တွေးမိတွေးရာ အဖြာဖြာ (The Various Thinking)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
အများနှင့်စုပေါင်းခြင်းဖြင့် လုပ်ငန်းများကိုအောင်မြင်အောင်ရွက်ဆောင်ခြင်းသည် အလွန်အရေးကြီးလှပေသည်။ မြန်မာတို့သည် တစ်ဦးကောင်း တစ်ယောက်ကောင်းများအလွန်ပင်များပြားလှပါသည်။ ထို့ကြောင့်ပင်လျှင် အသင်း အဖွဲ့များ၊ အဖွဲ့အစည်းများသည် မအောင်မမြင်ဖြစ်ခဲ့ကြရသည်ကများပြားလှပေသည်။ တနည်းအားဖြင့်ဆိုရလျှင် တစ်ကိုယ်ကောင်းသမားများသာ များပြားလှပါသည်။ မိမိတို့အကျိုးရရေးကိုသာ ဦးတည်တတ်ကြသောသူများသာ အတ္တဟိတ သမားများသာ များပြလှပေသည်။ ထို့ကြောင့်ပင် မြန်မာသည် ကမ္ဘာကို မယှဉ်နိုင်သည်မှာ မထူးဆန်း တော့ပါ။ အပေါင်းအစု နှင့်လုပ်ကိုင်နိုင်လောက်သော အသိပညာအရည်အချင်းသည် လေးဘက်သွားကလေး လောက်ပင်မရှိကြသည်ကိုလည်း မြင်တွေ့ရပေသည်။ အနာဂတ်မြန်မာအတွက် ရင်လေးစရာကိစ္စတစ်ခုဟုလည်း ထင်မြင်မိပါသည်။ အများနှင့်ပေါင်းစုပြီးမလုပ်ကိုင်နိုင်ခြင်းသည် အတ္တကြီးသောကြောင့်သာဖြစ်မည်ပင်။ အဘယ့်ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟု ကြွေးကြော်နေကြသော လူအများသည် ဗုဒ္ဓလမ်းစဉ်နှင့်ဖီလာ ဆန့်ကျင်သောအလုပ်များကိုသာ လုပ်ကိုင်နေကြသနည်း။ ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြား ခဲ့သော တရားတော်များသည် နားထောင်ကောင်းအောင် ဟောပြောထားခြင်းဖြစ်သည်ဟု ထင်နေကြသလားမသိ။ အခြားသောသူများနှင့် ရင်ဆိုင် ယှဉ်ပြိုင် ပြောဆိုရုံသက်သက်သော စကားစုများဟု ထင်မှတ်နေကြလေသလား မသိပါ။ သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ကြဉ်ပါ သီလ၊ သူ့ဥစ္စာမခိုးဟူသော သီလသည် ပြောရုံသက်သက်ဖြင့် ပြီးမြောက်မည်လား။ ထိုအရာတို့သည် လူတိုင်းအတွက် ရှိသင့်ရှိထိုက်သော အခြေခံများဖြစ်ပါလျက်နှင့် ပါးစပ်သာအသုံးပြုခြင်းတွင်သာ လမ်းဆုံးနေကြပေသည်။
Image from google
