တွေးမိတွေးရာ ရေးမိရေးရာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူရယ်လို့ဖြစ်လာကြတဲ့အခါမှာ မမြင်ရတဲ့ရှေ့ဘ၀ နောက်ဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေကို မသိမြင်သိလို့ မသိကြရပါဘူး။ ရှေးအတိတ်ကံကို မမြင်နိုင်တော့ ကောင်းခဲ့တာလား ဆိုးခဲ့တာလား မသိနိုင်ပါဘူး။ ဖြစ်ပြီးသားအတိတ်က ကံတွေကို သိနေခဲ့တယ်ဆိုရင်တောင် ပြန်လည်ပြုပြင်နိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ဘာလို့ဆို ပြီးသွားခဲ့ပြီကိုး။ ပြုပြင်လို့မရတော့ပေမယ့် နောက်တစ်ဖန် အမှားအယွင်းမလုပ်မိ စေဖို့ လက်ရှိဘ၀ကို ပြုပြင်နိုင်စေဘို့တော့ အသုံးဝင်မှာပါ။ တကယ်တော့ ကျွန်တော်တို့ တစ်တွေ မမြင်ရတဲ့ကံကြမ္မာဆိုတာကြီးကို ပြုပြင်ပြောင်းလဲလို့မရနိုင်တော့တာလည်း အမှန်ပါ။ ပျက်တော့မယ့်အရာကတော့ ပျက်ကိုပျက်မှာပါပဲ။ ဖြစ်တော့မယ့်အရာကလည်း ဖြစ်ကိုဖြစ်ရတာပါပဲ။ ဒါကို ကျွန်တော်တို့ ဘယ်လိုပဲတားဆီး တားဆီး မရနိုင်ပါဘူး။
Image from google
လူရယ်လို့ဖြစ်လာရမယ့် ကံကြမ္မာ ပေါ်လာတော့ လူအဖြစ်ကို ရရှိလာခဲ့ကြပါတယ်။ အဲဒီလို ရရှိဖြစ်ပေါ်လာတာကိုကလည်း ပျက်စီးဖို့သာဖြစ်လာပါတယ်။ အမေ့ဝမ်းက ကျွတ်လာစဉ် ကနေ ပြန်စဉ်းစားကြည့်မိပါတယ်။ တဖြည်းဖြည်းနဲ့ နုနယ်ရာကနေ ကြီးရင့်လာတာပဲ မဟုတ်ပါလား။ ဒီလိုကြီးရင့်ပြီး သေချိန်တန်တော့ သေကိုသေကြရတာပါ။ ဘယ်လိုနည်းနဲ့ တားတား မရနိုင်တာကအမှန်ပါ။ ခုခေတ်ကာလမှာလည်း သေခြင်းတရားကို သီးသန့် ကြည့်စရာမလိုလောက်အောင်ကို နေ့စဉ် မီဒီယာတွေကနေ သိရှိနေနိုင်တာပါပဲ။ မြင်တတ် မယ်ဆိုရင် ကိုယ်လည်း ဘယ်အချိန် ဘယ်လိုပုံစံ ဘယ်လိုနေရာမျိုးမှာ သေဆုံးသွားမလဲ။ ဒါတွေကိုလည်း မသိနိုင်ပါဘူး။ ကြိုသိနေရင်လည်း ပြင်ဆင်ချိန်လေးတော့ရနိုင်မယ်ထင် တယ်။ မသိတော့ မပြင်ဆင်နိုင်ဘူး။ ခုမြင်နေ ခဏနေ သေပြီတဲ့။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး။ တစ်ချိန်ချိန်ဆိုတဲ့ မသေမချာ မရေမရာသာ ပြောနိုင်ကြပေမယ့် သေချာတာကတော့ သေရမှာပါပဲ။ အတိအကျ ဘယ်သူမှမသိနိုင်ဘူးပေါ့လေ။ ဘုရားရှင်နဲ့ရဟန္တာများကလွဲရင်ပေါ့။
Image from google
ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ကြမလဲ။ စဉ်းစားစရာပါ။ ခုလက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကိုယ်တတ်နိုင်သလောက် ကြိုးစားထားသင့်တယ်လို့လည်း ထင်ပါတယ်။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ဒီလိုဆုံးမခဲ့တဲ့စာတွေ လည်းနည်းမှာ မဟုတ်လောက်ပါဘူး။ လက်ရှိအချိန်မှာ ကိုယ်နဲ့ဆက်ဆံနေရတဲ့လူတွေကို အကောင်းဆုံးဆိုတာတွေကိုသာပေးကြမယ်။ မကောင်းတာတွေကို မပေးဘူးဆိုတဲ့ ခံယူချက်သာထားနိုင်ရင် လူ့လောကကြီးတစ်ခုလုံး အေးချမ်းသာယာသွားနိုင်တယ်။ ဖြစ်လာနိုင်တဲ့ကံကြမ္မာတွေကို မြင်တွေ့နိုင်ဖို့ဆိုတာက ကိုယ့်အတွင်းစိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပါမှ ဖြစ်ပါမယ်။ စိတ်ဆိုတာကလည်း ကြိုးချည်ထားလို့မရလေတော့ ခက်သား ကလားဗျာ။ ကိုယ့်အတွင်းစိတ်ကို ထိန်းနိုင်ပြီဆိုရင်တော့ အေးချမ်းသွားမှာ အမှန်ပါပဲ။ လှိုင်းထနေတဲ့ရေပြင်က လူတွေရဲ့ မတည်ငြိမ်တဲ့စိတ်နဲ့အတူတူပါ။ လှိုင်းထနေတဲ့အချိန်မှာ ရေပြင်ပေါ်မှာ ဘာမှမကြည့်နိုင်ပါဘူး။ ဒီတော့လှိုင်းထနေတာကို ရပ်ဖို့အတွက် လှိုင်းထနေတဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်ပေးရမယ်။ ရေပြင်က မှန်လိုညီညာပြန့်ပြူးပြီး ငြိမ်သက်နေပြီဆိုရင်တော့ အားလုံးကို မြင်နေနိုင်ပါပြီ။ ရေပြင်မှာ ထင်ထင်ရှားရှားပေါ်နေ နိုင်ပါပြီ။ စိတ်ကလေးက ငြိမ်နေပြီဆိုရင်လည်း အားလုံးကို မြင်နေနိုင်ပါပြီ။ ရှင်းရှင်း လင်းလင်း သိနိုင်ပါပြီ။ လောကကြီးမှာ ဘယ်အရာ ဘယ်ကိစ္စမဆို မတော်တဆ ဖြစ်တယ် ဆိုတာ အလွန်ရှားပါးလွန်းလို့ မတော်တဆဆိုတာ မရှိဘူးလို့ပြောရမယ်။
"မနေ့က ဆိုတာက သမိုင်းဖြစ်သွားပါပြီ။ မနက်ဖြန် ဆိုတာကလည်း ကျွန်တော်တို့ မသိနိုင်ခြင်း ဆိုတဲ့မေးခွန်းတစ်ခုလို့ပဲထင်ပါတယ်။ ဒီနေ့ ဆိုတာကတော့ ကျွန်တော်တို့ အတွက် အကောင်းဆုံး လက်ဆောင် တစ်ခုသာဖြစ်ပါတယ်။" ဒီတော့ ဒီနေ့ ဒီအချိန်ဆိုတာ ကို ကောင်းမွန်အောင် ပြုလုပ်ကြရမှာပဲဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ တစ်တွေက ပစ္စုပ္ပန် လို့ ခေါ်ကြတယ်မဟုတ်လား။ သမိုင်းကိုလည်း လွမ်းမနေသင့်တော့ သလို မသိနိုင်ခြင်းဆိုတဲ့ မနက်ဖြန်ကို တွေးတောနေလို့လည်း ခေါင်းနောက်ရုံသာရှိမှာပေါ့။ ဒီတော့ ပစ္စုပ္ပန်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ကြရမှာပေါ့။ ပစ္စုပ္ပန်ကိုသာ အကောင်းဆုံးဖြစ်အောင် အသုံးပြုကြရမှာပေါ့။ သမိုင်းဟောင်းကြီးဆိုတဲ့ ပုံရိပ်ကြီးရဲ့ ထိန်းချုပ်ခြင်းရဲ့အောက်မှာ ရှိနေသေးသရွှေ့တော့ အသစ်ဆိုတဲ့ ထူးဆန်းအံ့သြဖွယ်ရာ တွေကို ဖန်တီးနိုင်စွမ်း ရှိနိုင်မယ်မဟုတ်တော့ပါဘူး။ ရာသီဥတုတွေ ပန်းတွေ သစ်သီးတွေ ကို အချိန်ကာလတစ်ခုနဲ့ စောင့်စားပြီးတော့ နေကြရတာပဲ။ ဇွတ်အတင်း နွေရာသီ ကို ဆောင်းရာသီဖြစ်အောင် လုပ်လို့မရနိုင်သေးသလိုပါပဲ။
Image from google
သဘာဝတရားအရ ပန်းသီးပင်က ပန်းသီးသီးမယ်။ ဘူးသီးပင်ကလည်း ဘူးသီးပဲသီးမယ်။ ဒါကသဘာဝတရားပါ။ တိုးတက်လာတဲ့ သိပ္ပံပညာနဲ့အသိဥာဏ် ပေါင်းစပ်ရောနှောပြီး ဘူးသီးနဲ့ပန်းသီးကို မျိုးရောပြီးတော့ ဘူးသီးအရွယ်လောက်ရှိတဲ့ ဘူးသီးအနံ့အရသာတွေ ပါတဲ့ ဘူးသီးပုံ ပန်းသီးကြီးတွေဖြစ်ပေါ်မလာနိုင်ဘူးလို့တော့မပြောနိုင်ပါဘူး။ ဒါက သမိုင်းမှာရှိတဲ့ ဘူးသီးကို ဘူးသီးအတိုင်းသာထားခဲ့ရင် ပန်းသီးကိုလဲ ပန်းသီးအတိုင်းထားခဲ့ ရင် ဘူးသီးလောက်ရှိတဲ့ ပန်းသီး ဘယ်ဖြစ်လာနိုင်ပါ့မလဲ။ တီထွင်ဖန်တီးတဲ့ဥာဏ်ကြောင့် သာပေါ်ပေါက်ဖြစ်ထွန်းလာနိုင်မယ်မဟုတ်လား။ စာကိုဘာရေးရမှန်း ခေါင်းထဲ မစဉ်းစား ထားမိသလို အချိန်လည်း သိပ်မရတော့လို့ တွေးမိ တွေးရာလေးတွေထဲက ရေးမိရေးရာ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မွေ့တဲ့သဘောတရားလေးတွေတော့ ပါဝင်နေနိုင်ပါတယ်လို့ပြောကြားရင်း ရပ်နားခွင့်ပြုပါခင်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
29-Mar-2018 ကြာသပတေးနေ့(Thursday)