကြရန်သာ ကြိုးစားသင့်ပါသည်။ ထိုသို့ အကြွေမစောကြစေရန် အတွက် အဓိကပြောကြားလိုခြင်းသာဖြစ်ပါသည်။ မန်းတောင်ရိပ်ကိုသွားခိုစရာမလို။ မိမိတို့၏အရိပ်မှာပင်နေထိုင် ပြီး ကျန်းမာရေးကောင်းကောင်း အသက်ရှည်ရှည် နေထိုင်နိုင်ကြပါသည်။ ဘာတွေကို ဘယ်လိုလုပ်ရမှာလဲ။ ထွေထွေထူးထူး ပင်ပင်ပန်းပန်းလုပ်ကိုင်နေကြရမည်မဟုတ်ပါ။ ကျန်းမာရေးဆိုသောလာဘ်ကြီးတစ်ခုကို ပိုင်ဆိုင် ရန်အတွက် မိမိတို့ပိုင်ဆိုင်နေသည့် အချိန်များထဲမှ အစားအသောက်ကို အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ကျန်းမာရေးလေ့ကျင့်ခန်းလေးများပြုလုပ်ပေးခြင်းဖြင့် အလွယ်တကူ ရရှိနိုင်ပါသည်။
Image from google
မိမိတို့၏ အသက်အရွယ်အလိုက်ပြုလုပ်သင့်သော လေ့ကျင့်ခန်းလေးများကို ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်ကြပါသည်။ လေ့ကျင့်ခန်းသည်လည်း အသက်အရွယ်အလိုက် သင့်လျော်သော လေ့ကျင့်ခန်းလေးများကိုသာ ပြုလုပ်သင့်ပါ သည်။ သင့်လျော်သောလေ့ကျင့်ခန်းဟု ဆိုရာတွင် အသက်အရွယ်နှင့်သက်ဆိုင်ပါသည်။ ကလေးအရွယ်များသည် လျင်မြန်သွက်လက်မှုနှင့် ပြုလုပ်ရသော လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ အများနှင့် စုပေါင်းကစားခြင်း၊ အုပ်စုလိုက် လှုပ်ရှားဆောင်ရွက်စေခြင်းတို့သည် ငယ်ရွယ်သော ကလေးသူငယ်များနှင့် သင့်လျော်မည် ထင်ပါသည်။ စိတ်ဓာတ်ဖွံ့ဖြိုးမှုအတွက်လည်းများစွာ အထောက်အကူ ဖြစ်စေပါသည်။ လူငယ် လူရွယ်များအနေ နှင့်မူ အပြေးလေ့ကျင့်ခြင်း၊ ရေကူးခြင်း၊ ခြင်းလုံးခတ်ကစားခြင်း၊ ဘောလုံးကန်ခြင်း၊ ကိုယ်ခံပညာကစားပေးခြင်း စသည့်အင်အားစိုက်ထုတ် ရသောလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်လှပေသည်။ ကျန်းမာရေးလေ့ကျင့်ခန်းမရှိခဲ့သူများသည် အသက် ၃၀ နှင့် ၄၀ ကျော်လျှင် သိသာလာမည်ဖြစ်ပါသည်။ အသက် ၆၀ ကျော်သူ များက ဘောလုံးကန်ချင်နေလို့မရနိုင်ပါ။ အသက် ၆၀ ကျော်လွန်သွားသူများသည် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများ အားပြုလုပ်သင့်ပါသည်။ လျင်မြန်ဖြတ်လတ်မှု နှင့် ခွန်အားများ ယုတ်လျော့သွားပြီဖြစ်ပါသဖြင့် လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစွာ အထောက်အကူပြုနိုင်ပါသည်။ လမ်းလျောက်ရင်းဖြင့် ကားတိုက်ခြင်းသည် လေ့ကျင့်ခန်းနှင့်တော့မဆိုင်ပါ။ သူ့သဘောသူဆောင်သွားခြင်းသာဖြစ်ပါသည်။ သို့သော် ယခုခေတ်ကာလတွင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်သည့် ၀န်ဆောင်မှုများ ရှိနေပြီဖြစ်ရာ အလွယ်တကူ သွားေ၇ာက်လေ့ကျင့်နိုင်ကြပြီဖြစ်ပါသည်။ ငွေကြေးအကုန်အကျတော့ရှိပါမည်။ လူငယ် လူကြီးအားလုံးတို့အတွက် ပိုမိုအဆင်ပြေစေပါသည်။ ထိုသို့ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် ကိုယ်ကာယအားများတိုးတက်လာသကဲ့သို့ ဥာဏစွမ်းရည်များလည်း ဖွံ့ဖြိုးလာနိုင်ပါသည်။
Image from google