မတတ်သောသူအား သင်ကြားပေးချင်သူ အများအပြားရှိမည်ပင်။ သို့သော် တတ်ယောင်ကားများကိုမူ မည်သူမျှ အဖက်လုပ်လိုကြမည်မဟုတ်ပါ။ အရေးအရာလုပ်မည်မဟုတ်ပါ။ မည်မျှပင်တော်သော သူခိုးဖြစ်စေကာမူ သူခိုးသည် သူခိုးသာဖြစ်မည်ပင်။ တော်လွန်းသောကြောင့် သူခိုးသည် အရာရှိကြီးဖြစ်လာမည်မဟုတ်ပါပေ။ ဖြစ်လာစေဦးတော့ ထိုသူခိုးအရာရှိကြီးသည် လူရှေ့သူ့ရှေ့ တွင် ကျွန်တော်သည် တစ်ချိန်က သူခိုးတစ်ဦးဖြစ်ပါသည် ဟု ၀န်ခံနိုင်ရန် အင်မတန်ခက်ခဲမည်ဖြစ်သည်။ သူခိုးအရာရှိဟု သိသူများက လေးစားရန်မဆိုထားနှင့် အိမ်အလည်ခေါ်ချင်သူရှိမည်မထင်ပါ။ ခိုးတတ်သောအကျင့်ရှိသောကြောင့် သူခိုးဟု အမည်တပ်ခံရခြင်းဖြစ်ရာ မိမိတို့ဥစ္စာပစ္စည်းများအားလည်း ခိုးယူမည်စိုးရိမ်မည်မှာ အမှန်ပင်ဖြစ်ပါသည်။ ခိုးတတ်သည့် သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါမူ မိမိအိမ်သို့ အလည်ခေါ်လိုကြမည်မဟုတ်ပါ။ ထို့အတူ ဓားပြသည် ဓားပြသာဖြစ်ပါမည်။ ပြုပြင်နိုင်သူအနည်းငယ်ရှိမည်ဖြစ်သော်လည်း လူသေသွားသည်အထိ အကျင့်ကို မပြင်သူကသာ များပြားလှပါသည်။ မီးခဲသည် ရဲရဲတောက်နေသောအချိန်တွင် ကိုင်တွယ်မိပါက လက်ကိုအပူ လောင်တတ်သကဲ့သို့ မီးငြိမ်းသွားသောအချိန်တွင် ကိုင်တွယ်မိပါကလည်း မိမိတို့၏လက်အား ညစ်ပတ်စေသည်ကို လူတိုင်းသိမည်ဖြစ်ပါသည်။ လူဆိုး၊ သူခိုးတို့သည်လည်း ထို့အတူပင်ဖြစ်ပါမည်။ တလွဲဆံပင် ကောင်းနေသူများ သနားစရာကောင်းလှပေသည်။ မြန်မာလူမျိုးအများစုသည် တလွဲဆံပင်ကောင်းနေကြ သည်ကိုလည်း အမြဲပင်မြင်တွေ့နေကြရပါသည်။
Image from google
"ပညာရှိသောသူနှင့်အတူနေပြီး အသိအလိမ္မာ ဥာဏ်ပညာမရှိဘဲ နေသောသူသည် ရေအိုင်၏ ကမ်းနားတွင်နေပြီး ရေငတ်နေသောသူနှင့် တူ၏။ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှု တစ်ခုဖြစ်ပေသည်။"
"မိမိကိုယ်တိုင် အသေအချာ နားမလည်သေးသောတရားကို သူတစ်ပါးအား ဟောပြောပြသရန် အားထုတ်သောသူ သည် အကန်းကို လမ်းပြသော အကန်းနှင့်တူ၏။ ၀မ်းနည်းဖွယ်ရာ ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပေသည်။"
"လူမိုက်များသည် ရေပေါ်မှတွင် ထကြွလှုပ်ရှားသည့် လှိုင်းများနှင့်တူကုန်၏။ သူတို့လုပ်သမျှအလုပ်တို့သည် လျင်မြန်စွာ ပျောက်ကွယ်သွားကြကုန်သောကြောင့်ဖြစ်ပေသည်။"
"ပညာရှိသော နူးညံ့သိမ့်မွေ့ရောင့်ရဲတင်းတိမ်တတ်ပြီး ဖြောင့်မတ်သောသူဆင်းဆင်းရဲရဲ အတူနေရခြင်း၊ ပေါင်းဖော်ရခြင်းသည် ဆုံးမ မရသော ရှင်ဘုရင် နှင့် ပေါင်းဖော်ရခြင်းထက် အလွန်ကောင်းမွန်လှပေသည်။"