အသက်အရွယ်မရွေးလုပ်ဆောင်နိုင်သော လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့်ပင် မိမိတို့၏ ကိုယ်အား ဥာဏ်အားများကို တိုးတက်ဖွံ့ဖြိုးစေနိုင်ပါသည်။ မလှုပ်မရှား ထိုင်ခုံတွင်ထိုင်နေခြင်းသည် ရောဂါများအား လက်ယပ်ခေါ်နေသည်နှင့်တူပါသည်။ ယခုခေတ်တွင် လှုပ်ရှားမှု ပိုမိုအားနည်းလာကြသည်ကို တွေ့ရပါသည်။ အိမ်မှ မိဘများက လမ်းတစ်ပြလောက်ကို အလုပ်ခိုင်းလျှင်ပင် ဆိုင်ကယ်ကလေးများနှင့်သာ သွားလိုကြပါသည်။ ခြေလျင်လျောက်မသွားချင်ကြတော့ပါ။ ခြေလျင်ခရီးနည်းနည်းသွားရလျှင်ပင် လူငယ်အတော် များများ ဟောဟဲ လိုက်နေကြသည်ကို မြင်တွေ့ရပါသည်။ လူငယ်တိုင်းဟုတော့ မဆိုလိုပါ။ ကျန်းမာရေးလိုက်စား သူ လူငယ်များ၊ အားကစားလိုက်စားသူလူငယ်များကိုလည်း အမြောက်အမြားတွေ့ဖူးပါသည်။ သို့သော် အများစုမှာ လေ့ကျင့်ခန်းလုပ်ခြင်းကို ဖုန်းပွတ်ရသည်လောက် စိတ်မ၀င်စားကြသည်ကား အမှန်ပင်ဖြစ်ပါသည်။
Image for google
ပစ္စည်းတစ်ခုပင်လျှင် ပျက်သွားသဖြင့် ပြင်ပါက နဂိုမူလအတိုင်း ကောင်း မကောင်း မသေချာပါ။ ကောင်းသွားသည် ဆိုဦးတော့။ မူလအသစ်အတိုင်းတော့ မဖြစ်နိုင်သည်ကို လူတိုင်းနားလည်မည်ထင်ပါသည်။ ထို့အတူတူပင် လူတို့၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ခုသော ချို့ယွင်းမှုဖြစ်ပေါ်လာပါက အကောင်းအတိုင်းဖြစ်ရန် ပိုမို ခက်ခဲပါသည်။ ပစ္စည်းများတွင် ပျက်စီးခြင်းအတွက် အပိုပစ္စည်များထုတ်လုပ်ထားကြပါသည်။ လူတို့အတွက်မူ အပိုပစ္စည်းမရှိပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်စုံတစ်ရာချို့ယွင်းပါက အလှူပေးမည့်သူရှိမှသာ အဆင်ပြေနိုင်ပါမည်။ ထို့ကြောင့် မချို့ယွင်းခင်ကပင် ပြုပြင်ထိန်းသိမ်းသင့်ပါသည်။ လေ့ကျင့်ခန်းလုပ်ရခြင်းသည် စစချင်း တွင်မူ ပျင်းနေတတ်ပါသည်။ အသားကျသွားပါက လေ့ကျင့်ခန်းမလုပ်ရသောနေ့သည်ပင် အင်မတန်စိတ်တိုင်း မကျ ဖြစ်သွားတတ်ပါသည်။ ကောင်းမွန်သောအလေ့အကျင့်ကိုစွဲသွားခြင်းတစ်မျိုးပင်ဖြစ်ပါသည်။ ဘီယာ သောက်ခြင်းကို နေ့စဉ်အချိန်သတ်မှတ်ကာ သောက်သုံးပါနေက ဘီယာမသောက်ရသောနေ့သည် ပြသနာနေ့ ဖြစ်ပါသည်။ မကောင်းမွန်သော အလေ့အကျင့်ကို စွဲသွားခြင်းပင်ဖြစ်ပါသည်။ ကောင်း၏ မကောင်း၏ ကိုတော့ မိမိတို့ ကိုယ်တိုင်သာ ဆုံးဖြတ်ပြီး မိမိတို့ကိုယ်တိုင်သာ လုပ်ကိုင်ကြရမည်ဖြစ်ပါသည်။
Image from google
ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်းသည်ကောင်းပါ၏။ ထို့ထက် ချမ်းချမ်းသာသာနှင့် ကျန်းကျန်းမာမာနေထိုင်နိုင်ခြင်း ကပိုပြီးကောင်းမွန်လှပါ၏။ ချမ်းချမ်းသာသာရှိသော်လည်း ကျန်းကျန်းမာမာ မရှိခဲ့ပါမူ ချမ်းသာသမျှစည်းစိမ်များ သည် သူတစ်ပါးအတွက်အထောက်အပံ့သာဖြစ်ကုန်ကြမည်သာဖြစ်ပါသည်။ ထို့ကြောင့် ချမ်းချမ်းသာသာနေထိုင် နိုင်ရန်အတွက် နည်းမျိုးစုံရှာကြံနေကြသကဲ့သို့ ကျန်းကျန်းမာမနေထိုင်နိုင်ရန် အတွက်လည်း အချိန်လေးပေးပြီး မိမိတို့၏ ခန္ဓာကိုယ်ကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် ရပ်နားလိုက် ရပေသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-11-2017 ကြာသပတေးနေ့(Thurssday)