"ပညာရှိ သူတော်ကောင်းများလုပ်သောအလုပ်တို့သည် ကျောက်တုံး ကျောက်ဆောင်များပေါ်တွင် ထွင်းထုထား သောအရာများနှင့်တူကုန်သည်။ သူတို့ပြုလုပ်သော အသေးငယ်ဆုံးသော အလုပ်တို့သည် ကာလရှည်ကြာစွာ တည်တံ့ကုန်သောကြောင့်ဖြစ်လေသည်။"
"ကျောက်ဆောင်မှ ပဲ့တင်သံသည် ပြန်လည်ရိုက်ခတ်ခြင်းကြောင့် ပြောဆိုသောသူထံသို့ မချွတ်ဧကန် ပြန်လာကြ ပေလိမ့်မည်"
"သင်ပြုသောကံ ပဲ့တင်သံ မလွဲ သင့်ထံ ပြန်လာမည်"
အထက်ပါစကားစုများသည် တိုတောင်းသော်လည်း အလွန်တန်ဖိုးရှိသော စကားလုံးများဖြစ်ကြောင်း လူတိုင်းသိကြပေမည်။ သို့သော် လိုက်နာကျင့်သုံးရမှန်းတော့မသိကြလေရော့သမလား။ ကျင့်သုံးသူ လိုက်နာသူ အင်မတန် နည်းပါးပေလိမ့်မည်။ နည်းနည်းလိုက်နာသူ နည်းနည်းအကျိုးရှိသည့်စကားများဖြစ်ပေသည်။ မမှားယွင်း သော စကားများဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုစကားများအား ပြောကြားထားသူတို့သည် အသိဥာဏ်ပညာ အမျှော်အမြင်ကြီးသောသူများသာဖြစ်သောကြောင့်ပင်။ ထိုသို့သောစာများ၊ စကားလုံးများကို ဖတ်ရုံသာဖတ်ကြကုန်သည်ဖြစ်၏။ ပြုကျင့်ရန်ကား စိတ်ကူးမျှပင်မထည့်တတ်ကြသောကြောင့် လူမျိုးစုတစ်စုလုံး နိမ့်ကျသောဘ၀မှမတက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းရာချီသွားခဲ့ပြီဖြစ်ပေသည်။ ထိုသို့တန်ဖိုးရှိသော စာများအား လျစ်လျူရှုခြင်းဖြင့် "ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်" ဟုစိတ်ထားများဖြင့် မိသားစုတစ်စုကိုပင် နိုင်အောင် ထိန်းနိုင်မည်မဟုတ်သည်မှာသေချာပါသည်။ ငါထင်တာ ငါလုပ်မည်ဆိုသောစိတ်သည် အတ္တ ဖြင့်ရပ်တည်ခြင်းကို ပြသနေမည်ဖြစ်ပေသည်။ လူအများနှင့် အတူလုပ်ကိုင်နေသူများသည် ထိုသို့သာစိတ်များကို ထားရန်မသင့်လျော် ပါချေ။ လူအများစု နှင့်အတူနေသူမှန်သမျှတို့သည် အများကို ငဲ့ရစမြဲပင်။ အများကိုငဲ့ရသောအခါတွင် စည်းကမ်း နှင့်မကင်းနိုင်ဖြစ်လာပေသည်။ စည်းကမ်းဆိုသည်မှာလည်း အများအကျိုးအတွက် မရှိမဖြစ်ပေ။ စည်းကမ်းမရှိပါက မိမိတို့၏အသက်ပင်လျှင် ရှင်သန်ရန်မဖြစ်နိုင်တော့ကြောင်း သတိပြုသင့်လှပေသည်။ အသိဥာဏ်ဖြင့် စည်းကမ်းတကျ စားသောက်နေထိုင်ခြင်းမပြုပါက သေချာပေါက် အသက်အန္တရာယ်ဖြစ်ပေမည်။
Image from google
စားချင်တာ စားမယ်။ စားပါ။ သွေးတိုးရှိသူ မတည့်သောအစာစား မြန်မြန်သေပါမည်။ စည်းကမ်းမရှိ စားချင်တိုင်း စားမရပါ။ စစ်ကိုင်း နှင့် မင်းကွန်းသွားသောလမ်းမတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များအား ယခုအချိန်ထိမှတ်မိနေဆဲဖြစ်ပါသည်။ ယခုလည်းချိတ်ဆွဲထားအုံးမည်ထင်ပါသည်။ ဘာကိုရေးပီး ချိတ်ထားပါသနည်း။ ရေးထားသောစာမှာ ရှင်းပါသည်။ "မြန်မြန်မောင်း မြန်မြန်သေ" ဟူသောဆိုင်းဘုတ်လေးများဖြစ်ပေသည်။ ဆိုင်ကယ်စီးနင်းသူများမှာ အမောင်းကြမ်းလွန်းသဖြင့် ချိတ်ဆွဲထားသောစာများဖြစ်လေသည်။
ဘာမှမဖြစ်လျှင်တော့ ဘာမှမဖြစ်ပါ။ ဖြစ်လျှင်တော့ မည်သူမျှမကယ်နိုင်ဖြစ်ရပေမည်။ နေရာ ဌာန အသီးသီးတွင် သူတို့နှင့်သင့်လျော်ရာ စည်းကမ်းများ ချမှတ်ထားကြရသည်သာဖြစ်သည်။ လူအများ၏အကျိုးစီးပွားအလို့ငှာ ဖွဲ့စည်းထားသောအဖွဲ့အစည်းများတွင်လည်း စည်းကမ်း စနစ်ချမှတ်ထားရ ပေသည်။ စည်းလုံးညီညွတ်မှုမရှိခြင်းသည် ပျက်စီးခြင်းပင်ဖြစ်ပါသည်။ ကိုယ်တိုင်အစွမ်းအစမရှိ ဘေးတိုက်လိုက် နေသူများသည် ချောက်ထဲသာကန်ချခံရမည်ဖြစ်သည်။ လူစွမ်းကောင်းသည် ဒဏ္ဍာရီသာဖြစ်သည်။ စည်းကမ်း နှင့် တာဝန်တို့သည် အိမ်ထောင်စုတစ်စုတွင်ပင် အရေးပါလှပါသည်။ ထိုသို့လိုအပ်နေသော စည်းကမ်းများ နှင့် တာဝန် များအား မထမ်းဆောင် ဘေးတိုက်ကန့်လန့်လုပ်ခြင်းသည် အဖျက်ကောင်သာဖြစ်ပေမည်။ လူအများတိုးတက် သည်ကို မနာလို ၀န်တိုနေသောအဖျက်ကောင်သက်သက်သာဖြစ်ပေမည်။ ထိုသို့သော သူများအား နေရာပေးရန် အကြောင်းမရှိ။ လက်ခံရန်အကြောင်းမရှိ။ စည်းလုံးညီညွတ်ပါမည် ပြောကြားရင်း တစ်စစီ စုတ်ပြတ် ကျိုးပဲ့နေကြ သည်။ မည်သို့တိုးတက်မည်နည်း။ မည်သို့ ကောင်းမွန်အောင်လုပ်နိုင်မည်နည်း။
စာရေးရန်အစီအစဉ်တကျ စဉ်းစားမရဖြစ်နေပေသည်။ ရေးချင်သောအကြောင်းအရာအများအပြားပင်ရှိနေသေးပါသည်။ သို့သော်လည်း မရေးတော့ချင်ပါ။ မပြောချင်တော့ပါ။ မိတ်ဆွေများနှင့်သာ လက်တွဲကာ ကျန်နေသော လမ်းကြောင်းများအား ဆက်လက်လျောက်လှမ်းပါတော့မည်။ ကန့်လန့်များအား ဆွဲခေါ်ရန်ဆန္ဒမရှိတော့ပါ။ ကျန်စစ်သားမှ စောလူးမင်းအား ပစ်ချထားခဲ့သလိုပင် စိတ်ဓာတ်ထားလိုက်ရပေတော့မည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-Jan-2018 စနေနေ့(Saturday)